စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, March 24, 2017

အခမဲ့ပေးလဲမယူပါနဲ့..

[အခမဲ့ပေးရင်လဲ မယူပါနဲ့]
____________________

(နည်းနည်းဖတ်ပြီး များများတွေးပါ)

facebook မှာ ရဟန်းသံဃာတော်တွေကို
ဝေဖန်တိုက်ခိုက်နေကြတာ တွေ့ရတော့
လွန်စွာဝမ်းနည်းမိပါတယ်။

ဝေဖန်မှု့မြောက်မြားစွာထဲကမှ တစ်ခု
ကိုပြောဆိုလိုက်ပါရစေ။

ဘုရားသာသနာတော်ကို ဘုရားသားတော်
တွေပဲဖျက်စီးလို့  ပျက်မှာဆိုတဲ့စကား

အဲဒီစကားဟာ သိပ်မှန်ပါတယ်
ဒါပေမဲ့ ဝေဖန်သူရဲ့အမြင်ကျဉ်းပုံက
ဘုရားသားတော်ဆိုတာ ရဟန်းတော်
တွေကိုပဲ သူမြင်တတ်တာကို အရမ်းဝမ်း
နည်းမိပါတယ်။

အခြေအမြစ်မရှိတဲ့စကားတစ်ခွန်းဟာ
အသိဥာဏ်နည်းပါမှု့နဲ့ ပေါင်းစပ်လိုက်တော့
အင်မတန်မှကို ကြောက်စရာကောင်းလှပါတယ်

ဗုဒ္ဓဘုရားရှင်ဟောတဲ့
ငါဘုရားသားတော်ဆိုတာ
ရဟန်းတော်တွေကိုချည်းကိုသာ ဆိုလိုသည်
မဟုတ်ပါ။ဗုဒ္ဓဘာသာဝင်တိုင်းနှင့်သက်ဆိုင်
သလို ဘုရားရှင်ရဲ့ ပရိသတ်လေးပါးလုံးနှင့်
သက်ဆိုင်ပါတယ်။

သာသနာတည်မြဲဖို့ အတွက်
ဆရာ ဒကာ ညီညွတ်ရမှု ရှိရမယ်လို့
ဘုရားရှင် ဟောကြားပါတယ်။အဲဒါကို
ပြောင်ပြန်အဓိပ္ပါယ်ယူကြည့်ရင်တော့
ဆရာ ဒကာ မညီညွတ်ရင် သာသနာ
အသက်တိုမည် သာသနာ ပျက်စီးမယ်
လို့ အဓိပ္ပါယ်ရပါတယ်။

သာသနာတော်တည်တံ့ဖို့က ဗုဒ္ဓဘာသာ
ဝင် ရဟန်း ရှင် လူ အပေါင်းမှာ တာဝန်ရှိ
ပါတယ်။တာဝန်ရှိရင် တာဝန်သိရမယ်
တာဝန်သိရင် တာဝန်ကျေအောင် လုပ်
ရမယ်။

အဲဒါကို သဘောမပေါက်တဲ့သူတွေက
သဘောပေါက်သော်လည်း မာနဖြင့်
အလျှော့မပေးလိုသူ အနိုင်ယူချင်သူ
တွေက ရဟန်းသံဃာကို တိုက်ခိုက်ချင်တာနဲ့ပဲ
ငါဘုရားသာသနာဟာ ငါဘုရားသားတော်
ရဟန်းတော်များဖျက်လို့  ပျက်မယ်ဆိုပြီး
မခိုင်လုံတဲ့အပြစ်ကို မီးမောင်းထိုး၍
ပုတ်ချပြောဆိုနေတာကတော့ လုံးဝ
သဘာဝမကျလှလို့ တွေးမိလေးတိုင်း
ဝမ်းနည်းမှုတွေ ဖြစ်ခဲ့မိပါတယ်။

ဝမ်းနည်မှုဖြစ်ရခြင်းကတော့ သြော်
ဗုဒ္ဓဘာသာဝင်ဖြစ်လျက် ရဟန်းတော်တွေကို
မကြည်ညိုတတ်သေးလို့ပါ။

မင်းတုန်းမင်းကြီးဟာ သံဃာတော်တွေကို
၁။မိန်းမ မယူတာရယ်
၂။ညစာမစားတာရယ် ဒီနှစ်ချက်နဲ့ပဲ
   သံဃာကို ကြည်ညိုသတဲ့။

တိရစ္ဆာန်ဖြစ်တဲ့ ဆဒ္ဒဆင်မင်းဟာ
ကိုယ်အသက်သတ်မည့်မုဆိုးတောင်
သင်္ကန်းကိုမြင်လို ဒေါသတွေပြေခဲ့တယ်
(တိရစ္ဆာန်အသိ တန်ဖိုးရှိ အတူယူပါလေ)

အခြေအမြစ် မရှိတဲ့စကားနဲ့ ပုပ်ချ ပြောဆို
ဝေဖန်နေတာကတော့ ပြောဆိုသူရဲ့ဉာဏ်
နည်းမှု အသိဉာဏ်နည်းပါးမှုတွေပါ။

ထိုကြောင့်
အမှာစကားလေး ပြောလိုက်ဦးမယ်။
အခြေအမြစ်မရှိတဲ့ စကားနဲ့ ရဟန်းသံဃာများ
ကို မစွက်စွဲပါနဲ့။
မခိုင်လုံတဲ့ပါဠိနဲ့ ရဟန်းသံဃာများ မရှုပ်ချပါနဲ့။
ဝိနည်းမသင်ဘူးပဲနဲ့လဲ တတ်ယောင်ကား
လုပ်ပြီး ကြားဘူးနားဝစကားနဲ့လဲ မချုပ်ကိုင်
မိပါစေနဲ့။အပြစ်ကြီးလွန်းလို့ပါ။

ရဟန်းတပါးကို ပျက်မှားပြောဆိုမိ
တာတောင် အပါယ် ငရဲရောက်သွားတဲ့
သာဓကတွေအများကြီးပါ။၎ပါး ၄ပါးထက်
လွန်လျှင် သံဃာဖြစ်တယ် အဲသလို
အုပ်စုသံဃာတွေကို ပြုမူ ပြောဆို ပျက်
မှားခြင်း သံဃာကွဲပြားအောင် လုပ်ခြင်းတွေ
ကလဲ အဝိစီငရဲသွားဖို့ လက်မှတ်ယူနေတာပါ
ဒေဝဒတ်ပဲကြည့်လေ သံဃာသင်းခွဲပြီး
အဝိစီလက်မှတ် ယူသွားတယ်ဆိုတာလေ
လူတိုင်းနီးပါး သိရှိပြီသားဖြစ်မှာပါ။

နောက်ဆုံးမှာချင်တာက
အဝိစီလက်မှတ်တွေဆိုရင်
ငွေပေးပြီးလဲ မဝယ်ပါနဲ့။
ငွေပေးခိုင်းလဲ မယူမိစေနဲ့။
ငွေးရမည်ဆိုလဲ မယူနဲ့။
အခမဲ့ပေးရင်လဲ မယူပါနဲ့ ဟု
မေတ္တာအနန္တ သမ္မာဆန္ဒ ရှေ့သွားပြုလျက်
အသိပေးတိုက်တွန်းလိုက်ပါတယ်။

သတိနှင့်ပညာတွဲသုံးပြီး
ခုဘဝ နောက်ဘဝတွေ
ကောင်းမွန်အောင် ပြု
လုပ်နိုင်ကြပါစေ။    ။

မေတ္တာဖြင့်
သုတရတနာ အရှင်ဇနိန္ဒ~ပုလဲ
သာသနာ့ ဝန်ထမ်း သားရဟန်း..

