စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, November 6, 2023

ရိက်ခာစုပါ

ရိက်ခာစုပါ
__🌺🌹🌺__

#ပုထုဇဉ်မှန်သမျှ သံသရာ့ခရီးသည်များ ဖြစ်ကြသည့်အတွက် ရိက္ခာ စုဖို့ လို၏။ ရိက္ခာစုမှ သံသရာခရီးတလျှောက် အဆင်ပြေမည် ဖြစ်၏။ ရိက္ခာ မစုလျှင် အခက်အခဲမျိုးစုံ တွေ့ရမည် ဖြစ်၏။ 

#ရိက္ခာဆိုသည်ကား အခြားမဟုတ်၊ ကုသိုလ်ကောင်းမှုပင် ဖြစ်သည်။ ကုသိုလ်ကောင်းမှုဟူသည် သုခ၏ နာမည်ပင် ဖြစ်၏။

#အကုသိုလ်လုပ်လျှင် အကုသိုလ်၏ တာဝန်ကို ကိုယ်က ယူရ၏။ ဘာကြောင့်နည်း၊ အကုသိုလ် လုပ်လျှင် အကုသိုလ်၏ မကောင်းကျိုးကို ကိုယ်က ခံယူရမည် ဖြစ်သောကြောင့်တည်း။ 

#မှန်၏။ အကုသိုလ် လုပ်ထားသည့်အတွက် ဒုက္ခမျိုးစုံ တွေ့ရ၏။ ထို့ကြောင့် ခက်ခက်ခဲခဲ ရုန်းကန်ရ၏။ ဤကား အကုသိုလ်၏ တာဝန်ကို ကိုယ်က ယူရခြင်းပင် ဖြစ်သည်။

#ကုသိုလ်လုပ်လျှင် ကိုယ့်တာဝန်ကို ကုသိုလ်က ယူသွား၏။ ဘာကြောင့်နည်း၊ ကုသိုလ် လုပ်လျှင် ကုသိုလ်၏ ကောင်းကျိုးကို ကိုယ်က ခံယူရမည် ဖြစ်သောကြောင့်တည်း။ 

#မှန်၏။ ကုသိုလ် လုပ်ထားသည့်အတွက် ဘာအခက်အခဲမှ မရှိ၊ လက်ညှိုးညွှန်ရာ ရေဖြစ်နေ၏။ ဤကား ကုသိုလ်က ကိုယ့်တာဝန်ယူထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကုသိုလ်ကောင်းမှုကို များများပြုလုပ်ရမည် ဖြစ်ပေသည်။

#သို့မှသာ မိမိတို့သည် ဘဝသံသရာ ခရီးတလျှောက်တွင် ဘေးမတွေ့ ရန်မခဘဲ နိဗ္ဗာန်တိုင်ထိ အေးအေးလူလူ လျှောက်လှမ်းနိုင်မည် ဖြစ်ပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment