စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, April 26, 2022

ကျောင်းကိုရောက်လျှင် အကျင့်ပြင်

ကျောင်းရောက်နေကျ မဟုတ်တဲ့ အချို့သော ဒကာ-ဒကာမတွေ ကျောင်းကို ရောက်လာတဲ့အခါ ဟိုကြည့် ဒီကြည့်၊ ဟိုချောင်း ဒီချောင်းနဲ့၊ ကြောက်သလိုလို၊ ရွံ့သလိုလို။ ဟိုဦးဇင်းဆီ လာတာလိုလို၊ ဒီဦးဇင်းဆီ လာတာလိုလိုနဲ့။

ပြောရရင် ဗုဒ္ဓဘာသာဝင်တစ်ယောက်က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို လာတာနဲ့ကို မတူဘူး။ ကျောင်းပေါ်တက်လာပြီဆိုရင် အချို့ယောက်ျားကြီးတွေဆို အင်္ကျီမပါဘူး။ မတ်တတ်မတ်တတ်နဲ့၊ မျက်လုံးက ကျီးကြည့် ကြောင်ကြည့်နဲ့။ ဒီက,နေ "ဘာလိုအပ်လို့လဲ"လို့ မေးလိုက်ရင် အချို့တွေများဆို ခန္ဓာကိုယ်တွေ ဘာတွေတောင် တုန်တက်သွားတယ်။ အဲလိုမေးလိုက်မှ ရှေ့တည့်တည့်ကြီး လာရပ်ပြီး "ဟွာလေ ကျနော်/ကျမတို့ကို ဘယ်သူက ဘာငှါးခိုင်းလိုက်လို့"လို့ ထစ်တီးထစ်ငေါ့နဲ့ ပြောတယ်။

ကိုယ်ဖြစ်စေချင်တာက အဲဒီလိုမဟုတ်ဘူး။ ကျောင်းကိုလာတာပဲ၊ လာပေါ့ ရဲရဲဝံ့ဝံ့။ ကျောင်းပေါ် တက်လာခဲ့။ ဗုဒ္ဓဘာသာဝင်ဆိုရင် ကျောင်းပေါ် ရောက်တာနဲ့ (ကိုယ့်ကို ဦးမချချင်နေ) ဘုရားကိုတော့ ဦးချ။ ပြီးရင် လျှောက်စရာ(ပြောစရာ)ရှိတာကို "ဘာလျှောက်ချင်လို့ဘုရာ့၊ ဘာလုပ်ချင်လို့ဘုရာ့၊ ဘာဖြစ်ချင်လို့ဘုရာ့၊ ဘာလိုချင်လို့ဘုရာ့"စသည်ဖြင့် ရဲရဲဝံ့ဝံ့၊ ပွင့်ပွင့်လင်းလင်း၊ ယဉ်ယဉ်ကျေးကျေးနဲ့ လျှောက်စေ(ပြောစေ)ချင်တာ။

ဒါမှ ကိုယ်တွေကလည်း ကူညီနိုင်တာဆို ကူညီ၊ လုပ်ပေးစရာဆို လုပ်ပေး၊ ငှါးပေးစရာဆို ငှါးပေး စသည်ဖြင့် သူတို့ လိုအင်ကို ဂဃနဏ သိမှာပေါ့လေ နော့။ အခုတော့ ဟုတ်ပေါင်ဗျာ။ ကျောင်းပေါ်ရောက်တာနဲ့ မတ်တတ်ကြီးတွေ။ ကိုယ်အော်ရင် "အော်တယ်"လို့က ပြောသေးတယ်။

အဲဒါနဲ့ မနေ့ကပဲ ဒီလင်္ကာလေးတွေ ဗီနိုင်းထုတ်ပြီး ကျောင်းလှေကားတက် ချိတ်ထားလိုက်တယ်။ အေးရော။ ဒီလင်္ကာက ကလေးတွေတင်မကဘူး၊ လူကြီးတွေကိုပါ စိတ်ထဲအထိ နားလည်မှတ်မိနေအောင် လုပ်ခိုင်းရမယ့်စာ။ တော်တော်လေးတော့ အောင်မြင်ပါတယ်။ ဒီနေ့ ကျောင်းလာတဲ့ နှစ်ယောက် သုံးယောက် စမ်းသပ်ကြည့်တာ။ "လှေကားတက်မှာ ဘာတွေ့ခဲ့လဲ"ဆိုတော့"ဗီနိုင်းကြီး ချိတ်ထားတာတော့ တွေ့ခဲ့တယ်၊ ဒါပေမဲ့ သေချာဖတ်ကြည့်ခဲ့ပေါင်" တဲ့။ ကိုင်း ကောင်းကြရော😄😄။

#မှတ်ချက်_ဝန်ခံချက်

ဒီလင်္ကာတွေကတော့ #ကောလင်း_အင်ပင်လှရွာကျောင်း_ဆရာသမားဆီက_ကြားခဲ့ရတဲ့_လင်္ကာ_နှစ်ကြောင်း_သုံးကြောင်းကို_အခြေခံပြီး ရွတ်လွယ် မှတ်လွယ်ဖြစ်အောင် ကိုယ့်ဘာသာ ဖြည့်/ချဲ့ပြီး ရေးထားပါတယ်။ တကယ်လို့ ဒီအထဲက အချို့စာကြောင်းတွေဟာ အခြားသော ဆုံးမစာ စာကြောင်းတွေနဲ့ တူနေတာ၊ ကူးချထားတယ်လို့ ယူဆစရာများ တွေ့ခဲ့/ ရှိခဲ့/ သိခဲ့ရင် မူရင်းလင်္ကာစာပိုဒ်၊ မူရင်းစာရေးသူတို့ကို ပြောပြပြီး ပွင့်ပွင့်လင်းလင်း လာရောက် သတိပေး ကူညီကြစေလိုပါတယ်။ (ကိုယ်တိုင်ရေးထားတာဖြစ်ပေမဲ့ တူနေတာမျိုးတွေရှိနေတတ်လို့ပါ)။

#နှစ်သက်သဘောကျသော_ကျောင်းထိုင်ဘုန်းကြီးများ_ဆရာတော်များ ရှိခဲ့ရင်လည်း #လွတ်လပ်စွာယူပြီး_အသုံးပြုနိုင်ပါတယ်ဘုရား။

အရှင်ကောသလ္လ(ရေဦး)

Credit... 

တရားထိုင်တဲ့အခါ.. အတိတ်ဘဝ က အကြောင်းတွေ မြင်တဲ့ သူများအတွက်

"တရားထိုင်တဲ့အခါ.. အတိတ်ဘဝ က အကြောင်းတွေ မြင်တဲ့ သူများအတွက်"
••••••••••••••••••••••••••••••••••
              မိမိတို့ရဲ ့သံသရာ ဝဋ်ဆင်းရဲကနေ လွတ်မြောက်ဖို့အတွက် ဝိပဿနာ ကို ကျင့်ကြံ အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေများအတွင်း ဉာဏ်စဉ်တွေ အတော်ပေါက်မြောက်လာကြတာ တို့၊ တစ်ချို့ပုဂ္ဂိုလ်များဟာလည်း မိမိတို့စိတ်ချရတဲ့ အနေထားကို ရောက်ရှိသွားကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာကြလို့စတဲ့ ပုဂ္ဂိုလ် အသီးသီးတွေမှာ တစ်ချို ့ပုဂ္ဂိုလ်တွေဟာ တရားရှုမှတ်နေတဲ့အချိန် မိမိရဲ့ ဟိုးအယင် အတိတ်ဘဝ ကို ပြန်မြင်တာတွေ ရှိကြပါတယ်။
                အဲဒီလို ပြန်မြင်ကြတဲ့အချိန်မှာ ပြသနာအနေနဲ့ဝိပဿနာ အားထုတ်လို့အတော်အတန်အဆင့်ရောက်နေပြီးဖြစ်တဲ့ ပုဂ္ဂိုလ်တို့က ပေါ်လာတဲ့ အတိတ်ဘဝ ကို လည်း ရှုလို့ရသလားဆိုတဲ့ ပြသနာပါ ။မိမိတို့တရားစတင် အားထုတ်စဉ်ကတည်းက သိထားတာက ဝိပဿနာ ဆိုတာ ပစ္စုပ္ပန်မှာ ပေါ်တာ ကို ရှုရမယ်ဆိုတာ သိထားတဲ့ အလျောက်၊ ပေါ်တာကို ဘဲ ရှုခဲ့ကြလို့လည်း အထိုက်လျောက် ဖြစ်လာကြပါပြီ။
              ဒါပေမဲ့ အခုလို အခြေနေမျိုး ကြုံတွေ့လာခဲ့ရင် ဒါမှမဟုတ် အခုကြုံတွေ့နေဆဲ ဖြစ်တဲ့ ဓမ္မမိတ်ဆွေတို့ဟာ ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ နည်းကို သိရှိကြစေရန် အတွက် ဖတ်ရှုထားဘူးတဲ့ ဆရာတော် "ဓမ္မဒူတ အရှင်ဆေကိန္န" ဖြေကြားထားတဲ့ တရားသင်တန်းအမေးဖြေတွေ ထဲ ကနေ ကောက်နှုတ်ပြီး ရေးသားကာ ဓမ္မဒါနပြုလိုက်ပါတယ်။
              