https://m.facebook.com/story.php?story_fbid=117190735484684&id=100015812740323

Tuesday, March 21, 2017

စာလုံးပေါင်းသတ်ပုံအမှန်

ဓမ္မပဒဂါထာ

*  အကြင်သူသည် ကောင်းမှုကို ကိုယ်ဖြင့်ပြုလျှင်သော်၎င်း
နှုတ်ဖြင့်ပြောလျှင်သော်၎င်း စိတ်ဖြင့်ကြံစည်လျှင်သော်၎င်း
ထိုကောင်းမှု၏ကောင်းကျိုးသည် ထိုသူ၏နောက်သို့အစဉ်
လိုက်ပါ၏။
  အရိပ်သည် လူကိုမစွန့်ပေ။ လူသွားလျှင် သွားသည့်
အလျောက်၊ ထိုင်လျှင်ထိုင်သည့်အလျောက်၊ လှုပ်ရှားလျှင်
လှုပ်ရှားသည့်အလျောက် ထိုလူ၏အရိပ်သည် ထပ်ကြပ်
မကွာ လိုက်ပါမြဲပေတည်း .................... ။

                      (ဓမ္မပဒ၊ ယမကဝဂ်၊ မဋ္ဌကုဏ္ဍလီဝတ္ထု)

* လှည်းကိုရုန်းနေသော နွား၏နောက်သို့ လှည်းဘီးသည်
အစဉ်လိုက်ပါနေ၏။ ထိုနွား၏ ခွာရာ ခြေရာတို့ကို လှည်းဘီး
သည် နင်း၍ ကြိတ်၍ အစဉ်လိုက်ပါနေ၏။
  အကြင်သူတစ်ဦးသည် မကောင်းမှုကို ကိုယ်ဖြင့်ပြုလုပ်
သော်၎င်း နှုတ်ဖြင့်ပြောဆိုသော်၎င်း စိတ်ဖြင့်ကြံစည်လျှင်
သော်၎င်း ထိုမကောင်းမှု၏ ဆိုးပြစ်ဆိုးဒဏ်သည် ထိုသူ၏
နောက်သို့ အစဉ်လိုက်ပါမြဲပေတည်း ................ ။

                    (ဓမ္မပဒ၊ ယမကဝဂ်၊ စက္ခုပါလတ္ထေရဝတ္ထု)
Credit, ဆရာတော်ဥုးဝဏ္ဏိတ၏ fbစာမျက်နှာမှ ကူးယူ
        ဓမ္မဒါနပြုအပ်ပါသည်။

Saturday, March 18, 2017

ရောင်ခြည်တော်ကွန့်မြူးတာ ပဋ္ဌာန်းဒေသနာ

.        ရောင်ခြည်တော် ကွန့်မြူးတာ ပဋ္ဌာန်းဒေသနာ ᠌᠌᠌
    🌟⭐🌟⭐🌟⭐🌟⭐🌟⭐🌟⭐

   ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘုရားအဖြစ် ရောက်တော်မူပြီးစမှာ သတ္တဌာနဆိုတဲ့ ခုနစ်နေရာ ခုနစ်ဌာနမှ သတ္တာဟ ခုနစ်ရက်စီ စံနေတော်မူခဲ့တယ်။
   စတုတ္ထမြောက် သတ္တာဟကရတနာဃရ ရွှေအိမ်တော်တဲ့..။ ရတနာဃရ ရွှေအိမ်တော်မှာ တရားတော်ကို ဆင်ခြင်နှလုံးသွင်းပြီး ခုနစ်ရက် စံတော်မူတယ်..။

   အဲဒီလို တရားတော်တွေ နှလုံးသွင်းတော်မူနေတဲ့ အချိန်မှာ ဘုရားဖြစ်တော်မူစပဲ ရှိသေးတယ် ။ ဘာတရားမှ မဟောသေးဘူးနော်။ ဓမ္မစက္က ပဝတ္တန သုတ္တန်တောင် မဟောသေးဘူး။ ရတနာဃရမှာ စံတော်မူနေချိန်မှာ အဘိဓမ္မာ ခုနစ်ကျမ်းကို ဆင်ခြင်နှလုံးသွင်းတော်မူတာ။ ရှေ့က အဘိဓမ္မာ ခြောက်ကျမ်းကို ဆင်ခြင်နှလုံးသွင်းတော်မူတော့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အသွေးတော် အသားတော်တွေဟာ ကြက်သီးမွှေးညှင်းမျှမထ ပကတိ ပုံမှန်အတိုင်း ရှိနေတယ်။ ဟောဒီ ခုနစ်ကျမ်းမြောက် ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်နှလုံးသွင်းတော်မူတဲ့ အခါမှသာ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဟဒယဝတ္ထု နှလုံးသွေးတွေ ကြည်လင်တောက်ပပြီးတော့ အသွေးတော် အသားတော်တွေက ကြည်လင်လာပြီး ရောင်ခြည်တော် ခြောက်သွယ်ကွန့်မြူး တက်ကြွတော်မူသတဲ့..။

   ဒါကြောင့် ပဋ္ဌာန်းဒေသနာတော်ကြီးကို အလွန်အင်မတန် တန်ခိုးကြီးတယ်လို့ ဆိုကြတာပေါ့။ တချို့လည်း အန္တရာယ်ကင်း ဘေးရှင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွတ်ဆိုနေကြတယ်။ ဒီလောက်နဲ့ အားရတင်းတိမ် ကျေနပ်မနေသင့်ဘူးနော်။ ရှင်တော်မြတ်ဗုဒ္ဓ ပဋ္ဌာန်းတရားတော်ကြီး ဟောပေးရတဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်က အန္တရာယ်ကင်းဖို့ထက် ခန္ဓာဥာဏ်ရောက်ဖို့ပါ။ နိဗ္ဗာန်အကျိုးငှါ ရည်ရွယ်ပြီးတော့ ဟောတော်မူခဲ့တာ ဖြစ်ပါတယ်။

   သံဃာဂုဏ်တော် ကိုးပါးထဲမှာ ဥာယပ္ပဋိပန္နော - နိဗ္ဗာန်အကျိုးငှါ ကျင့်ပြီး ကျင့်ဆဲဖြစ်သော အရိယာသံဃာ ရှစ်ပါးအပေါင်းပါတကား.. ဆိုတဲ့အတိုင်း နိဗ္ဗာန်အကျိုး ရည်ရွယ်ပြီးတော့ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော်ကို ယုံကြည်တဲ့ နေရာမှာ မဟာယာနက အန္တရာယ်ကင်းဖို့အတွက် ယုံကြည်တယ်။ ထေရဝါဒကတော့ ဘဝငြိမ်းအေးဖို့ရာအတွက် လက်ခံယုံကြည်တယ်။ ယုံကြည်ချက်ခြင်း မတူဘူး။ မဟာယာနက အပေါ်ယံအကာသက်သက် ယုံတာ။ ထေရဝါဒက အနှစ်သာရစစ်စစ်ကို ယုံတာ ဖြစ်ပါတယ် ။

.        
💥💥ဘဒ္ဒန္တအရှင်သုနန္ဒ
ဗုဒ္ဓရည်မှန်း မြတ်ပဋ္ဌာန်း ( စာ ၉၈ - ၁၀၀) မှ ကူးယူဓမ္မဒါနပြုပါသည်။

🌟မြတ်ပါရမီ
ဓမ္မစာပေများ ရေးသားကုသိုလ်ပြုသူများ အဖွဲ့မှ ဓမ္မဒါနကုသိုလ်ပြုပါသည်။
မြတ်ဗုဒ္ဓ၏သာသနာ page.

