စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, March 11, 2017

ဘာကိုကြောက်သင့်သလဲ

"ဘာကိုကြောက်သင့်သလဲ"
**********************

လူ့ဘဝတွင် ကြောက်စရာအကောင်းဆုံးကား-

- မသေမီ လူမုန်းခံရမည်နှင့်
- သေပြီးနောက် မကောင်းသောဘဝ ရောက်ရမည်ကို
ကြောက်စရာအကောင်းဆုံး ဖြစ်လေသည်။

ရှေးကံကြောင့် လူဖြစ်လာရသော ဘဝတွင်
ကြောက်စရာအကောင်းဆုံးကား- ဤ (၂) ချက် သာ
ဖြစ်သည်၊ ကြောက်သင့်သောအချက်ကို သိထားက..
မကြောက်သင့်သောအရာကိုပါ နားရှင်းပြီးသား
ဖြစ်ပေမည်။

ရှောင်နည်းကား အလွယ်သာဖြစ်၏။

၁။ မသေမီ လူလူချင်း မုန်းတီးခံရမည်ကို
ကြောက်လျှင် လူမုန်း မခံရအောင် နေပါ။

၂။ သေပြီးနောက် မကောင်းသောဘဝ ရောက်ရမည်ကို
ကြောက်လျှင် အကုသိုလ်မှန်သမျှကို ရှောင်ပါ။

အပြောအဆို
-------------
လူ့ပြည်တွင် လူလူချင်း မုန်းတီးခံနေရခြင်းလောက် ကြောက်စရာကောင်းသောအရာ မရှိချေ၊ အကြောင်းမှာ မုန်းနေပြီဆိုလျှင် ရင်းနှီးသော သား, မယားကပင် မကြည်ဖြူတော့ချေ၊ မိဘကတောင် မသထာ၊ မွေးဖော်ချင်းကပင် မခေါ်ချင်၊ မိတ်ဆွေရင်းကပင် မတွေ့လို ဖြစ်တတ်၏။

အမှန်မှာ လူမုန်းခံနေရသော လူ့ဘဝသည် ပျော်မွေ့ဖွယ်လည်း မရှိပေ၊ ပျော်မွေ့ဖွယ်ရာ မတွေ့သော လူ့ဘဝ၌ လူဖြစ်နေရခြင်းကား အရှုံးကြီး ရှုံးလေတော့သည်။
သူတစ်ပါးမုန်းမည်ကို ကြောက်နေလျှင် ဘာအလုပ်မှ လုပ်၍ မဖြစ်နိုင်ဟု သာမန်လူတို့က ပြောတတ်ကြသေးသော်လည်း နည်းလမ်းကျသော စကား မဟုတ်ချေ။

ဥပမာ… လူတစ်ယောက်သည် တရားမမှန်ရာ- မရိုးသာရာကို ပြုလုပ်နေသည်မြင်က တရားမှန်ဖြစ်ရန် ရိုးသားပါရန်အတွက် ဖြောင့်ဖြောင့်ဆန့်ကျင်သော စကားကို ပြောဆိုက အမှန်မုန်းမည် ဖြစ်၏၊ ယင်းသို့ ဖီလာ ပြောဆိုခြင်း အလေ့ကား လိမ္မာရေးခြားရှိသော လူကောင်း သူကောင်းတို့ ပြောနည်းမျိုး မဟုတ်သောကြောင့် ရှောင်ရမည်။

သာယာနာပျော်ဖွယ်သော စကားဖြင့် လိမ္မာစွာ ဆိုဆုံးမခြင်းအလေ့ကို အထုံမရှိသေးကလည်း မပြတ်လေ့လာ၍ ပီယဝါစာ စကားဖြင့် ပြောလေ့ပြောထ ရှိစေရမည်၊ ထိုအခါ မိမိလိုရာသို့လည်း ရောက်မည့်အပြင် ချစ်ခင်လေးစားခြင်းပင် ခံရပေဦးမည်၊ ထို့ကြောင့် 'စကားမချိုသာလျှင် လိုရာမပြီးစီး'ဟု ဝိဓုရဇာတ်တော်၌ ဆိုလေသည်။

ချိုသာသောစကားသည် ကြားရသူ၌ အထူး နှစ်သက်၍ အစဉ်အောက်မေ့နေတတ်သည်၊ ကြမ်းတမ်းသော စကားကို မနှစ်သက်ကြသလောက် သာယာချေငံသော စကားကိုမူ မနှစ်သက်သူမရှိချေ။