                  ဒီအကြောင်းရာကို မရေးသားခင်မှာ ဓမ္မမိတ်ဆွေတို့ဦးစွာပထမ ဖြစ်ပေါ်နေတဲ့ မေးခွန်းတွေ ရှိကောင်းရှိမှာပါ...။အဲဒီလို ရှိနိုင်တဲ့ မေးခွန်းတွေကတော့..
              ဝိပဿနာ အားထုတ်လို့တရားထိုက်တဲ့ အခါမှာ အတိတ်ဘဝ တွေ ကို မြင်နိုင်ပါသလား?
               အဲဒီလို အတိတ်ဘဝ တွေကို မြင်တာဟာ ဝိပဿနာဉာဏ် နဲ့ ဆိုင်ပါသလား?
              ပြီးတော့..
               ဝိပဿနာတရားဟာ "အတိတ်ဘဝ "ကို မြင်တဲ့အခါ ရှုလို့ရပါသလား ဆိုတဲ့ မေးခွန်းတွေပါဘဲ။

                 အတိတ်ဘဝ ကို မြင်နိုင်ပုံတွေ အများကြီးရှိပါတယ်။
                 "ပုဗ္ဗေနိဝါသာနုဿတိ" လို့ခေါ်တဲ့ အဘိဉာဏ် ရလာလို့ရှေးဘဝတွေ မှာ နေခဲ့ဘူးတဲ့ "ခန္ဓာအစဉ်၊ အမျိုးအနွယ်၊ အမည်နာမ" စတာတွေကို မြင်နိုင်တာမျိုးတွေလည်းရှိပါတယ်။ ဒါကတော့ ဘုရားရှင်ရဲ့ ဉာဏ်တော်ကြီးထဲမှာ ပါဝင်ပါတယ်။
                  ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဟာ အစွမ်းတစ်မျိုးမျိုးကြောင့် အတိတ်ဘဝ အကြောင်းတွေကို မြင်လာတာမျိုးလည်းရှိတတ်ပါတယ်။ တစ်ချို ့ဆို ကလေးဘဝ က စကားပြောတတ်ခါစ အရွယ်မှာ ယခင်အတိတ်ဘဝက မိမိရဲ့သက်ဆိုင်တဲ့ အကြောင်းတွေ ပြောလာပြီး အရွယ်ရောက်လာမှ မေ့လျောသွားကြသူတွေလည်းရှိပါတယ်။ တစ်ချို ့ပုဂ္ဂိုလ်တွေကျတော့လည်း အရင်တုန်းကတော့ သူလို ကိုယ်လို သာမန်ပုဂ္ဂိုလ်ပါဘဲ၊ အသက်ရွယ်ရလာလို့တရားကျင့်ကြံအားထုတ်တော့မှဘဲ အဲဒီလို အတိတ်ဘဝတွေ ကို ပြန်မြင်လာတာတို့တွေ လည်း ရှိကြပါတယ်။
             အဲဒီလိုပါဘဲ အတိတ်ဘဝက မြုပ်နှံထားတဲ့ ရွှေအိုးတွေကို ဖော်ထုတ်ပြနိုင်တာမျိုးလို စာပေကျမ်းကန်တွေမှာလည်း ပါရှိပါတယ်။
             ပြီးတော့ တခြား တခြားသော လူများကူညီလို့အတိတ်အကြောင်းသိနိုင်တဲ့ သာဓက တွေ လည်းများစွာရှိပါတယ်။
               နောက်ပြီး ကိုယ်ပိုင် စိတ်စွမ်းအားနည်း မျိုးမျိုး နဲ့သိနိုင်တာလည်းရှိပါသေးတယ်။အတိတ်အကြောင်းကို သာမာန်အမှတ်ရလို့သိတာမျိုး၊ ဘုရားရှင်တို့ရဲ ့ဉာဏ်တော်ကြီးတွေနဲ့သိတာမျိုးတွေလည်းရှိပါတယ်။
                ကိုယ်ပိုင်စိတ်စွမ်းအားဆိုတာက ခုနပြောခဲ့သလို ပင်ကိုယ်မွေးရာပါအသိမျိုး၊အမှတ်သညာ နဲ့သတိအားကောင်းခဲ့မှုတွေကြောင့် ဖြစ်လာတဲ့ " ဇာတိဿရဉာဏ်" လို့ခေါ်တဲ့ လူဝင်စား ဆိုတဲ့ အသိမျိုးဖြစ်ပါတယ်။
ဒါမှမဟုတ်.
မိမိရဲ ့စိတ်ကို ဖုံးလွှမ်းကာဆီးထားတဲ့ " နီဝရဏ"တွေ၊
လိုချင်မှု......................."ကာမစ္ဆန္ဒ"
အလိုမကျမှု................. " ဗျာပါဒ"
အိပ်ချင်ငိုက်မြည်းမှု......." ထိနမိဒ္ဓ "
စိတ်ပြန့်လွှင့်မှု............... " ဥဒ္ဓစ္စ "
ပူပန်မှု.......................... " ကုက္ကုစ္စ"
သံသယရှိမှု................... " ဝိစိကိစ္စ "
မသိမှု............................ " အဝိဇ္ဇာ "
           ဆိုတဲ့ အတားအဆီးတွေ မရှိတဲ့ အခိုက်မှာလည်း မြင်နိုင်ပါတယ်။
           ဒီလို မြင်မှုတွေဟာ မျက်စိမှိတ်ထားမှမြင်တာမဟုတ်ပါဘူး။ မျက်စိဖွင့်ထားလည်းပဲ မြင်နိုင်ပါတယ်။
          နောက်တစ်မျိုးက...
           အတိတ်ဘဝအကြောင်းတွေကို မစဉ်းစားလိုက်ရဘဲ နဲ့အလိုလို ပေါ်လာလို့သိလိုက်၊ မြင်လိုက် ရတာရယ်၊ စဉ်းစားလို့ပေါ်တာရယ် ဆိုတာလည်း ရှိပါသေးတယ်။ ဒါကတော့ သတိအမှတ်ရမှု အားကောင်းခဲ့လို့၊အမှတ်သညာ အားကြီးခဲ့လို လို့ဆိုချင်ပါတယ်။
            မစဉ်းစားလိုက်ရဘဲနဲ့ အလိုလိုဆိုတာကတော့ ဗုဒ္ဓတရားတော်မှာ ဒီအယူဆမျိုးကိုတော့ လက်မခံပါဘူး။ ဘာလို့လည်းဆိုတော့ မသိလို့သာ အလိုလို လို့ဆိုရပေမယ့် အကြောင်းတရားကင်းပြီး ပေါ်လာတယ် ဆိုတာ မရှိလို့ပါဘဲ။
            အတိတ်ဘဝ သံသရာအစဉ် မှာ မမြင်ဘူး၊ မတွေ့ဘူးခဲ့တာဟာ "နိဗ္ဗာန်" တစ်ခုတည်းပါလို့ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။
            ကျန်တဲ့ အာရုံတွေကတော့ တွေ့ခဲ့ဘူးကြပါတယ်။ဘာလို့လည်းဆိုတော့ လောကသံသရာထဲမှာ ကြိမ်ဖန်များစွာကျင်လည်ခဲ့ရတဲ့ ဘဝပေါင်း၊အချိန်ပေါင်းများစွာရှိခဲ့လို့ပါဘဲ။ အဲဒီလို ကျင်လည်ခဲ့ကြစဉ်အခါက တွေ့ကြုံခဲ့ရတဲ့ အာရုံတွေကို သညာမှတ်သားမှု၊ သတိအမှတ်ရမှုတွေနဲ့စုဆောင်းခဲ့တဲ့ အာရုံပုံရိပ်တွေဟာ အကြောင်းဆုံလို့ပြန်ပေါ်ခွင့်ရှိတာနဲ့တစ်ပြိုင်နက် ပေါ်လာကြတဲ့သဘောပါဘဲ။ ဒီသဘောကို မသိလို့သာ မစဉ်းစားဘဲ အလိုလိုပေါ်တယ်လို့ဆိုကြတာပါ။
               စဉ်းစားလို့အာရုံတွေ ပေါ်တာလည်း ရှိတတ်ပါတယ်။
အခုဒီစာဖတ်နေတဲ့ ဓမ္မမိတ်ဆွေ အနေနဲ့ပြောကြပါစို့..ငယ်ငယ်တုန်းက သင်္ကြန်ကျခါနီးပြီဆိုရင် ပျော်ချင်ပါးချင်တဲ့ စိတ်ကလေး ဖြစ်ခဲ့ဘူးပါတယ်၊ပျော်လည်းပျော်ခဲ့ကြဘူးပါတယ်။ ဒီလိုပြောလိုက်လို့အတိတ်သင်္ကြန်ကို ပြန်ပြီး အမှတ်ရသွားပါတယ်၊ အဲဒီတုန်းက သညာ နဲ့မှတ်သားခဲ့တဲ့ အာရုံအမှတ်အသားတွေဟာ ပြန်ပေါ်လာပါတယ်။အာရုံတွေ အမျိုးမျိုးဟာ အရင်တွေ့ကြုံခဲ့ဖူးတဲ့အတိုင်း တစ်သွေမတိမ်း ပုံစံတူပြန်ပေါ်လာပါတယ်။ မိမိရဲ ့စိတ်ကလည်း ဒီအာရုံတွေကို ပြန်မြင်ပြီး အဲဒီငယ်ငယ်တုန်းက စိတ်မျိုးပြန်ဖြစ်သွားပါတယ်။
        ဒီတော့ အဲဒီတုန်းက အသက်အရွယ်၊ အခြေအနေ၊ ပတ်ဝန်းကျင်ကိုဘဲ လက်ခံပြီး ပြုံးစရာတွေကြုံရင် ပြန်ပြီး ပြုံးမိပါတယ်။ ကြေကွဲစရာတွေ ပေါ်ရင်လည်း ပြန်ပြီးကြေကွဲမိကြပါတယ်။အတိတ်အာရုံတွေ ဆိုတာ အသိမကပ်နိုင်တော့ပါဘူး။
          ဒါကတော့ စဉ်းစားလို့အတိတ်ဘဝ အာရုံပေါ်တဲ့ သဘောပြောတာပါ။ အဖေ နဲ့အမေ ကို စဉ်းစားရင် အဖေ နဲ့အမေ ရဲ ့အာရုံတွေဟာ အရင်က မှတ်သားခဲ့တဲ့အတိုင်း ပြန်ပေါ်လာပါတယ်။မိမိစဉ်းစားချင်တာတွေ စဉ်းစားပြီး စမြုံ့ပြန်လို့လည်း ရနိုင်ပါတယ်။ ဒါကတော့ စဉ်းစားလို့အတိတ်ကို မြင်တဲ့သဘောပါ။
         ဒါ့အပြင် အရင်တုန်းက "ငါရှင်ဘုရင် ဖြစ်ခဲ့တယ်နဲ့ တူတယ်" ဆိုတဲ့ စိတ်၊ ကိုယ် ကိုယ်တိုင် မသိလိုက်တဲ့ စိတ်က ပုံဖေါ်ပေးတဲ့အတွက်ကြောင့် ရှင်ဘုရင်ပုံနဲ့မိမိကိုယ်မိမိ ပြန်မြင်တာမျိုးတွေ၊ ပုံစံအမျိုးမျိုး၊ အကြောင်းအရာ အမျိုးမျိုးတွေကို စိတ်ကူးနဲ့ပုံဖော်တာတွေလည်း ရှိသေးတယ်ဆိုတာ နားလည်ထားစေချင်ပါတယ်။
           ဒါကတော့အတိတ်အကြောင်းကို သာမာန်အမှတ်ရလို့သိတာမျိုး နဲ့သက်ဆိုင်တဲ့ သဘောတွေပါ။
            ဗုဒ္ဓဘုရားရှင်ရဲ ့ သဗ္ဗညုတဉာဏ်၊ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်ကြီးနဲ့သိမြင်တာကတော့ဖြင့် အဆင့်မြင့်လွန်းပါတယ်။ အမှန်အတိုင်းလည်း သိမြင်ပါတယ်။
            တချို ့တွေ သိမြင်တာက အဆင့်နိမ့်တာတွေလည်း ရှိပါသေးတယ်။မမှန်ကန်ဘဲ စိတ်အထင်နဲ့မြင်တာမျိုးတွေလည်းရှိတတ်ပါတယ်။ အဆင့်နိမ့်အတိတ်ဘဝ မြင်မှုဆိုတာ အချိန်ကာလ အားဖြင့် နောက်ပြန်ရေတွက်ရင် ကမ္ဘာ(၄၀)ကို မြင်နိုင်ကြပါတယ်။တစ်ကမ္ဘာမှာ ဘဝပေါင်း ဘယ်လောက်နေခဲ့ရတယ်ဆိုတာက မရေတွက်နိုင်အောင် အကြိမ်ပေါင်းများပြားလှပါတယ်။ကမ္ဘာ(၄၀)ရဲ့ဘဝဆိုတော့ စဉ်းစားသာကြည့်ပါ။
            ဒီလောက်များတဲ့ ဘဝပေါင်းကို မြင်တွေ့နိုင်တဲ့ အသိဉာဏ်ပင်လျှင် အဆင့်နိမ့်လွန်းပါတယ်..တဲ့။ဘာလို့လည်းဆိုတော့ အယူဖြောင့်မှန်မှု မရှိကြသေးတဲ့ ပုဂ္ဂိုလ်တွေသည်ပင်လျှင် အဲဒီလောက် ကမ္ဘာလေးဆယ်ထိ ပြန်မြင်နိုင်ပါတယ်.. တဲ့။