အမြတ်ဆုံးအလှူ᠌᠌᠌
အလှူဒါန ဟူသမျှတွင်
ဓမ္မအလှူ မြတ်ဆုံးဟူ၍
ဆူဆူ ဗုဒ္ဓ မိန့်မြွက်ဟသည်
ဒါနအမြတ် လှူဖို့တည်း။ ᠌᠌᠌

Friday, March 17, 2017

စာလုံးပေါင်း သတ်ပုံအမှန်

ပြိုင်သင့်တာ မပြိုင်သင့်တာ

ပြိုင်သင့်တာ မပြိုင်သင့်တာ
🍃🍀🍃🍀🍃🍀🍃🍀🍃🍀🍃🍀

   လူတွေကို ကြည့်လိုက်ရင် လှူချင်တန်းချင် ပေးကမ်းချင်တဲ့ အလောဘဟိတ် ဖြစ်ဖို့လွယ်တယ်။ မေတ္တာနဲ့ အဒေါသဟိတ် ဖြစ်ဖို့ကျတော့ နည်းနည်းခဲယဉ်းသွားပြီ။ မေတ္တာစိတ်က ကိုယ်သိသလို သိစေချင်တယ်။ ကိုယ်တတ်သလို တတ်စေချင်တယ်။ ကိုယ်အောင်မြင်သလို အောင်မြင်စေချင်တယ်။ ဒါက တန်းတူ မေတ္တာထားတဲ့စိတ်နော်...။

   ကိုယ့်ထက်သာနေရင် အရာရာမှာ ကိုယ့်ထက် အဆေင်ပြေနေရင်..” သြော်.. သူတို့များ ရှေးဘုန်းရှေးကံ ကောင်းလိုက်တာ ၊ သာဓုပါတော်..” လို့ မုဒိတာစိတ်ထားနိုင်ရတယ်။ ဒါပေမဲ့ ခက်တာက လူတွေမှာ ကိုယ့်ထက် နိမ့်ကျတဲ့သူကို တစ်ရာတစ်ထောင်၊ ကရုဏာထားပြီး ပေးရမှာ ဝန်မလေးဘူး။ ရက်ရက်ရောရော ပေးကမ်းနိုင်ကြတယ်။ ကိုယ့်ထက်သာလာပြီဆိုရင်တော့ အဘိဇ္ဈာ ဗျာပါဒတွေနဲ့ သူများဂုဏ်သတင်း ဘယ်လိုဖျက်ရမလဲ၊ သူများခေါင်းနင်းပြီး ဘယ်လိုတက်ရမလဲ ဖြစ်လာတာ။ အဲ့ဒါ မုဒိတာစိတ် မထားနိုင်ကြလို့ပဲ။

   ကြီးပွားတဲ့လူ ချမ်းသာတဲ့လူကို အပြစ်ပြောမနေနဲ့။ နေရာတကာမှာ ကံ, ကံရဲ့အကျိုးပေးကို ယုံကြည်ကြပါ။ တချို့ကိစ္စတွေက ဇွတ်လုပ်ယူလို့ မရနိုင်ဘူးနော်။
   အကြောင်းကြောင့် အကျိုးဖြစ်နေကြတာပါ။ အကြောင်းအကျိုးကို လက်ခံမယ်ဆိုရင် လောကကြီးမှာ ပဋိပက္ခဖြစ်စရာ မရှိပါဘူး။ အကြောင်းအကျိုး မဆင်ခြင်နိုင်ရင် ကိုယ့်ထက်သာတဲ့လူကို ပဋိပက္ခလုပ်တော့တာပဲ။

   ဂုဏ်တုဂုဏ်ပြိုင် မလုပ်ရဘူး။ ပြိုင်သင့်တဲ့နေရာကြတော့ ပြိုင်ကြစမ်းပါ။ သူများ တရားစခန်းဝင်ရင် ငါလည်း ဝင်နိုင်ရမယ်။ သူများ တရားထိုင်နိုင်ရင် ငါလည်း ထိုင်နိုင်ရမယ်။ သူများ ဖြစ်ပျက်မြင်ရင် ငါလည်း မြင်နိုင်ရမယ်။ နိဗ္ဗာန်ရောက်မည့်ဟာကို ပြိုင်ရတယ်။ အပါယ်သွားမည့်ဟာမှာ မပြိုင်ရဘူး။

💥ဘဒ္ဒန္တသုနန္ဒ
ဗုဒ္ဓရည်မှန်း မြတ်ပဋ္ဌာန်း စာအုပ် ( စာ ၁၃- ၁၄)  မှ ထုတ်နှုတ်ရေးသား ကုသိုလ်ပြုပါ၏။

🌟🌟မြတ်ပါရမီ
ဓမ္မစာပေများ ရေးသားကုသိုလ်ပြုသူများ အဖွဲ့မှ ဓမ္မဒါနကုသိုလ်ပြုပါသည်။
မြတ်ဗုဒ္ဓ၏သာသနာ page..

အမြတ်ဆုံးအလှူ᠌᠌᠌
အလှူဒါန ဟူသမျှတွင်
ဓမ္မအလှူ မြတ်ဆုံးဟူ၍
ဆူဆူ ဗုဒ္ဓ မိန့်မြွက်ဟသည်
ဒါနအမြတ် လှူဖို့တည်း။ ᠌᠌᠌