ကိုယ်အမူအရာ
---------------
အပြောမဟုတ် အလုပ်အားဖြင့်လည်း တစ်ဖက်သား မုန်းတီးစေတတ်သော အမှုကို မည်သည့်အခါမျှ မပြုအပ်ချေ။ အတတ်နိုင်ဆုံးနည်းဖြင့် ရှောင်အပ်ပေသည်။

ကိုယ်အမူအရာသည် နေရာတကာ၌ အရေးကြီး၏၊ အထက်လူကြီးများနှင့် ဆက်ဆံရာ၌ဖြစ်စေ၊ အောက် ငယ်သားတို့၌ ဆက်ဆံရာ၌ ဖြစ်စေ၊ ကိုယ်အမူအရာ မကောင်းမှုကြောင့် အထက်လူကြီးတို့က မကြိုက်ခြင်း၊ အောက် ငယ်သားတို့က မုန်းတီးခြင်းကို ခံရတတ်သည်။

ဆေးဆရာသည် လည်းကောင်း၊ ရှေ့နေသည် လည်းကောင်း၊ တရားသူကြီးသည် လည်းကောင်း၊ ရုံးထိုင်အရာရှိသည် လည်းကောင်း၊ ကုန်သည်ပွဲစားသည် လည်းကောင်း ကိုယ်အမူအရာ အချိုးကျမှ လူသူ ရိုသေခြင်းခံရမည်၊ ယုတ်စွအဆုံးက ဒရိုင်ဘာ- စပယ်ယာတို့ပင် ကိုယ်အမူအရာ ရိုင်းပျမှုရှိက ခရီးသည် အမြင်ကပ်ခြင်း ခံရမည်မှာ သေချာ၏၊ ကိုယ်အမူအရာသည် စကား တစ်ခွန်းမျှ မပြောသော်လည်း မြင်ရုံနှင့် သူတစ်ပါးအကဲခတ်တတ်သော ကိစ္စဖြစ်လေရာ ရိုးသားသောအမူအရာ၊ ယဉ်ကျေးသိမ်မွေ့သော အမူအရာ၊ လူတစ်ဖက်သားကို လေးစားတတ်သော အမူအရာမျိုးကို အမြဲတမ်း ရှိစေရာ၏။

လူ့ပြည်တွင် အကောင်းဆုံးနှင့် အလှပဆုံးသော အသွင်အပြင်ကား ရိုးသားဖြောင့်မတ်ခြင်းနှင့် ယဉ်ကျေးမှုအမူအရာပင် ဖြစ်ပေသည်။ အထူးသဖြင့် ကြမ်းတမ်းသောရိုင်းပျသော အမူအရာ၊ ဆန်းပြားလွန်းသော အမူအရာ၊ ဣနြေ္ဒမဲ့လွန်းသော အမူအရာမျိုးကို တစ်ကြိမ်တစ်ခါမျှ မပြုမိစေရန် သတိပြု ရှောင်ရှားရာသည်။

နောင်အတွက်သာ
-------------------
လူသည် ဒီဘဝနှင့် မပြီးသေး၊ တစ်နေ့သောအခါတွင် ဤခန္ဓာကိုယ်ကြီးကို စွန့်၍ သေသွားရပေဦးမည်၊ သေပြီးသောအခါ နောင်တစ်ဖန် ဘဝသစ်၌ သတ္တဝါ တစ်ဦးတစ်ယောက် ဖြစ်ပေါ်ရဦးမည်မှာ အထက်သို့မြှောက်၍ ပစ်လိုက်သောခဲတစ်လုံးသည် အောက်သို့ အမှန် ပြန်ကျရသကဲ့သို့ ဧကန်မလွဲချေ။

လူ၏ဘဝကို အရကြီး ရလာပြီးမှ မကောင်းသောဘဝသို့ ကျရောက်သွားရမည်မှာ ကြောက်ဖို့အကောင်းဆုံးဖြစ်၏၊ ထို့ကြောင့် သုဂတိဘုံသို့ လားကြောင်း ကောင်းမှုတရားတို့ကိုလည်း နေ့စဉ် ဖြည့်ဆည်းပါ၊ အမြဲ သတိပြု၍ ကြိုးစား ပြုပြင်သွားရန် သင့်အတွက် တိုက်တွန်းလိုပါသည်။

သတ္တဝါအားလုံး ချမ်းသာကြပါစေ…

"ကျေးဇူးတော်ရှင် တောင်တန်းသာသနာပြု
ဆရာတော်ဘုရားကြီး အရှင်ဦးဥတ္တမသာရ"

#သစ္စာရောင်ခြည်
မြတ်ဗုဒ္ဓ၏သာသနာ

No comments:

Post a Comment