         ဒါကတော့ အတိတ်ဘဝ ကို ပြန်မြင်တာ နဲ့ပတ်သက်လို့ရှင်းပြတာပါ။
            ဘာဝနာ တရားအားထုတ်ကြတဲ့ နေရာမှာ အတိတ်ဘဝကို မြင်လည်းမြင်နိုင်မယ်၊ မမြင်လည်းမမြင်နိုင်ပါဘူး။ မြင်ပြန်တော့လည်း မှန်လည်းမှန်နိုင်တယ်၊ မမှန်လည်းမမှန်နိုင်ပါဘူး။ ဝိပဿနာအားမထုတ်တဲ့ လူတွေလည်း ထို့အတူပါဘဲ။မြင်တဲ့လူမြင်တယ်၊ မမြင်တဲ့လူမမြင်ပါဘူး။

              နောက်ထပ် အတိတ်ဘဝကို မြင်တာ ဝိပဿနာ ဉာဏ်နဲ့ဆိုင်သလား ဆိုတာ ရှင်းပြပါအုံးမယ်။
              အတိတ်ဘဝ အတိတ်အာရုံဆိုတာ ပုံသဏ္ဌာန်၊အရွယ်အစား၊အရောင်အဆင်းဆိုတာတွေ ပါဝင်နေပါတယ်။ ဟိုတုန်းကဆိုတဲ့ အတိတ်ကာလ အချိန်တွေပါဝင်နေပါတယ်။ သတ္တဝါ ပညတ်အာရုံတွေ ဖြစ်တဲ့ ဒီအာရုံတွေကို မြင်နေသမျှ၊ စွဲယူထားသမျှ၊ ပရမတ်အာရုံ၊ ရုပ် နာမ်အာရုံတစ်ခုခုဟာ မထင်ရှားနိုင်၊မပေါ်နိုင်ပါဘူး။ဉာဏ်မှာလည်း မမြင်နိုင်ပါဘူး။
            အတိတ် ပညတ် အာရုံတွေကို မြင်နေတဲ့အခိုက် ဝိပဿနာဉာဏ်ကို နီဝရဏကိလေသာ တစ်ခုခုက ဖုံးအုပ်ထားပြီး ပရမတ်အာရုံကို ပညတ်အာရုံက ကာကွယ်ထားလိုက်ပါပြီ။ ဝိပဿနာဉာဏ် မဖြစ်နိုင်တော့ပါ။ အတိတ်အာရုံကောင်းကို ပြန်တွေ့ပြီး လောဘကိလေသာ၊အတိတ်အာရုံမကောင်းတာကို အာရုံပြုပြီး ဒေါသကိလေသာ၊ အတိတ်အာရုံရဲ ့သဘောကို သေချာမသိနိုင်တဲ့ မောဟကိလေသာဆိုတာတွေ ဖြစ်နေတတ်ပါတယ်။
           အကြောင်းတိုက်ဆိုင်လို့အတိတ်အာရုံပေါ်ခဲ့ရင်လည်း အာရုံကောင်းတာကို လောဘအဖြစ်မခံဘဲ သံဝေဂဉာဏ်၊ အာရုံမကောင်းတာကို ဒေါသအဖြစ်မခံဘဲ သံဝေဂဉာဏ် ရဖို့အရေးကြီးပါတယ်။ သံဝေဂဉာဏ် ရပြီဆိုရင် မသိမှုမောဟဆိုတာလည်း ခဏခွာပြေးနေပါတယ်။
             သံဝေဂဉာဏ်ဆိုတာ သံသရာအကြောင်းတွေကို သိမြင်မြင်ပြီး ဉာဏ်ပါတဲ့ ထိတ်လန့်မှုကို ခေါ်တာပါ။ သံသရာကိုကြောက်စိတ်၊ ကိလေသာတွေ ကို ရွံ့မုန်းစိတ်တွေ အားကောင်းလာတဲ့ ဉာဏ် ကို ခေါ်ပါတယ်။
              အတိတ်ဘဝကို မြင်ရင် သံဝေဂဉာဏ်မျိုးတော့ ဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့ကလည်း အတိတ်ကို မြင်တာနဲ့ပတ်သက်လို့သဘောကျ၊ ဝမ်းသာ၊ သူများတွေထက် ငါကသာတယ် ဆိုတဲ့စိတ်ဓာတ်မျိုးတွေ မရှိမှသာ သံဝေဂဉာဏ် ပေါ်နိုင်တာပါ။
               သံသရာကြောက်စိတ်၊ ကိလေသာရွံ့မုန်းစိတ် သံဝေဂဉာဏ် အစစ်ရပြီဆိုရင်တော့ ဝိပဿနာဉာဏ်အတွက် အထောက်ကူကောင်းရပါပြီ။ဝိပဿနာဉာဏ် ချက်ချင်းဆိုသလို ပေါ်လာနိုင်ပါပြီ။ ဒါကတော့ အတိတ်ဘဝ ကို မြင်တာဟာ ဝိပဿနာဉာဏ်နဲ့ဆိုင်သလားဆိုတာကို ရှင်းပြတာပါ။