စာလုံးပေါင်သတ်ပုံအမှန်

ချမ်းသာစွာအိပ်စက်ရခြင်း ဟူသည်

ချမ်းသာစွာအိပ်စက်ရခြင်း ဟူသည်..
***************************************

အလွန်အေးမြသော ဆောင်းဥတု တစ်ခုတွင် မြတ်စွာဘုရားရှင်သည် ရင်းတိုက်တောထဲရှိ အရွက်ကျဲကျဲ ရင်းတိုက်ပင်ကြီးတစ်ပင်၏ အောက်၌ သီတင်းသုံးနေတော်မူသည်။ နံနက်စောစောလမ်းလျှောက်ထွက်လာသည့်
ဟတ္ထကမင်းသားသည် မြတ်စွာဘုရားကို မြင်လေရာရှိခိုးဦးချကာ မေးမြန်း
လေသည်။
မင်းသား
အရှင်ဘုရား၊ ညကချမ်းချမ်းသာသာ အိပ်စက်ရပါရဲ့လား။
ဘုရား
အေး၊ ငါချမ်းချမ်းသာသာ အိပ်ရပါတယ်။ လောကမှာ ချမ်းချမ်းသာသာ အိပ်ရတဲ့အထဲမှာ ငါဟာတစ်ယောက် အပါအဝင် ဖြစ်ပေတယ်။
မင်းသား
အရှင်ဘုရား၊ ရာသီကလဲ ဆောင်းရာသီ၊ ရက်ကလဲ အအေး ဆုံးဖြစ်တဲ့ ရက်ထဲမှာ ရောက်နေပါတယ်။ ပီးတော့၊ လေကလဲ တဟူးဟူး တိုက်နေပါတယ်။ ပတ်ဝန်းကျင်မှာလဲပဲ မြေက မညီမညာ နွားခွါဆူးတွေနဲ့  ချွန်တက်ပြီးတော့ နေပါတယ်။ အရှင်ဘုရား သီတင်းသုံးနေတဲ့ ရင်းတိုက်ပင်ဟာ အရွက်တွေ အလွန်ကျိုးတိုးကျဲတဲနဲ့  အုပ်အုပ်ဆိုင်းဆိုင်း မရှိပါဘူး။ အောက် က ခင်းထားတဲ့ မြက်ခင်းကလဲ ပါးပါးကလေးရယ်ပါ။ ဒီလို
နေရာမျိုးမှာ ချမ်းချမ်းသာသာ အိပ်စက်ရ တယ်လို့ဆိုတာ ဘယ်လိုအဓိပ္ပါယ်ပါလဲ ဘုရား။
ဘုရား
အေး၊ မင်းကမေးတော့ ငါဖြေရမယ်။ ငါပြောမယ်၊ အလွန် ကြွယ်ဝတဲ့ သူဌေး ဒါမှမဟုတ် သူဌေးသား တစ်ဦးဟာ လှပ ဆန်းကြယ်တဲ့ တိုက်ကြီးတစ်တိုက်ကို တည်ထားတယ်။ တံခါးတွေ၊ လေသာပြတင်းတွေကို တပ်ဆင်ထားတယ်။ တိုက်ထဲမှာလဲ မွေးရှည်ကော်ဇော ကြီးတွေခင်းလို့၊ အိပ်စက်ရာ သလွန်ညောင်စောင်းကလဲ အင်မတန်မှ ခန်းနားတယ်။ အိစက်ညက်ညောတဲ့ အိပ်ရာကြီးပေါ်မှာအိပ်၊ ဘေးကလဲ ဇနီးလေးယောက်က ခြံရံပြီး ပြုစုနေတယ်။ တစ်ညလုံးလဲ ဆီမီးကလေး ထွန်းထားတယ်။ ဒီလို အနေအထားမျိုးနဲ့  အိပ်စက်နေရတဲ့ သူကို မင်းဘယ်လိုထင်သလဲ။ သိပ်ချမ်းချမ်း သာသာနဲ့  အိပ်ရမယ်လို့ မင်း ထင်သလား။
မင်းသား
အရှင်ဘုရား၊ ဒီလို စည်းစိမ်မျိုးနဲ့  ဒီလို အခြေအနေမျိုးမှာ အိပ်ရမယ် ဆိုရင် အလွန်ချမ်းချမ်းသာသာ အိပ်ရမှာ ဖြစ် ပါတယ်။
ဘုရား
ဒီသူဌေးသားမှာ ရာဂစိတ်တွေ ဖြစ်ပွားလာရင် စိတ်နှလုံးကို ပူပန်စေတတ်တယ်။ ကိုယ်ဆင်းရဲကိုလဲ ဖြစ်စေတတ်တယ်။
အဲဒီ အပူတွေ ရှိနေမယ်ဆိုရင် ဘယ်လောက်ကောင်းတဲ့
အိပ်ရာပေါ်မှာပဲ အိပ်ရ၊ အိပ်ရ ချမ်းချမ်းသာသာ အိပ်ရတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။ ငါဟာ အဲဒီ ဆင်းဆင်းရဲရဲ အိပ်စက်
ရခြင်း အကြောင်းဖြစ်တဲ့ ရာဂတရားကို အလျဉ်းပယ်ထားပြီး
သား ဖြစ်တယ်။ ဒါကြောင့် ငါဟာ ချမ်းချမ်း သာသာ အိပ်စက် ရတာ ဖြစ်တယ်။ နောက်ပီး ငါ့မှာ တအုံနွေးနွေး ရင်ကို ပူနွေး
စေ၊ ပူလောင်စေတတ်တဲ့ ဒေါသတရားလဲ မရှိဘူး၊ လုံးဝဖယ် ရှားထား ပြီးသား ဖြစ်တယ်။ ဒါကြောင့် ငါ့ရဲ့ရင်ဟာ အေးနေ တဲ့အတွက် ချမ်းချမ်းသာသာ အိပ်စက်ရတယ်။ ထို့အတူပဲ အမှန်မသိဘဲ ပူလောင်မှုကို ဖြစ်စေတတ်တဲ့ မောဟတရားကို ငါ့သန္တာန်မှာ အကြွင်းအကျန် မရှိအောင် ဖယ်ရှားထားပြီးသား
ဖြစ်တယ်။ ငါ့ရဲ့ သန္တာန်မှာ နှလုံးသားကို ပူလောင်စေတတ်တဲ့ ရာဂ၊ ဒေါသ၊ မောဟနဲ့  တခြားအကုသိုလ်တရားတွေ ဘာမျှ မရှိဘူး၊ နှလုံးသားဟာ ကြည်လင်အေးမြပြီး ငြိမ်းချမ်းနေတယ်။ ဒါကြောင့် ဘယ်နေရာ၊ ဘယ်အခါမှာပဲဖြစ်ဖြစ်၊ ငါ့ရဲ့နားနေ အိပ်စက်မှုဟာ ချမ်းသာနေတယ်။
မင်းသား
မှန်လှပါ၊ ချမ်းသာစွာ အိပ်စက်ရခြင်းကို ကောင်းစွာ နားလည် သဘောပေါက်ပါပြီ အရှင်ဘုရား။

ဒေါက်တာနန္ဒမာလာဘိဝံသ၊  ချမ်းသာစွာအိပ်စက်ရခြင်း တရားတော်။
cd:တိပိဋကတရားတော်

Thursday, March 16, 2017

ဘုရားလောင်းတို့ ဖြစ်မြဲဓမ္မတာ ( ၁၆) ပါး

ဘုရားလောင်းတို့ဖြစ်မြဲဓမ္မတာ(၁၆)ပါး

+++++++++++++++

၁။ ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်မှ စုတေပြီးလျှင် သတိပညာနှ င့်ယှဉ်လျှက် မယ်တော်၏ ဝမ်း၌ပဋိသန္ဓေ နေရခြင်း။

၂။ မယ်တော်၏ဝမ်း၌ ပဋိသန္ဓေနေသော အခါ စကြာဝဠာတစ်ခုလုံး၌ လွန်ကဲကြီးမားသော အလင်းရောင်ထွက်ပေါ်၍ လော ကဓါတ်တစ်ခွင်လုံး ငလျှင်ပြင်းထန်စွာလှု ပ်ခြင်း။

၃။ အရပ်လေးမျက်နှာ၌ နတ်မင်းကြီးလေးဦးတို့က ဘုရားအလောင်းတော်နှင့် မယ် တော်ကို စောင့်ရှောက်ခြင်း။

၎။ ဘုရားအလောင်းမယ်တော်သည် ပဋိ သန္ဓေနေချိန်၌ ပကတိသဘောအားဖြင့် ငါးပါးသီလနှင့်ပြည့်စုံခြင်း။

၅။ ပဋိသန္ဓေတည်နေစဉ် မယ်တော်သန္တန် ၌ ယောက်ျားတစ်ပါးတို့အပေါ်တွင် ကာမ ဂုဏ်နှင့်စပ်သောစိတ်ဓါတ် မဖြစ်ပေါ်ခြင်း။

၆။ ဘုရားအလောင်းမယ်တော်အား ကာ မဂုဏ်ငါးပါးကိုရလွယ်ခြင်း။

၇။ မယ်တော်၌ ကိုယ်ခန္ဓာ မကျန်းမာမှု ပ င်ပန်းမှုမရှိသည့်အပြင် ဝမ်း၌တည်နေေ သာ သန္ဓေသား ဘုရားအလောင်းကိုမြင် နိုင်ခြင်း။

၈။ ဘုရားအလောင်းဖွားမြင်ပြီးနောက်(၇) ရက်ရှိသောအခါ မယ်တော်နတ်ရွာစံ၍ တုသိတာနတ်ပြည်၌ဖြစ်ရခြင်း။

၉။ ဘုရားအလောင်းကို ဆယ်လလွယ်ပြီး မှသာ ဖွားမြင်ခြင်း ( ခုနစ်လ ရှစ်လဖွားမရှိ )

၁၀။ မယ်တော်သည် ဘုရားအလောင်း ကို ရပ်လျက်သာဖွားမြင်ခြင်း။ ( ထိုင်,လျောင်း,အိပ်လျက် ဖွားမြင်သည်မဟုတ် )

၁၁။ မယ်တော် ဝမ်းမှ ဖွားမြင်သောအခါ ဘုရားအလောင်းတော်ကို နတ်တို့ရှေးဦး စွာ ခံယူပြီးမှ လူတို့က တစ်ဖန်ခံယူရခြင်း။

၁၂။ ဖွားမြင်လာသော ဘုရားအလောင်းကို နတ်မင်းကြီးလေးဦးတို့က ခံယူ၍မယ်တော်ရှေ့၌ ထားခြင်း။

၁၃။ ဘုရားအလောင်းတော်သည် သွေး စသော အညစ်အကြေး လိမ်းကြံခြင်းမရှိ ဘဲစင်ကြယ်သန့်ရှင်းစွာဖြင့် မယ်တော်ဝမ်းမှ ဖွားမြင်ရခြင်း။

၁၄။ ကောင်းကင်မှ ရေနွေးရေအလျဉ် ရေ အေးရေအလျဉ်နှစ်ခု ထင်ထင်ရှားရှားထွ က်ကျလာပြီးလျင် ဘုရားအလောင်းနှင့် မယ်တော်ကို သန့်ရှင်းစင်ကြယ်စေခြင်း။

၁၅။ ဖွားမြင်ပြီးစ ဘုရားအလောင်းတော် သည် မြောက်အရပ်သို့ ခုနစ်ဖဝါးလှမ်းကာ ( အဂ္ဂေါဟ မသ္မိလောကဿ ) စသည်ြ ဖင့် ရဲရင့်သောစကား ကြုံးဝါးမြွက်ဆိုခြင်း။

၁၆။ ဘုရားအလောင်းတော်သည် ဖွားမြင် သောအခါ စကြဝဋ္ဌာတစ်ခွင်လုံး၌ လွန်ကဲ ကြီးမားသောအလင်းရောင်များပေါ်ထွက်၍ လောကဓာတ်တစ်ခွင်လုံး ငလျင်ပြင်း ထန်စွာ တုန်လှုပ်ခြင်းတို့ပင် ဖြစ်ပေသည်။

မသိရှိသေးသော ဗုဒ္ဓဘာသာသူတော်စင် များအတွက် ` မေတ္တာဓာတ်ဖြင့် ´ မျှဝေ လိုက်ပါသည်။
#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpageပြန်လည်တင်ဆက်သည်

Credit -  ဘိက္ခု မဟာပဒုမထေရ်

သင်ကိုယ်တိုင် မီးရှို့နေသူလား. မီးငြိမ်းနေသူလား

သင်ကိုယ်တိုင် မီးရှို့နေသူလား၊
မီးငြှိမ်းနေသူလားဖြေပါ*****
*****
မိုးလင်းတာနဲ့ မီးသတင်းတွေကြားနေရ
တာကိုကစိတ်မချမ်းမြေ့စရာပါပဲ။
မီးဆိုတဲ့နေရာမှာ အတွင်းမီး၊ အပြင်မီးဆို
တာလည်းရှိတယ်။ တို့မီး၊ ရှို့မီးဆိုတာ
လည်းရှိတယ်။ ဘယ်မီးမှကောင်းကျိုး
မပေးပါဘူး။ တို့မီး၊ ရှို့မီးနဲ့ အပြင်မီးက
ရုပ်ဝတ္တုတွေကိုလောင်ကျွမ်းပြီး
အများပြည်သူဒုက္ခရောက်ကြရရှာတယ်။
အတွင်းမီးကတော့ ဘဝအဆက်ဆက်
သံသရာအဆက်ဆက် အရှုံးကြီးရှုံးရတဲ့
အပါယ်ဘုံကိုဆွဲချနေတဲ့ ကိလေသာ
မီးဆယ်ပါးပဲဖြစ်ပါတယ်။ လောဘကြောင့် လိုချင်တပ်မက်မှုမီး၊ မနာလို
စိတ်နဲ့ ဒေါသကြောင့်စိတ်ဆိုးတဲ့မီး၊
မှန်ကန်နေပါလျက်နဲ့မိမိရဲ့အယူအဆ
အမှားအပေါ်ဖက်တွယ်ပြီး မောဟနဲ့
မသိခြင်း၊

မလိမ္မာခြင်းမီး၊ မာနနဲ့မာန်တက်နေတဲ့မီး
အယူအဆမှားနေတဲ့မီး စတဲ့ စတဲ့
မီးဆယ်ပါးဟာ လောင်ကျွမ်းနေပြီဆိုရင်
မိမိအတွက်လည်း ဒုက္ခရောက်ရသလို
အများပြည်သူအတွက်လည်း ဒုက္ခရောက်စေတဲ့မီးတွေပါပဲ။ ဘယ်မီးမှ
မကောင်းဘူး။ ဘယ်မီးမှမလောင်ကြပါ
စေနဲ့။ တို့မီး၊ ရှို့မီး အပြင်မီးတွေလည်း
မလောင်ကြပါစေနဲ့။ ကိလေသာဆယ်ပါး
နဲ့ယှဉ်တဲ့မီးတွေ အာရုံငါးပါးလောင်စာနဲ့
တောက်လောင်နေတဲ့မီးတွေကိုငြှိမ်း
သတ်ကြပါ။ ဒါမှ ငြိမ်းချမ်းရာသုခဘုံကို
ရောက်မယ်။ သတိပြုပါ။ မိမိအလိုရမ္မက်
အတ္တတွေကြောင့် မိမိကိုယ်တိုင်
မီးရှို့သူမဖြစ်ပါစေနဲ့။

ဒေါက်တာအရှင်တေဇောသာရ
(ချင်းတောင်တန်းသာသနာပြုဆရာတော်)
#kn

Tuesday, March 14, 2017

မချစ်မမုန်း အကောင်းဆုံး

မချစ်မမုန်း အကောင်းဆုံး။
--------------------

“ချစ်သောသူတို့နှင့်လည်း မပေါင်းလင့်၊
မုန်းသောသူတို့နှင့်လည်း မပေါင်းလင့်၊
ချစ်သောသူတို့ကို မမြင်ရခြင်းသည်
ဆင်းရဲ၏၊ မုန်းသောသူတို့ကို
မြင်ရခြင်းသည်လည်း ဆင်းရဲ၏။

ထို့ကြောင့် လူကိုဖြစ်စေ
ပစ္စည်းဥစ္စာကိုဖြစ်စေ
ချစ်ခင်စွဲလန်းခြင်းကို မပြုရာ၊
ချစ်ခင်စွဲလန်းဖွယ်တို့နှင့်
ကွေကွင်းရခြင်းသည်လည်း
မကောင်းသည်သာတည်း၊
ချစ်ခြင်းမုန်းခြင်း မရှိသောသူတို့အား
အနှောင်အဖွဲ့တို့သည် မရှိကြကုန်“
(ဓမ္မပဒ၊ ပိယ၀ဂ်၊ တယောဇန ပဗ္ဗဇိတ၀တ္ထု)

ဤစကားတော်သည်ကား
မြတ်စွာဘုရားရှင်တော်မြတ်
နှုတ်တော်မှထုတ်ဖော်ဟောကြား
တော်မူခဲ့သည့် တရားမြတ်ဖြစ်ပါ၏။

အချစ်အမုန်းကို အရှင်းဆုံးဖြစ်အောင်
တိုတိုနဲ့လိုရင်းရောက်စေသည့်
တရားစကားဖြစ်၏။

အချစ်အမုန်းရှိလျှင်
ဆင်းရဲရှိနေမည်ဖြစ်သောကြောင့်
မချစ်မမုန်းဘဲ နေနိုင်ခြင်းသည်သာ
အကောင်းဆုံးဖြစ်ကြောင်း
မိန့်တော်မူထား၏။