             နောက်တစ်ခု....
             ဝိပဿနာ တရားဟာ အတိတ်ကို ရှုလို့ရပါသလား ဆိုတာပါ။
              အခုလောက်ရှင်းပြတာနဲ့အဖြေထွက်လောက်ပါပြီ။ဒါပေမယ့် ထပ်ရှင်းပြပါအုံးမယ်။
           "အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်" အာရုံ သုံးမျိုးစလုံး ကို ရှုလို့ရတယ် လို့ယူဆကြပါတယ်။
            ဝိပဿနာရဲ ့အာရုံဟာ ပစ္စုပ္ပန် လို့သာ လက်ခံတာလည်း ရှိကြပါတယ်။
              ဝိပဿနာ ဉာဏ်ဟာ ရုပ်အာရုံ၊ ဒါမှမဟုတ် နာမ်အာရုံ တစ်ခုခုကိုသာ အာရုံပြုပါတယ်။ လောဂီပရမတ် အာရုံ ရဲ ့သဘောကိုသာသိပါတယ်။
              အတိတ်က အကြောင်းတွေ ပြန်ပြီးပေါ်လာတဲ့အခိုက် ဒီအာရုံတွေဟာ မှတ်သားခဲ့ဘူးတဲ့ သညာ၊ အမှတ်ရလိုက်တဲ့ သတိကြောင့် ပေါ်လာတဲ့ အတိတ်အာရုံ၊ အတိတ်အကြောင်းအရာတွေပါ။
                  အတိတ်အာရုံ၊အတိတ်အကြောင်းအရာတွေဆိုပေမယ့် အတိတ်နဲ့ပုံစံတူပေါ်လာတဲ့ ပစ္စုပ္ပန်ရှုစိတ်၊ သိစိတ် နဲ့ပြိုင်တူစိတ် တစ်ခဏတိုင်းမှာ ဖြစ်နေကြတဲ့ အာရုံပါ။
                   နားလည်အောင် ပြောရင် အတိတ်ပုံစံတူ ပစ္စုပ္ပန်အာရုံပါ။
                   အနာဂတ်အာရုံ၊အနာဂတ် အကြောင်းအရာတွေကို စဉ်းစားတွေးတောတဲ့အခါမှာလည်း အနာဂတ်အာရုံတွေဟာ ပေါ်လာနိုင်ပါတယ်။
                     မရောက်လာသေးတဲ့ အနာဂတ် အချိန်ရဲ ့ဖြစ်လိုတဲ့အာရုံ၊ ဖြစ်နိုင်တဲ့ အာရုံတွေကိုတွေးလို့၊ပေါ်လာတဲ့အခိုက် ဒီအနာဂတ်အကြောင်းအရာတွေဟာ အနာဂတ်ပုံတူ ပစ္စုပ္ပန်အာရုံတွေပါဘဲ။ ဒီအာရုံကို သိတဲ့စိတ်၊ ရှုနေရင်လည်း ရှုစိတ်သည်ပင်လျှင် ပစ္စုပ္ပန်စိတ်ဖြစ်နေပါတယ်။ ဒီ သိစိတ်၊ရှုစိတ် နဲ့တစ်ချိန်တည်း အသိခံ၊အရှုခံ အာရုံဖြစ်နေလို့ အနာဂတ်ပုံတူ ပစ္စုပ္ပန်အာရုံလို့ ပြောရတာ ဖြစ်ပါတယ်။
                   "အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်" ဘယ်လိုအာရုံတွေ၊ ဘယ်လို အကြောင်းရာတွေပဲ ပေါ်ပေါ်၊ ရှုစိတ် အရှုခံ အာရုံဟာ ပစ္စုပ္ပန်အချိန်တိုင်း အချိန်တိုင်းမှာ ပြိုင်တူဖြစ်ပေါ်နေတယ်ဆိုတာ သဘောပေါက်ဖို့သာ အရေးကြီးပါတယ်။
                သဘောပေါက်ရင်ဖြင့် ဝိပဿနာတရားဟာ အတိတ်ကို ရှုလို့ရနိုင်ပါသလား ဆိုတဲ့ အမေးရဲ့အဖြေဟာ နားလည်သွားမှာပါ။
                 တကယ်တော့ ဒီမေးခွန်းရဲ ့အဖြေဟာ သိပ်ကိုနက်နဲသိမ်မွေ့တယ်လို့ဆိုပါတယ်။ တကယ်တန်းဖြေကြားရရင် ပါဋ္ဌိတော်၊ အဋ္ဌကထာ၊ ဋီကာ စတဲ့ အထောက်အထားတွေနဲ့ကိုးကားပြီးမှ ဖြေမှ ပိုပြီးသင့်လျော်မယ်လို့ ဆရာတော် "ဓမ္မဒူတ အရှင်ဆေကိန္န" က မိန့်ကြားထားပါတယ်။
                အကျဉ်းချုပ်ရရင်တော့ ဓမ္မမိတ်ဆွေ တို့အနေနဲ့အထက်က ပြောခဲ့သလိုဘဲ မိမိတို့ရဲ ့ဝိပဿနာဉာဏ် နဲ့ အရှုခံအာရုံ ရဲ ့သဘောတွေကို နားလည်နိုင်ကြပါစေလို့ဆန္ဒပြုရင်း ဤစာမျက်နှာဖြင့် ဓမ္မဒါန ပြုလိုက်ပါသည်။

( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)

Credit..

Thursday, April 21, 2022

မကောင်းတဲ့ အကုသိုလ်"ပယ်ဖျက်သော နည်းလမ်း

“မကောင်းတဲ့ အကုသိုလ်"ပယ်ဖျက်သော နည်းလမ်း
••••••••••••••••••••••••••••••
           ပုထုဇဉ်လူသားတိုင်း ကောင်းမှု၊မကောင်းမှုပြုကြပါသည်။ ကံ.. ကံ၏ အကျိုးကို ယုံကြည်ကြသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အလျောက် မိမိပြုခဲ့သော ကံအလ်ိုက် အကောင်း၊အဆိုး ကို စံစား၊ခံစားကြမယ် ဆိုတာ ယုံကြည်ထားကြပါသည်။ အကောင်းအဆိုး ဝေခွဲမရခင် အချိန်အခါက ကျူးလွန်ခဲ့သော မိမိတို့၏ မကောင်းမှုကံ ကို အကောင်းအဆိုးနားလည် သဘောပေါက်လာ ချိန်တွင် နောင်တရစေလျက်၊ မိမိတို့၏ ပြုလုပ်ခဲ့သော မကောင်းမှုကံကြောင့် ခံစားရမဲ့ ဆိုးကျိုးကို ပပျောက် စေချင်ကြပါသည်။ သို့ဖြစ်ပါ၍ မိမိ ကဲ့သို ပင် ခံစားရသော "မကောင်းမှုအကုသိုလ်"များ ပပျောက်စေရန် ရရှိထားသော နည်းကို ဓမ္မမိတ်ဆွေများ အား ထပ်တူထပ်မျှရရှိကြစေရန်မျှဝေပေးလိုက်ပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••
                အခြေအနေ၊ အကြောင်းကြောင်းတွေကြောင့် လူမှုပတ်ဝန်းကျင်မှာနေထိုင်ကြစဉ်အတွင်း လူတိုင်းလူတိုင်းကိုယ်စီ အမှားမကင်းနိုင်ကြပါဘူး၊ အမှားဆိုတာကလဲ "လောကအမှား၊ သံသရာ အမှား"၊ တနည်းအားဖြင့် "လောကီအမှား၊လောကုတ္တရာ အမှား"လို့ ဆိုရမှာပါ။

                အလုပ်ထဲလုပ်ငန်းခွင်ထဲမှာ၊မိတ်ဆွေတွေကြားမှာ၊ မိသားစုမှာ၊ စသည် မှားတတ်တာမျိုးကို"လောကအမှား၊လောကီ အမှား" လို့ ဆိုနိုင်ပါတယ်၊ 
              ဒါမျိုးက"ပြန်လည်ပြင်ဆင်ခွင့်" ရှိနိုင်ပါသေးတယ်။

                "သံသရာ အမှား" ဆိုတာကတော့ "အရိယာသူတော်ကောင်း၊ ဆရာသမား၊
လူကြီးမိဘတွေ"အပေါ်မှာ ကံသုံးပါး တပါးပါးနဲ့ ပြစ်မှား မိတာမျိုး၊ သူတပါးအသက် သတ်ခြင်း၊ ခိုးယူခြင်း၊ ကာမဂုဏ်မှားယွင်းမိခြင်း၊ မုသားပြောဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း စတဲ့ သီလချိုး ဖောက်ခြင်းများကတော့ ယခု "လက်ရှိဘဝမှာရော၊ သံသရာ"မှာပါ အကျိုးပေးနိုင်တာမို့ “သံသရာအမှား” လို့ ခေါ်ဆိုရမှာ ဖြစ်ပါ တယ်။

           နောင်ဘဝ တွေမှာလဲ
• သူတပါးပယောဂဖြင့် သေဆုံးရခြင်း၊
• ဥပစ္ဆေဒကကံကြောင့် ငယ်ငယ်ရွယ်ရွယ်သေရခြင်း၊
• ရှိပြီးသား ဥစ္စာများ ဆုံးရှုံးရခြင်း၊
• ယောကျာ်းမဟုတ်၊မိန်းမမဟုတ်၊ နပုံးပဏ္ဍုပ် ဖြစ်ရခြင်း၊
• စကားမပီမသ၊ ထစ်အ ဆွံ့အဖြစ်တတ်ခြင်း၊
• ဦးနှောက်ကျပ်မပြည့်ပဲ လူစဉ်မမှီခြင်း 
               စတာတွေကို ဘဝတခုခု၊ ဒါမှမဟုတ် ဘဝပေါင်းများစွာပေးဆပ်ခံကြရတာမို့ "သံသရာ အမှား" လို့ ဆိုသင့်လှပါတယ်။

              "ဝဋ်မှာ အမြဲ၊ ငရဲမှာ အပ" ဆိုတဲ့ ရှေးစကားကလဲ ဒီလို အပြစ်တွေကို ပေးဆပ်ရခြင်းကို ရည်ရွယ်ထားတာဖြစ်တာကြောင့်
မသိလို့ မိုက်မှားခြင်း ရှိခဲ့သော်လည်း တန်ပြန် အကျိုးပေးမှာကိုတော့ ကြောက်ရွံ့ ကြပြန်တာ သတ္တဝါအားလုံးပါပဲ။

             ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေမှာ
ကံကောင်းစေတာ တစ်ခုက ဗုဒ္ဓရဲ့ တရားတော်တွေအလိုအရ အပြစ်ရှိသော်လည်း လုံးဝ ကုစားလို့ မရတာမျိုးတော့ မဟုတ်ပါဘူး။"ကုစားလို"့ ရနိုင်ပါသေးတယ်။
              မှားမှန်းသိရင် အမှန်ပြင်ဆင်ခွင့် ရှိနိုင်ပါသေးတယ်။

              သို့သော် ဒူးထောက်ပြီး “ခွင့်လွှတ်ကျေအေးတော်မူပါ”ဆိုတာမျိုးလောက်နဲ့တော့ မရဘူး။ ပြုပြီးသား အကုသိုလ်ကို လုံးဝ ကင်းစင်သွားအောင်ဆိုသည်မှာ မြတ်စွာဘုရား ကိုယ်တော်တိုင်တောင် မတတ်နိုင်ခဲ့ပါဘူး။

♦ အနာပေါက်ပြီးရင် အမာရွတ်တော့ ကျန်နေအုံးမှာပါ။
♦ အမာရွတ်က အမာရွတ်ပါပဲ။
♦ ထို့အတူ ပြုပြီးသားအကုသိုလ်ပဲ ဖြစ်ဖြစ် ၊ကုသိုလ်ပဲဖြစ်ဖြစ် ဖြစ်စဉ်တစ်ခုမှာ ပုံရိပ်အနေနဲ့( ကံတစ်ခုအနေနဲ့ ) ကျန်ရစ် နေပါလိမ့်မယ်။
"လုပ်ပြီးသား"ကို "မလုပ်ခဲ့ပါဘူး" လို့ ပြောလို့မရတော့ပါဘူး။

              သို့သော် "ရှိပြီးသား အကုသိုလ်" ကို အားနည်းသွားအောင်၊ "အကျိုးမပေးနိုင်အောင်” တော့ ဗုဒ္ဓတရားတော်များမှာ အခွင့်အလမ်း ရှိနေပါသေးတယ်။

           သတ္တဝါတွေကို ကံ က အကျိုးပေးတယ် ဆိုရာမှာ ထိုကံကို ထောက်ပံ့ပေးနေတဲ့ နောက်ခံအကြောင်းတရားတွေ အများကြီး ရှိနေသေးတာကို ရှေးဦးစွာ လက်ခံရမှာ ဖြစ်ပါတယ်။အဲဒီနောက်ခံအကြောင်းတရားတွေ ဆိုတာဟာလဲ အလွယ်ပြောရရင် “ကိလေသာ”တွေပါ။

          အဲဒီ"ကိလေသာ" တွေကို "အားနည်းအောင်၊ကုန်ခမ်းသွားအောင်" လုပ်နိုင်ရင် ဘဝ၊ဘဝများစွာကပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေဟာ နောက်ထပ် ဘဝသစ်အနေ နဲ့ ပဋိသန္ဓေအကျိုးကို မပေးနိုင်တော့ပါဘူး။ဒါကိုပဲ ကံ ကို "သတ်ပစ်တယ်" လို့ ဆိုပါတယ်။

               ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ မထေရ်ကြီးများလဲ အတိတ်ဘဝများစွာက ကံတွေ ရှိခဲ့ကြတာမို့ ဒီဘက်ဘဝမှာ ကံတွေရဲ့အကျိုးပေးကို ခံကြရသေးတယ်။
ဒါပေမယ့် နောက်ဘဝသစ် ဖြစ်ဖို့ တဏှာ အဝိဇ္ဇာတွေကို ပယ်သတ်လိုက်တာကြောင့်
ဒါပေမယ့် နောက်ဘဝသစ် ဖြစ်ဖို့ တဏှာ အဝိ"ချုပ်ငြိမ်း"ကုန်ကြတယ်။

            ■ ဥပမာအားဖြင့် အညွန့်တလူလူ ဖြစ်နေဆဲ ၊ရှင်သန်နေဆဲ ၊ သစ်ပင်လေးကို ရေနွေးပူနဲ့ လောင်းသတ်လိုက်သလို ........
           ဘဝများစွာ က ပါလာခဲ့တဲ့ ကံတွေကို "အရိယာမဂ်ဖိုလ်" ဆိုတဲ့ ရေနွေးနဲ့ လောင်းလိုက်တာမို့ ပြန်လည် မရှင်သန်နိုင်တော့ပါဘူး၊ လုံးဝ အကျိုးမပေးနိုင်တော့ပါဘူး၊

           မြတ်စွာဘုရားက ပြုပြီးသား အကုသိုလ်တွေကို ပယ်သတ်ဖို့ နည်းလမ်း( ၄ ) မျိုးကို
“သင်္ခဓမ္မသုတ္တန်” မှာဟောကြားထားခဲ့ပါတယ်၊

               ၁။ အကုသိုလ်ကို အကုသိုလ်မှန်း သိအောင် လုပ်ပါ။
               ၂။ သိမြင်ပြီးလျင် ဒါဟာ မကောင်းဘူး လို့ လက်ခံနိုင်အောင် ကြိုးစားပါ။
                ၃။ အကုသိုလ်ကို နောက်တကြိမ် မပြုမိအောင် စောင့်စည်းပါ။
                 ၄။ အကုသိုလ်စိတ်ဖြစ်ပေါ်တာနဲ့ ကုသိုလ်တခုခုဖြင့် အစားထိုးလိုက်ပါ။

              အထက်ပါ အချက်လေးချက်နဲ့ ကုစားလျှင် နောက်ထပ် နောက်ထပ် "အကုသိုလ်"တွေကို ပြုလုပ်မိတာ နည်းပါးသွားမှာ သေချာပါတယ်၊ နောက်ဆုံးတစ်ခုကတော့ "ကိလေသာ"တွေ အားလုံးကုန်သွားရင် ကံတွေကနေ လုံးဝ လွန်မြောက် သွားတာပါ။ဘဝတစ်ခုကို ဖြစ်စေမယ့် ကံတွေကနေ လွတ်မြောက်သွားတယ် လို့ ဆိုနိုင်ပါတယ်။

             သို့သော် အတိတ်ဘဝ တခုခုက ပြုလုပ်ပြီးသား အကုသိုလ်ရဲ့ အကျိုးကိုတော့ ဒီခန္ဓာကြီး ရှိနေသေးတဲ့အတွက်ကြောင့် "ပဝတ္တိအကျိုး" အဖြစ် ပေးဆပ်ကြရပါအုံးမယ်။

                 ● မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးတောင်မှ ကိလေသာအားလုံး ကုန်ခမ်းသွား ပေမယ့် ခေါင်းကိုက်တာ၊ ခါးနာတာ၊ ၀မ်းသွေးသွန်ရောဂါခံစားရတာ၊ စသဖြင့်ပါရမီနုစဉ်ကပြုခဲ့ဖူးတဲ့ အကုသိုလ်တို့ရဲ့ ၀ဋ်ကြွေးအဖြစ်ပေးဆပ်ရတာပဲ ။
(မြတ်စွာဘုရားရှင်၏ ဝဋ်ကြွေးတော်(၁၂)ပါးအကြောင်း) ။
● အရှင်မောဂ္ဂလာန်မထေရ်ကြီးလဲတန်ခိုးအရာမှာ အသာဆုံး ဘွဲ့ထူးကြီး ရထားပါသော်လည်း ခိုးသားငါးရာရဲ့ လက်ချက်နဲ့ ရိုက်နှက်ခံရထုထောင်းခံရပြီး ပရိနိဗ္ဗာန်စံတော်မူခဲ့ရတာပါ။

          ဒါကြောင့် ကံရဲ့ အကျိုးဆက်တွေက ရရှိပြီးသား ဘဝကိုတော့ ဒုက္ခပေးနေအုံးမှာပါ။ ရဟန္တာမထေရ်မြတ်ကြီးတွေအတွက် ယခုဘဝမှာ လုပ်တဲ့ကံတွေကတော့ နောက်ထပ်
အကျိုးမပေးနိုင်တော့ဘူး။ နောက်ထပ် ဘဝသစ်တခုကို ထုတ်လုပ်မပေး နိုင်တော့ပါဘူး။

             နောက်ဘဝတွေမှာ ငရဲဘဝ၊ လူ့ဘဝ စသည်ဖြင့် ပဋိသန္ဓေအကျိုးကို မပေးနိုင်တော့ပါဘူး။ "ပဝတ္တိအကျိုး" အနေနဲ့တော့ ဒီဘဝမှာ ဒုက္ခတွေ များစွာ ခံကြရအုံးမယ်။
    ♠ အကျဉ်းချုပ်လိုက်တော့ပြုပြီးသား အကုသိုလ်တွေကိုတော့ deleting လုပ်လို့တော့ မရတော့ဘူး။
              isolate လုပ်ဖို့ပဲ ကျင့်သုံးရမှာ ဖြစ်ပါတယ်။♠

             မျိုးစေ့တစ်ခုကို "အပင်မပေါက်"စေချင်ရင် လေလုံခြောက်သွေ့တဲ့ ဖန်ပုလင်းထဲမှာ ပိတ်ထားပါက အပင်မပေါက်နိုင်ပါဘူး၊ သို့မဟုတ် မီးဖုတ်ပစ်လိုက်တယ်။ထုခွဲပြစ်လိုက်တယ်၊ ဖျက်ဆီးပစ်လိုက်တယ်ဆိုရင်
မြေဓာတ်၊ ရေဓာတ်တွေနဲ့ မတွေ့သမျှ အပင်မပေါက်နိုင်တော့ဘူး။ မြေ ရေတွေနဲ့ ထိတွေ့ခွင့်ရလျင်တော့ အပင်ပေါက်ရှင်သန်လာမှာ သေချာပါတယ်။