အချစ်ရှိလျှင် အပြစ်ရှိတတ်သကဲ့သို့
အမုန်းရှိလျှင်လည်း အရှုံးရှိတတ်ပြန်၏။
ချစ်လျှင်လည်း မကောင်း၊ မုန်းလျှင်လည်း
မကောင်းသည့် လောကကြီးတွင်
မချစ်မမုန်းခြင်းသည်သာ အကောင်းဆုံး
ဖြစ်ပါ၏။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်
ဇေတ၀န်ကျောင်းတော်မှာ
သီတင်းသုံးတော်မူစဉ်က ဖြစ်ပါ၏။
သာဝတ္ထိပြည်ရှိ မိသားစုတစ်စုသည်
မိသားစုလိုက် သာသနာ့ဘောင်သို့
ဝင်ရောက်ခဲ့ကြ၏။ ရှေးဦးစွာ
သားဖြစ်သူသည် ရဟန်းဘ၀ကို
ရယူခဲ့၏။

ထို့နောက် ဖခင်ကြီးသည်လည်း
သားနောက်လိုက်ကာ ရဟန်းပြုခဲ့၏။
လင်ယောက်ျားနှင့် သားမရှိတော့သဖြင့်
မိခင်ဖြစ်သူသည်လည်း
ဘိက္ခုနီမအဖြစ်ဖြင့် သာသနာ့ဘောင်သို့
ဝင်ရောက်ခဲ့တော့၏။

ထိုမိသားစု၏ သံယောဇဉ်ကား
ကြီးမားလှ၏။ လူ့ဘ၀မှာပင်
တစ်ဦးနှင့်တစ်ဦး သံယောဇဉ်
ရှိကြသည်မဟုတ် သာသနာ့ဘောင်
ရောက်လာချိန်အထိ သံယောဇဉ်က
မပြတ်လှ။ ထို့ကြောင့် သူတို့သုံးဦးသည်
တစ်ကျောင်းတည်းတွင် အတူစုပြီး
နေထိုင်ကြ၏။ ထိုသူတို့၏
နေထိုင်သည့်ကျောင်းသည်
သူတို့၏လူ့ဘ၀က
အိမ်သဖွယ်ဖြစ်နေတော့၏။

အတူတကွ စားခြင်းသောက်ခြင်း
စကားပြောခြင်းဖြင့်သာ အချိန်ကုန်နေကြ၏။
တစ်ကျောင်းတည်းတွင် မိသားစုလိုက်
အတူတကွနေထိုင်ပြီး တရားအားမထုတ်ဘဲ
အချည်းနှီး အချိန်ကုန်နေကြသည့်အပြင်
အခြားသီတင်းသုံးဖော်များကိုပင်
အနှောက်အယှက် ဖြစ်စေတော့၏။

ထို့ကြောင့် ရဟန်းတော်အချို့မှ
ထိုအကြောင်းကို မြတ်စွာဘုရားရှင်အား
လျှောက်ထားလိုက်၏။

ထိုအခါ ဘုရားရှင်မှ ထိုသူများအား
ရှေ့တော်သို့ ခေါ်တော်မူပြီး
“သင်တို့သည် သာသနာ့ဘောင်သို့
ဝင်ရောက်လာပြီး ထိုကဲ့သို့
အိမ်ထောင်စုတစ်စု အနေမျိုးဖြင့်
အတူတကွ အချိန်အကြာကြီး
နေထိုင်ခြင်းကို မပြုသင့်ကြောင်း၊
ချစ်ခင်သူများကို မမြင်ရခြင်း၊
မချစ်မနှစ်သက်သူများကို မြင်နေရခြင်း
နှစ်မျိုးလုံးသည် ဒုက္ခဆင်းရဲ့ကိုသာ
ဖြစ်စေကြောင်း၊ ထို့ကြောင့် သင်တို့သည်
မည်သည့်သတ္တ၀ါ၊
မည်သည့်အရာဝတ္ထုအပေါ်ကိုမျှ
တွယ်တာမှု သံယောဇဉ်
မထားသင့်ကြောင်း“ စသည်ဖြင့်
တရားစကား မိန့်ကြားတော်မူခဲ့၏။

ဒေသနာတော်အဆုံးတွင် ထိုမိသားစု
သုံးဦးသည် သေတာပတ္တိဖိုလ်သို့
မျက်မှောက်ပြုသွားကြ၏။

မှန်၏။ ချစ်ခြင်း၊ မုန်းခြင်းဟူသည်
တွယ်တာမှု သံယောဇဉ်ကြောင့် ဖြစ်၏။
တွယ်တာမှု သံယောဇဉ်၏ သဘောကား
ထိုသံယောဇဉ်ကို မဖြတ်နိုင်သေးသမျှ
ဆင်းရဲဒုက္ခကိုသာ ဖြစ်စေတော့၏။

လူဖြစ်စေ ရဟန်းဖြစ်စေ သံယောဇဉ်
ဖြစ်မိပြီဆိုလျှင် ပူလောင်ဆင်းရဲကိုသာ
ဖြစ်စေ၏။ အချို့က ချစ်ခြင်းကိုသာ
သံယောဇဉ်ဟု ထင်မှတ်နေကြ၏။

စင်စစ် မုန်းခြင်းသည်လည်း
သံယောဇဉ် တစ်မျိုးပင်ဖြစ်၏။
စာပေက ထိုအမုန်းသံယောဇဉ်ကို
ပဋိဃသံယောဇဉ်ဟု ဆို၏။

တစ်စုံတစ်ယောက်ကို ချစ်မိပြီ
သံယောဇဉ်ဖြစ်မိပြီဆိုလျှင်
အချိန်ပြည့် ထိုသူ့ကိုသာ
သတိရနေတတ်၊
ထိုသူ၏အကြောင်းကိုသာ
စဉ်းစားနေတတ်၊
ထိုသူနှင့်ပတ်သက်သည်များကိုသာ
မြင်ယောင်နေတတ်မိ၏။

ဤသဘောကား
အချစ်သံယောဇဉ်ကြောင့်
ဖြစ်သည့်သဘောဖြစ်၏။

ထို့အတူပင် တစ်စုံတစ်ယောက်ကို
မုန်းမိပြီဆိုလျှင်လည်း ထိုသူ့အကြောင်း၊
ထိုသူနှင့်ပတ်သက်သည့် သတင်းစကား၊
ထိုသူမည်သို့မည်ပုံဖြစ်သည်၊ ထိုသူသည်
မိမိအပေါ် မည်သိုမည်ပုံ ပြုမူဆက်ဆံ
ပြောဆိုခဲ့သည် စသည်တို့ကိုသာ
မကြာခဏ သတိရနေမိ၏။

ထို့ထက်ဆိုးသည်ကား
ထိုသူသည် အခြားတစ်နေရာတွင်
မိမိထက်အောင်မြင်နေသည်၊
မိမိထက်သာနေသည်
စသည့်အသံများကြားရလျှင်
ပို၍ပင် မခံချိမခံသာဖြစ်ကာ
သူ့အပေါ်မကောင်းသည့်
စိတ်ထားများဖြင့်သာ
တစိမ့်စိမ့်တွေးတော မြင်ယောင်
နေမိတော့၏။ ဤသည်မှာလည်း
အမုန်းသံယောဇဉ်၏ သဘောပင်ဖြစ်၏။

မည်သည့် သံယောဇဉ်ဖြစ်ဖြစ်
နောက်ဆုံး မိမိရလိုက်သည့်
အကျိုးရလာဘ်သည်ကား
ဆင်းရခြင်းတစ်ခုတည်းပင် ဖြစ်၏။

အချစ်သံယောဇဉ်ကြောင့် ချမ်းသာမှုကို
ဖြစ်စေသည်၊ အမုန်းသံယောဇဉ်ကြောင့်
ပီတိဖြစ်ရသည်ဟူသည် မရှိလှပေ။
ချစ်ခြင်းမုန်းခြင်း နှစ်ခုလုံး၏
အဆုံးသည်ကား ဆင်းရဲခြင်းသာ
နိဂုံးဖြစ်နေပေ၏။ ထို့ကြောင့်
မချစ်မမုန်းအကောင်းဆုံးဟု
ဆိုခြင်းဖြစ်ပါ၏။