          အဲဒီလိုမျိုးပါပဲ ကံတွေ ဆိုတာဟာ ကိလေသာတွေ နဲ့ မတွေ့တော့ရင် အကျိုးမပေးနိုင်တော့ဘူး။အကျိုးပေးခွင့်မရတော့ဘူး၊ ကိလေသာတွေ ရှိနေသေးသမျှ အကျိုးပေးနေပါအုံးမယ်။ဒါ့ကြောင့် ကိလေသာတွေ နောက်ထပ် မဖြစ်တော့အောင် ကျင့်ကြံနိုင်ပြီ အနုပါဒိသေသ နိဗ္ဗာန်ချမ်းသာကို ခံစားနိုင်ပြီ ဆိုရင် ကံအားလုံး ပြတ်ဆဲပါပြီ။

             သဥပါဒိသေသ နိဗ္ဗာန် ဆိုတဲ့ ရရှိပြိးသား မဂ်ဖိုလ်များနဲ့ နိဗ္ဗာန်အငြိမ်းဓာတ်ကို ခံစားနိုင်သော်လည်း ရုပ်နာမ်ခန္ဓာကိုယ်ကြီး ထင်ရှားရှိ နေသေးတာမို့ ကာယိကဒုက္ခများကို ပေးဆပ်ကြအုံးမှာပါ။

                ယခုလက်ရှိဘဝ အပါအဝင် နိဗ္ဗာန်မရောက်မှီကြားကာလမှာ
• အကုသိုလ်ကို အကုသိုလ်လို့ သိခြင်း၊
• ဒါမကောင်းပါလား လို့ လက်ခံပြီး
• နောက်ထပ် နောက်ထပ် မကျူးလွန်မိအောင် စောင့်စည်းခြင်း၊
• ကုသိုလ်ကောင်းမှုများဖြင့် အစားထိုးခြင်း ဟူသောနည်းလမ်းလေးသွယ်ဖြင့် ဖြူစင်မြင့်မြတ်သော အကုသိုလ် နည်းပါးသော ကုသိုလ်များဖြင့်သာ ထုံမွှန်းထားသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ...လို့ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ၏ ဓမ္မဗျူဟာ သင်တန်းမှ သင်တန်းသားအမေးအဖြေကို ကောက်နှုတ်တင်ပြယင်း ကုသိုလ်ပြုလိုက်ပါသည်။

တရားအသိဥာဏ်များ တိုးပွားနိုင်ကြပါစေ။
••••••••••••••••••••••••••••••••••••
(ခန္ဓာ-၅ပါးတစ်ဦး)

Credit....

Tuesday, April 19, 2022

ဖွပ်လျှော်ခြင်း ရသ

ဖွပ်လျှော်ခြင်း ရသ
@@@@@@@@@

       အဝတ်တွေ ညစ်နွမ်းရင် လူတွေက ဆပ်ပြာနဲ့ ရေနဲ့ လျှော်ကြတယ်၊ စိတ်တွေ ညစ်နွမ်းရင်လည်း လျှော်တဲ့ နည်းလမ်းတော့ ရှိရမှာပေါ့၊ အဝတ်ညစ်နွမ်းရင်တော့ လျှော်ကြသလို ကိုယ့်စိတ်လေး ညစ်နွမ်းရင်လည်း လျှော်ဖွပ်ဖို့ မမေ့ကြလေနဲ့။

   ဖြူစင်သန့်ရှင်းတဲ့ စိတ်ကလေးဖြစ်လာအောင် ခေတ္တခဏရောက်လာတဲ့ အညစ်အကြေးဆိုတာတွေကို လျှော်ဖွပ်ပစ်ရမှာပဲ၊ အဝတ်လျှော်တဲ့အခါ တချို့ အညစ်အကြေးမျိုးတွေက တစ်ခါ, နှစ်ခါ လျှော်ရုံနဲ့ ဖွပ်ရုံနဲ့ မရဘူး၊ တော်တော် စွဲနေတာနော်၊ တော်တော်စွဲတဲ့ အညစ်အကြေးလည်း ရှိတယ်၊ သာမန် တစ်ခါ, နှစ်ခါ လျှော်ရုံနဲ့ ပျောက်သွားတဲ့ အညစ်အကြေးလည်း ရှိတယ်၊ ဒီလိုပဲ စိတ်ရဲ့ အညစ်အကြေးမှာလည်းပဲ တချို့ အညစ်အကြေးတွေက စွဲထင်နေတယ်၊ ခုမှ ညစ်တာ မဟုတ်ဘူး၊ သံသရာက ညစ်လာတာဆိုတော့ လုံးလုံး စွဲထင်နေတာ၊ တစ်ခါ, နှစ်ခါ လျှော်ရုံလေးနဲ့ မရဘူး။

                စိတ်အညစ်အကြေး လျှော်နည်း

   လျှော်တယ်ဆိုတာ တခြားနည်းနဲ့ လျှော်ရမှာတော့ မဟုတ်ဘူး၊ သမထကျင့်စဉ် ကျင့်ပြီးတော့ လျှော်တယ်၊ ဝိပဿနာကျင့်စဉ် ကျင့်ပြီးတော့ လျှော်တယ်၊ စိတ်ကောင်း နှလုံးကောင်း နှလုံးသွင်း မှန်မှန်လေး ထားပြီးတော့ လျှော်တယ်၊ ဒါ လျှော်ဖွပ်နည်းပဲ၊ လျှော်ဖွပ်တဲ့နည်း အမျိုးမျိုးနဲ့ ကြိုးစားကြရမှာ၊ ကြိုးစား အားထုတ်တယ်ဆိုတာ အညစ်အကြေးတွေ မစွဲသေးရင် မစွဲအောင် သတိထား။ ဆိုပါစို့၊ အဝတ်ကလေး ဝတ်တဲ့အခါ အညစ်အကြေးတွေ ထိမှာစိုးလို့ မထိအောင် ရိုရိုသေသေ ဝတ်ကြတယ် မဟုတ်လား၊ အဝတ်ကို ရိုရိုသေသေ ဝတ်ကြသလို ကိုယ့်စိတ်ကလေးလည်း အညစ်အကြေးတွေ ကပ်မလာအောင် ရိုရိုသေသေ ထားရမယ်၊ အဲဒီလို ကြိုးစားတာကို သမ္မာဝါယာမ။အဲဒါကို သံဝရ လို့လည်း ခေါ်တယ်၊ ဆို့ပိတ်ထားတယ်၊ အညစ်အကြေး မရောက်စေရဘူး၊ ဖြူစင်နေတဲ့ ကိုယ့်အဝတ်ကလေးထဲမှာ အညစ်အကြေးတွေလာ မစွဲအောင်လို့ ဂရုစိုက်ပြီးတော့ သံဝရ- ဆို့ပိတ်မှုလို့ ပြောတာ၊ အဲဒီလို ဆို့ပိတ်လို့ မတော်တဆ အညစ်အကြေးတစ်ခု ရလာပြီ၊ ရောက်လာပြီ ဆိုလို့ရှိရင် လျှော်ဖွပ်ပစ်၊ ဒါ ကြိုးစား အားထုတ်မှုပဲ။

    စိတ်လည်းဒီအတိုင်းပဲ။ (၁) မပေအောင် အညစ်အကြေး မကပ်အောင်ထိန်းသိမ်း၊(၂) ကပ်လာပြီဆိုလို့ရှိရင် ထိုအညစ်အကြေးကို လျှော်ပစ်၊ (၃) နောက်ထပ် အညစ်အကြေး မလူးအောင် အညစ်အကြေး မလူးလို့ သန့်ပြန့်နေတဲ့ အနေအထား ရောက်အောင် ကြိုးစားအားထုတ်၊(၄) ထိုသန့်ပြန့်မှု တိုးတက်ပြီး သန့်ပြန့်လာအောင် ကြိုးစားတဲ့။ ဒါ အညစ်အကြေးကို ဖွပ်လျှော်တဲ့နည်း၊ လုပ်ပုံလုပ်နည်းပေါ့။

   စိတ်အညစ်အကြေးကို ဖွပ်လျှော်တဲ့အခါ ကောင်းတဲ့အာရုံ တစ်ခုခု ယူပြီးတော့ စိတ်အခြအနေ ပြောင်းပစ်တာ၊ လျှော်ပစ်တာ။ ဘုရားဂုဏ်ကို အာရုံပြုပြီးတော့လည်း လျှော်ပစ်လို့ရတယ်၊ တရားဂုဏ်တော်ကို အာရုံပြုပြီးတော့လည်း လျှော်ပစ်လို့ရတယ်၊ ဝိသာခုပေါသထသုတ်မှာ မြတ်စွာဘုရားက အဲဒီ နည်းလမ်းတွေပေးထားတာ ရှိတယ်နော်၊ တရားဂုဏ်, သံဃာဂုဏ် အာရုံပြုပြီးတော့လည်း စိတ်အညစ်အကြေးတွေ လျှော်လို့ရတယ်၊ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို အာရုံပြုပြီးတော့လည်း နှလုံးသွင်း ဆင်ခြင်ပြီးတော့လည်း စိတ်အညစ်အကြေးကို လျှော်လို့ရတယ်။ ဆိုလိုတာက ကမ္မဋ္ဌာန်းအာရုံတွေထဲက ဘယ်အာရုံနဲ့ပဲ ဖြစ်ဖြစ် အဲဒီ အာရုံနဲ့ စိတ်ရဲ့ အညစ်အကြေးတွေကို လျှော်လို့ ဖွပ်လို့ရတယ်၊ စင်ကြယ်သွားအောင် လုပ်ရတယ်။

             🙏ပါချုပ်ဆရာတော်ကြီး🙏

   ကိုယ်စီကိုယ်စီ အညစ်မသီ ဖြူစင်မှီကာ ကြိုးစားနိုင်ကြပါစေ.... ကျန်းမာချမ်းသာ လိုရာပြည့်စုံကြပါစေ....။

Credit..