စင်စစ် ချစ်ခြင်းမုန်းခြင်း
နှစ်ခုလုံးသည် သစ္စာသဘောဖြင့်
ကြည့်လျှင် ဒုက္ခသစ္စာချည်းသာ ဖြစ်၏။
ဆင်းရဲကြောင်း အမှန်တရားသာ ဖြစ်၏။

မြတ်ဗုဒ္ဓက
“အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော=
မချစ်မနှစ်သက်သော သူများ၊
မဖြစ်မနှစ်သက်သော အရာများနှင့်
အတူတကွ ပေါင်းသင်းနေထိုင်ရခြင်း“
သည်ဒုက္ခဖြစ်သကဲ့သို့

“ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော=
ချစ်ခင်နှစ်သက် စုံမက်သူများ၊
ချစ်ခင်နှစ်သက်သော အရာများနှင့်
သေကွဲရှင်ကွဲ ကဲရခြင်း“သည်လည်း
ဒုက္ခပင်ဖြစ်ကြောင်း ဟောတော်မူ၏။

ထို့ကြောင့် မည်သည့်အရာ၊
မည်သည့်ပုဂ္ဂိုလ်ကိုမျှ တွယ်တာမှု
မဖြစ်စေဘဲ မချစ်မမုန်း နေနိုင်အောင်
ကြိုးစားသင့်ကြောင်း
မိန်ကြားတော်မူခြင်း ဖြစ်၏။

ဘုရားရှင်၏ ထိုမိန့်တော်မူချက်သည်
အမှန်ပင်ဖြစ်၏။ တွယ်တာမှု
သံယောဇဉ်သည် ပူလောင်မှုကို
ဖြစ်စေတတ်၏။

ပူလောင်မှုဖြစ်ပေါ်လာခြင်းသည်
ချစ်ခြင်း၊ မုန်းခြင်းကြောင့်ဖြစ်၏။
အချစ်သံယောဇဉ်ဖြစ်စေ၊
အမုန်းသံယောဇဉ်ဖြစ်စေ
သံယောဇဉ်ဖြစ်လာလျှင်
နောက်ဆက်တွဲအဖြစ်
ပူလောင်မှုသဘောက ပါလာပြီးဖြစ်၏။

ချစ်သဖြင့် ပူလောင်ရသကဲ့သို့
မုန်းသဖြင့်လည်း ပူလောင်ရ၏။
ဤနေရာတွင် အချစ်နှင့် မေတ္တာကို
ကွဲပြားစွာ နားလည်သဘောပေါက်ရန်
လိုအပ်၏။ တွယ်တာမှု တဏှာကြောင့်
ဖြစ်ပေါ်လာသည့် ချစ်ခြင်းသည်
ကာမရာဂဦးစီးသဖြင့် ပူလောင်စေ၏။

မေတ္တာ၏ ချစ်ခြင်းသည်ကား
တွယ်တာမှု ကာမရာဂမပါ သူတပါးတို့၏
အကျိုးကိုလိုလာခြင်း
စေတနာသက်သက်သာ ဦးစီးသဖြင့်
အေးမြစေ၏။

အမုန်းသည်ကား မေတ္တာ၏
ဆန့်ကျင်ဘက်ဖြစ်သဖြင့်
အမြဲတစေ ပူလောင်စေလေ၏။
သေချာတွေးကြည့်လိုက်လျှင်
တွယ်တာမှု တဏှာသံယောဇဉ်ကြောင့်
ဖြစ်ပေါ်လာသည့် ချစ်ခြင်းမုန်းခြင်းသည်
အေးမြမှုကို မဖြစ်စေနိုင်သည်မှာ
သေချာလှ၏။

သူတပါးအကျိုးကို လိုလားသည့်
စေတနာကြောင့် ဖြစ်ပေါ်လာသည့်
မေတ္တာသည်ကား အေးမြမှုကိုဖြစ်စေ၏။
ပီတိတရား တိုးပွားစေ၏။

ထို့ကြောင့် တွယ်တာမှုနှင့်တကွ
ဖြစ်သည့် ချစ်ခြင်းအစား တွယ်တာမှုမပါ
အကျိုးလိုလားမှု သက်သက်သော
စေတနာနှင့်တကွဖြစ်သည့်
မေတ္တာတရား များများပွားရန်
လိုအပ်ပေ၏။

သို့သော် တွယ်တာမှု သံယောဇဉ်
မကင်းသေးသည့် လောကကြီးတွင်
ထိုသို့ မချစ်မမုန်းနေနိုင်အောင်
ကြိုးစားရန်မှာ လွယ်ကူသည့်
အလုပ်မဟုတ်ပေ။

အလွန်သဒ္ဓါတရား အားကောင်းပြီး
အထူးကြိုးစား လေ့ကျင့်မှသာ
ပြုပြင်လာနိုင်ကြမည် ဖြစ်၏။
ပြုပြင်ကြည့်မည်ဟူသည့် စိတ်ထားလေး
ဖြစ်ရန်ရှေးဦးစွား ကြိုးစားသင့်၏။

မည်သည့်အရာမျှ
မလုပ်သည်ထက်စာလျှင်
အနည်းငယ်စလုပ်ကြည့်သည်က ပို၍
အကျိုးသက်ရောက်မှု ရှိစေ၏။
အဓိက အရေးကြီးသည်မှာ
မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာ
ဝတ္ထုအပေါ်ကိုမျှ သံယောဇဉ်မပိုမိကြရန်
လိုအပ်၏။

အချစ်လည်းမပို အမုန်းလည်း မပိုရန်
လိုအပ်လှ၏။ အချစ်ပိုလျှင်
အပြစ်ပိုလာနိုင်သကဲ့သို့
အမုန်းပိုလျှင်လည်း အရှုံးပိုလာတတ်၏။
အချစ်ကြီးလျှင် အပြစ်ကြီးတတ်သကဲ့သို့
အမုန်းထူးလျှင်လည်း အရှုံးထူးတတ်၏။

ဤနေရာတွင် စာဖတ်သူများအနေဖြင့်
မိမိတို့၏ ကိုယ်တွေ့လေးများဖြင့်
ချိန်ထိုးကာ စဉ်းစားဆင်ခြင်နိုင်ကြ၏။
မိမိက တစ်စုံတစ်ယောက် သို့မဟုတ်
တစ်စုံတစ်ခုကို ချစ်ခင်တွယ်တာ
မိသည့်အခါ ထိုသူထိုအရာ ၀တ္ထု
အပေါ်တွင် မိမိစိတ်တိုင်းကျ
ဖြစ်စေလိုသည့် သဘောများ
ဖြစ်ပေါ်လာတတ်၏။

မိမိလိုချင်သည့် ပုံစံလေးများ
ပေါ်ပေါက်စေလို၏။ မိမိနေထိုင်စေချင်၊
ပြောစေချင်၊ လုပ်ကိုင်စေချင်သည့်
ပုံစံများကို မျှော်လင့်လာတတ်၏။
သို့သော် ထိုသို့ ဖြစ်မလာခဲ့။

အရာရာမမြဲခြင်း၊ မိမိအလိုအတိုင်း
မဖြစ်ခြင်းဟူသော သဘောတရားကို
ထည့်မစဉ်းစားမိသဖြင့်
ဖြစ်စေချင်သည့်အတိုင်း
ဖြစ်မလာသည့်အခါ ချစ်မိရာမှ
အမုန်းဖြစ်လာတတ်၏။

အမုန်းဖြစ်လာလျှင် အပြစ်လည်း
ဖြစ်လာလေ့ရှိတတ်၏။ ထိုအခါ
အချစ်ကြီးလေ အမျက်ကြီးလေ
ဖြစ်လာတတ်ပြီး အမျက်ကြီးလေ
အပြစ်ကြီးလေလည်း ဖြစ်လာတတ်၏။