သတိပဋ္ဌာန်အကျိုး ( ၇)မျိုး

သတိပဋ္ဌာန်အကျိုး ၇-ပါး

၁။ ကိလေသာမှ စင်ကြယ်နိုင်ခြင်း၊

၂။ စိုးရိမ်မှုသောကမှ လွန်မြောက်နိုင်ခြင်း၊

၃။ ငိုကြွေးမှု ပရိဒေဝမှ လွန်မြောက်နိုင်ခြင်း၊

၄။ ကိုယ်ဆင်းရဲခြင်းမှ ချုပ်ငြိမ်းစေနိုင်ခြင်း၊

၅။ စိတ်ဆင်းရဲခြင်းမှ ချုပ်ငြိမ်းစေနိုင်ခြင်း၊

၆။ အရိယာမဂ်ဉာဏ်ကို ရနိုင်ခြင်း၊

၇။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း၊

( ဝဏ္ဏဘဏနမေတံ ဧကာယနမဂ္ဂဿ။ ဋ္ဌ၊၃၄၂ )

🌷 ဆောင်ပုဒ် 🌷

ကိလေညစ်ကြေး ကင်းဝေးစေရန်၊
စိုးရိမ်ပူဆွေး, ငိုကြွေးကင်းရန်၊
ကိုယ်,စိတ်ဆင်းရဲ ချုပ်စဲဖို့ရန်၊
မဂ်,နိဗ္ဗာန် အမြန်ဆိုက်ရောက်ရန်၊
တစ်လမ်းထဲ သွားမြဲသတိပဋ္ဌာန်။ 

( ချမ်းမြေ့ဆရာတော်၏ ယောဂီသိဖွယ် အသွယ်သွယ်)

⭐️ ရှင်းလင်းချက် ⭐️

သောက-ဟူသည်
   ဆွေမျိုး စည်းစိမ် ဂုဏ်သိရ် စသည်တို့၏ ပျက်စီးခြင်းကြောင့် ဝမ်းနည်းခြင်းသည် သောက မည်၏။ 
(တရားကိုယ်မှာ ဒေါသမူဒွေး၌ ယှဉ်သော ဒေါမနဿတည်း)

ပရိဒေဝ-ဟူသည် 
   ဆွေမျိုး စည်းစိမ် ဂုဏ်သိရ် စသည်တို့၏ ပျက်စီးခြင်းကြောင့် ငိုကြွေးမြည်တမ်းသံသည် ပရိဒေဝ မည်၏။ (တရားကိုယ်မှာ စိတ္တဇဝိပ္ပလာသ သဒ္ဒရုပ်တည်း)

ဒုက္ခ-ဟူသည်
   ခန္ဓာကိုယ်၏ ဆင်းရဲမှုတည်း။ (တရားကိုယ်မှာ ဒုက္ခသဟဂုတ် ကာယဝိညာဏ်၌ ယှဉ်သော ဝေဒနာတည်း)

ဒေါမနဿ-ဟူသည်
   ချစ်သူနှင့် ကွဲရခြင်း, မချစ်သူနှင့် တွဲရခြင်း, အလိုရှိရာ မရခြင်း, ဆွေမျိုးစည်းစိမ် ပျက်စီးခြင်း စသော အကြောင်းများကြောင့် စိတ်ထဲ၌ ဆင်းရဲမှုသည် ဒေါမနဿ မည်၏။ (တရားကိုယ်မှာ ဒေါသမူဒွေး၌ ယှဉ်သော ဝေဒနာတည်း)

ဉာယဿ အဓိဂမာယ=အရိယာမဂ်ကို ရရန်-ဟူသည်
   ဤနေရာ၌ ` အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အရိယာမဂ်ကို ရခြင်းငှါဖြစ်၏’ ဟု ဆို၏။ ထိုလောကုတ္တရာ မဂ်ကိုရရန် ၎င်း၏ ရှေ့၌ဖြစ်သော လောကီဖြစ်သည့် သတိပဋ္ဌာန်မဂ်ကို ပွါးများရမည်။ သို့မှသာ လောကုတ္တရာမဂ်ကို ရမည်။ (ဧကာယနမဂ္ဂေါ ဝုစ္စတိ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ။ ဋ္ဌ၊ ၃၃၇)

🪴 dhamma for life မှ မျှဝေသည် 🪴
dhammaforlife 
ဘဝအတွက်ဓမ္မ 
ဓမ္မမှတ်စုများ

📖 မေတ္တာဖြင့်...
👨‍🎓အရှင်စန္ဒာသိရီ - ရေဦး။

Credit..

Saturday, April 9, 2022

သံရှစ်ချက်ဂါထာ

🙏အစွမ်း​ထက် သံရှစ်ချက် ဂါထာ​တော်🙏
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

သံသာရစက်ကဝိဒ်ဓံသံ ၊သံသုဒ်ဓမဿ ဩရသံ။
သံဆိန်နကံ ဘဝေ အာသံ၊သံဃံ အပိ သုမာနသံ။

သံသာရစက္ကဝိဒ္ဓံသံ-သံသရာစက်ကို ချိုး​ဖျက်​တော်မူပြီး​ထ​သော၊​
သံသုဒ္ဓံ-အဝိဇ္ဇာအ​မှောင်ကင်း​သြဖင့်​ဖြူဝင်း​စင်ကြယ်​သောစိတ် ရှိထ​သော၊​
အဿ-ထိုဘုရား​ရှင်၏၊​ဩရသံ-သဒ္ဓမ္မသမ္ဘူတ​ခေါ် ရင်​သွေး​တော်အစစ် ဖြစ်​တော်မူထ​သော၊​
ဘ​ဝေ-သုံး​ဆဲ့​တထပ် ဘဝရပ်၌၊​အာသံ-ခင်မင်တွယ်တာ တဏှာတရား​ကို၊​
သံဆိန္နကံ-​ကောင်း​ကောင်း​ကြီး​တော်လှန်ဖြတ်​တောက်​တော်မူပြီး​ထ​သော၊​
သုမာနသံ-ရွှင်ကြည်​အေး​မြ​ကောင်း​မွန်လှ​သော​ရွှေနှလုံး​တော် ရှိ​တော်မူထ​သော၊​
သံဃံအပိ- အရိယာရှစ်​ဖော် သံဃာ​တော်မြတ်ကိုလည်း​၊​အဟံ-တပည့်​တော် (တပည့်​တော်မ) သည်၊​
ဝန္ဒာမိ-ညွတ်နူး​ကြည်သာ ထိငါး​ဖြာဖြင့်​ကြည်စွာရိုကျိုး​ရှိခိုး​ပါ၏ဘုရား​။

ဤဂါထာသည် မြတ်စွာဘုရား​၏ တရား​ရင်နှစ်ဖြစ်​သော တပည့်​သား​သာဝက အရိယာသံဃာများ​ကို ရှိခိုး​ပူ​ဇော်​သော ဂါထာဖြစ်သည်။ ဝတ်ရွတ်စဉ် စား​အုပ်များ​၌ မိုး​ကြိုး​ကွင်း​ဂါထာ-ဟု ဆိုကြသည်။

ဤဂါထာကို ရွတ်ဖတ်ပူ​ဇော်ခြင်း​ဖြင့်​သရဲ သဘက်များ​အန္တရာယ်မှ ကင်း​သည်။ အြပိုင်အဆိုင်များ​ကို နိုင်သည်။ လာဘ်ရွှင်သည်။ အနည်း​ဆုံး​တ​နေ့​သုံး​ခေါက်ရွတ်လျှင် အလွန်​ကောင်း​သည်။ မိုး​ကြိုး​ကွင်း​သည်ဟု​ရှေး​ဆရာ အစဉ်အဆက်တို့​မှတ်တမ်း​တင်ခဲ့​ကြသည်။

ဤဂါထာသည် အရိယာရှစ်​ဖော် အြမတ်ဆုံး​သံဃာ​တော်၏ ဂုဏ်​တော်ကို ထုတ်​ဖော်ရွတ်ဆို ပူ​ဇော်ခြင်း​ဖြစ်၍ အတိုင်း​မသိ အြမတ်ဆုံး​သော အကျိုး​ကို ရရှိနိုင်သည်။ သို့​ဖြစ်၍ သံဃာ့​ဂုဏ်​တော်ကို အာရုံပြုကာ အြမဲရွတ်ဖတ် ပူ​ဇော်သင့်​ကြသည်။

🌹ပြန်လည်မျှဝေဓမ္မဒါနပြုပါတယ်🌹

လောကဝိဒူဂုဏ်တော်

.     လောကဝိဒူဂုဏ်တော်
    🌺🌺🌺🌿🌿🌿🌺🌺🌺

.  လောကသုံးပါး
သတ္တလောက= သက်ရှိသတ္တဝါအပေါင်း။
သြကာသလောက = သတ္တဝါတို့ တည်နေရာဘုံဌာန။
သင်္ခါရလောက = ရုပ်၊နာမ်တရားအားလုံး။