အချစ်ကြီးသဖြင့် အပြစ်ကြီးသည့်
သဘောပင်ဖြစ်၏။ ဤသည်မှာ
ချင်ခင်ခြင်းဟူသည့်
တွယ်တာမှုကြောင့်ပင်ဖြစ်၏။

ထို့အတူ တစ်စုံတစ်ယောက်
တစ်စုံတစ်ခုကို မုန်းမိပြီဆိုလျှင်လည်း
ထိုအမုန်းသံယောဇဉ်ကြောင့်
ထိုသူများထိုအရာများ၏
ပျက်ဆီးကြောင်းကိုသာ
တွေးတောကြံစည်လာတတ်ကြ၏။

ထိုသူထိုအရာများနှင့် ပတ်သက်သည့်
မကောင်းသည့် အကုသိုလ်
အတွေးများကိုသာ မကြာမကြာ
ဖြစ်ပေါ်စေပြီး ထိုစိတ်နှင့်ပင်
တိုက်ဆိုင်တိုင်း၊ ကြုံကြိုက်တိုင်း
နှိမ့်ချပြောဆို ပုတ်ခပ်မိစေတတ်၏။

စိတ်၏သဘောကလည်း အခက်သားပင်။
မုန်းမိပြီဆိုလျှင် ထိုသူဘာလုပ်လုပ်၊
ဘာပြောပြော မကောင်းဘက်ကသာ
တွေးတောထင်မြင် နေတတ်၏။
ထိုသို့ မကောင်းအမြင် မကောင်းအတွေး
ရှိနေသည့်အခါ မိမိကိုယ်တိုင်လည်း
စိတ်မကြည်လင်ဖြစ်ပြီး
ထိုမကြည်လင်သည့် စိတ်ကြောင့်ပင်
ပြောဆိုလုပ်ကိုင်သည့် အရာများသည်လည်း
မကြည်လင် မသန့်ရှင်းဖြစ်ကာ
အမှားတွေသာ ဆက်တိုက်ဖြစ်စေတော့၏။

အမှားများလာပါက
ကောင်းကျိုးသက်ရောက်မှု
နည်းလာတတ်၏။ အကျိုးနည်းလာလျှင်
တစ်ဖြည်းဖြည်း အရှုံးပေါ်လာတတ်၏။
အမှားများလေ အကျိုးနည်းလေဖြစ်ပြီး
အကျိုးနည်းလာသည်နှင့်အမျှ
အရှုံးများလာမည်ဖြစ်၏။

ထိုအရှုံးသည် ယခုဘ၀၌ပင်
ရှုံးခြင်းဖြစ်လျှင်ကား ဖြေနိုင်သေး၏။
ဘ၀သံသရာအထိ ရှုံးလာမည်ဆိုပါက
ဘ၀သည် စုန်းစုန်းမြုပ်လေတော့မည်
ဖြစ်၏။ မြုပ်ပါများလျှင် ပြန်၍နှုတ်ရန်
ခက်လာတတ်၏။ အောက်ဆုံးအထိ
မြုပ်သွားမည်ဆိုလျှင်ကား
နှုတ်ရန်အလွန် ခဲရင်းသွားစေလေတော့၏။

ထိုအခါ အထက်နှင့်လည်း ပို၍ပင်
ဝေးဝေးသွားစေလေတော့၏။
အောက်ဆုံးနှင့် အထက်ဆုံးအဖြစ်
အလွန်အလှမ်းကွာဝေးသွားတတ်၏။
စာစကားနှင့် ပြောလျှင်ကား အ၀ိစီနှင့်
နိဗ္ဗာန်ဝေးသွားသကဲ့သို့ပင် ဖြစ်၏။

ဤသည်မှာ အမုန်းကြီးသဖြင့်
အရှုံးကြီးသွားခြင်း သဘောပင်ဖြစ်၏။
ထို့ကြောင့် အပြစ်မကြီးရန်နှင့်
အရှုံးမကြီးရန်အတွက် မချစ်မမုန်း
အကောင်းဆုံးဟု ဆိုခြင်းဖြစ်ပါ၏။

အချုပ်အားဖြင့် တွယ်တာမှု
တဏှာကြောင့် ဖြစ်ပေါ်တတ်သည့်
ချစ်ခြင်းမုန်းခြင်းသည် သတ္တ၀ါတို့အား
ငြိမ်းအေးမှုကို မဖြစ်စေဘဲ
ပူလောင်မှုကိုသာ ဖြစ်စေသဖြင့်
မည်သည့်ပုဂ္ဂိုလ်၊
မည်သည့်အရာအပေါ်ကိုမျှ
အနှောင်အဖွဲ့မဖြစ်မိကြရန်
လိုအပ်လှ၏။

ချစ်သဖြင့် ဒုက္ခဖြစ်ကြရသကဲ့သို့
မုန်းသဖြင့်လည်း ဒုက္ခဖြစ်တတ်၏။
ချစ်သဖြင့် အပြစ်ဖြစ်ကြသကဲ့သို့
မုန်းသဖြင့်လည်း အရှုံးဖြစ်တတ်ကြ၏။
အပြစ်ဖြစ်လျှင် အရှုံးဖြစ်တတ်သည်မှာ
ဓမ္မတာဖြစ်၏။

ဤသည်မှာ အချစ်အမုန်းကြောင့်
ဖြစ်ပေါ်လာသည့် အပြစ်အရှုံးပင်
ဖြစ်၏။ အပြစ်သည် အကုသိုလ်ဖြစ်ပြီး
အရှုံးသည် အကုသိုလ်၏ အကျိုးဖြစ်၏။

ထိုသဘော၏ အခြေခံအကြောင်းသည်
တွယ်တာမှုတဏှာကြောင့် ဖြစ်၏။
ထို့ကြောင့် တိုတောင်းလှသည့်
ဘ၀အခိုက်အတန့်တွင် ပူလောင်မှုကို
ဖြစ်ပေါ်စေတတ်သည် တဏှာ၊
ထိုတဏှာကြောင့် ဖြစ်ပေါ်စေသည့်
ချစ်ခြင်း၊ မုန်းခြင်းကို သတိဖြင့်
ဆင်ခြင်ကာ နေရသည့်အခိုက်
အကောင်းဆုံးနေနိုင်စေရန်
မည်သည့်ပုဂ္ဂိုလ်၊
မည်သည့်အရာအပေါ်မျှ
အနှောင်အဖွဲ မဖြစ်စေဘဲ
မချစ်မမုန်းစနစ်ကို ကျင့်သုံးကြခြင်းဖြင့်
အကောင်းဆုံး နေနိုင်အောင်
ကြိုးစားသင့်ပါကြောင်း အကြံပြုရင်း
“မချစ်မမုန်း အကောင်းဆုံး”ဟူသော
ကဗျာလေးဖြင့် ဤစာစုအား
အဆုံးသတ်လိုက်ရပါသည်။

“မချစ်မမုန်း အကောင်းဆုံး”
---------------------

ချစ်ခြင်း မုန်းခြင်း
နှလုံးသွင်းမှာ၊
အချစ်များက
အပြစ်များ၍၊
အမုန်းများက
အရှုံးပွား၏။
ချစ်ခြင်းမုန်းခြင်း
ရှောင်ကြဉ်ကင်း၍၊
မေတ္တာ (ဥပေက္ခာ)နှလုံး
ကျင့်ကာသုံးသည့်၊
အဖြူစင်ဆုံး
ဤကျင့်ထုံးကား၊
အပြစ်လည်းကင်း
အရှုံးကင်းမည့်၊
မချစ်မမုန်း
အကောင်းဆုံးတည်း။ ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
#သစ္စာအလင်း
မြတ်ဗုဒ္ဓ၏သာသနာpageပြန်လည်တင်ဆက်သည်