သတ္တလောကကို သိတော်မူပုံ
***********🙏🙏🙏***********

ယနေခေတ်မှီဖွင့်ဖြိုးတိုးတက်သောခေတ်ကြီး၌ သိပ္ပံပညာရှင်များ နေအကြောင်း၊လကြောင်း ၊ စကြာဝဠာကမ္ဘာကြီးအကြောင်းကို ခေတ်မှိနည်းပညာအထောက်အကူဖြင့် တော်တော်များများ သိမြင်နေကြပါပြီ။ လူ၊သတ္တဝါတို့၏ မျိုးရိုးဗီဇ၊ မျိုးပြန့်ပွားမှု၊စသော သတ္တဝါတို့၏ ဖြစ်တည်မှုကိုလည်း သပ္ပံပညာအထောက်အကူဖြင့်သိကြပါပြီ။ သို့သော် တိတိကျကျတော့မဟုတ် အချိန်အခါအားလျှော်စွာ ပြောင်းလဲမှုမျိုးကား၊ ကွဲပြားခြားနာမှုမျိုးကား ရှိနေသေးပြန်ပါတယ်။

ဘုရားရှင်တို့ကား ထိုသိမှုမျိုးထက်သာလွန်၍ “ ဤသူသည် စရိုက်အမျိုးမျိုးတွင် မည်သည့် စရိုက် လွန်ကဲနေတယ်” ဟု လူပုဂ္ဂိုလ်တို့၏ အတွင်းစရိုက်အထိ သိပါတယ်၊ သဒ္ဓါစသော ဣနေန္ဒြငါးမျိုးတွင် မည်သည့် ဣနြေ္ဒက ထက်သန်နေသည်ကို လည်းကောင်း သိတော်မူပါတယ်။

လူပုဂ္ဂိုလ်တို့၏ အတွင်းဓာတ်ခံ စရိုက်ကို သိရေးမှာ ဘုရားရှင်များအရာသာဖြစ်ပါတယ်။ တစ်ခါက ပညာအရာ ထူးချွန်သော အရှင်သာရိပုတ္တရာမထေရ်သည်ပင် စရိုက်နှင့်ပတ်သတ်၍ တရားပေးလွဲဖူးပါတယ်။

မထေရ်မြတ်ကား တပည့် ရဟန်းငယ်တစ်ပါးကို “ ငယ်ရွယ်သူတို့မှာ ရာဂအဖြစ်များတတ်၏ ဟု တွေးကာ အသုဘကမ္မဋ္ဌာန်း ပေးခဲ့ရာ တပည့်ရဟန်းမှာ နိမိတ်မျှပင်မထင် ခရီးမရောက်ဖြစ်ဖူးပါတယ်။ ထိုရဟန်းငယ်ကို ဘုရားရှင်ထံခေါ်သွားပြီး အကြောင်းစုံကို လျှောက်ထားရာ ထိုရဟန်း၏ ဓာတ်ခံကို ဘုရားရှင် ဆင်ခြင်တော်မူသောအခါ အလှအပ ကြိုက် တတ်သော သဘောကို တွေ့ရ၍ အသုဘနှင် မလျှော်သည်ကိုတွေ့ရပါတယ်။

ဘုရားရှင်က ဆက်လက်ဆင်ခြင် လိုက်သောအခါ ဘဝ ငါးရာတိုင်တိုင်ရွှေပန်းတိမ်သည် ဖြစ်ခဲ့သည်ကို မြင်ရပြန်ပါတယ်။ ထိုရဟန်းလေးဓာတ်ခံနှင့်ကိုက်ညီမယ့် ရွှေပဒုမ္မာကြာပန်းကြီး ဖန်ဆင်းပေပြီး လောဟိတကမ္မဋ္ဌာန်း စိးဖြန်းစေသောအခါ မကြာမီမှာပဲ စတုတ္ထဈာန်ကို ရခဲ့ပါတယ်။ ထို့နောက်ပဒုမ္မာကြာပန်း ညှိုးနွမ်း ရိယော်ပုံကို ဖန်းဆင်းပြသောအခါ အနိစ္စစသော သဘောပေါက်ကာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။

ဘုရားရှင်၏ သတ္တဝါတို့ရဲ့ ဝါသနာစရိုက်ကို အခြေခံကျကျသိတော်မူခြင်းဟာ မြတ်စွားဘုရားရဲ့ ကြည်ညိုဖွယ်ရာ လောကဝိဒူဂုဏ်တော်ပင်ဖြစ်ပါတယ်။

သြကာသလောကကို သိတော်မူပုံ
***************🙏🙏🙏*************
ခုခေတ်သိပ္ပံပညာရှင်များကား ကမ္ဘာမြေကြီးနှင့် အလားသဏ္ဍန်တူသော အင်္ဂါဂြိုဟ်စသော လူတို့နေနိုင်သော ဂြိုဟ်များကို ရှာဖွေတွေရှိပြီးဟုဆိုကြ၏။ တချို့လည်း ငွေကြေးအကုန်အကျခံကာ အာကာသစခန်းသို့ သွားရောက်လေ့လာသူများလည်း ရှိကြ၏။ သို့သော် ယနေ့သိပ္ပံရှင်များ သိသော အသိကား အကန့်အသတ်ရှိ၏ ။

ဘုရားရှင်တို့၏ သြကာသလောကကိုသိပုံကား သိပ္ပံပညာအထောက်အကူဖြင့် လိုက်ကြည့်နေစရာမလို ၊ တစ်ထိုင်းတည်းဖြင့် သြကာလောကတစ်ခုလုံးကို သိတော်မူ၏။
စာပေးကျမ်းဂန်အရ.. ယခု လူတို့နေထိုင်သော နေရာကား ၊ တောင်ကျွန်းဖြစ်၏။ လူများ မရောက်၊မမြင်နိုင်သော အနောက်ကျွန်း၊ အရှေ့ကျွန်း၊မြောက်ကျွန်းများလည်းရှိသေးပြန်ပါတယ်။

   ကျွန်းကြီးလေးကျွန်းအလယ်၌ မြင့်မိုရ်တောင်ကြီးနှင့် တောင်ရံခုနှစ်လုံးရှိပါတယ်။ မြင့်မိုရ်တောင်ကို ပတ်ဝိုင်းလျှက်သိဒါသမုဒ္ဒါရှိပြန်ပါတယ်။ ကျွန်းကြီးလေးကျွန်တည်ရာ ကမ္ဘာကိုပတ်လျှက် စကြာဝဠာတောင်းကြီးများလည်း ကားဆီးလျှက်ရှိပြန်ပါတယ်။ မြင့်မိုရ်တောင်ထိပ်၌ တာဝတိံသာနတ်ပြည်ရှိ၍ ၊ ယုဂန္ဓိုလ်တောင်ထိပ်မှာ စတုမဟာရာဇ်နတ်ဘုံ ရှိပြန်ပါတယ်။ တာဝတိံသာမှအထက်မှာ ယာမာစသော နတ်ပြည်လေးဘုံ အဆင့်ဆင်တည်ရှိပြီးဗြဟ္မာ့ဘုံ နှစ်ဆယ်လည်း တည်ရှိပါတယ်။

မြေအောက်၌ကား ငရဲရှစ်ထပ်၊ ပြိတ္တာ၊တိရစ္ဆာန် အသုရကာယ်တို့ကား ဘုံးသီးခြားမရှိကြ။ လူဘုံး၌သာနေကြရပါတယ်။ဤသုံးဆယ့်တစ်ပုံတည်ရာ ကမ္ဘာလောကကို စကြာဝဠာဟုခေါ်ပါတယ်။
ဤကမ္ဘာတွင်ကား ဆက်လျှက် စကြာဝဠာများက မရေတွက်နိုင်အောင် များပြလှပါတယ်။
သို့သော် ဘုရားရှင်တို့ကာ မရေတွက်နိုင်သော စကြာဝဠာကို သွားရောက်ကြည့်ရှုစရာမလိုပဲ ဉာဏ်တော်ဖြင့် သိမြင်တော်မူပါတယ်။

သင်္ခါရလောကကို သိတော်မူပုံ
************🙏🙏🙏************

သတ္တ၊ဩကာသ တို့ကာ အမည်ပညတ်မျှသာ ၊ တကယ်ထင်းခြားရှိသည်ကားမဟုတ် ၊ တကယ်ထင်ရှားရှိသော ပရမတ် ဓာတ်သားများအပေါ်ကို ခေါ်ဝေါ်သမုတ်
ထားခြင်းမျှသာဖြစ်ပါတယ်။ ရုပ်ကလာပ်၊နာမ်ကလာပ်အဖွဲ့ စည်းပေါင်း ကုဋေများစွာ ပေါင်းစပ်နေသောအရာကို ဩကာသလောက ( ဘုံ) ဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။

သတ္တလောက၊ ဩကာသလောကိုသိသည်ဆိုသော တန်ခိုးကြီးပုဂ္ဂိုလ်များပင် သင်္ခါရလောကို သိရန်ကား မစွမ်းနိုင်ပါ။ သာသနာ၌တရားဘာဝနာပွားများသော ယောဂီများကာ ဝိပဿနာဉာဏ်ဖြင့် ရုပ်၊နာမ်တို့၏ အဖြစ်၊အပျက်ကိုကား မြင်နိုင်ပါတယ်။ သို့သော် မလွတ်းတမ်းတစ်ခုစီး မြင်ရခြင်းမဟုတ်၊ ထင်ရှားဖြစ်ပေါ်လာရာ ရုပ်၊နာမ်းများကိုသ ာ သိမြင်ခြင်းဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓါ ဘုရားရှင်များပင် ရုပ်နာမ်တို့၏ တစ်စိတ် တစ်ဒေသကို သိတော်မူပါတယ်။ ထိုအရှင်တို့ကား ကိုယ့်သန္တာန်ရှိ တရားစုကိုသာ သိတန်သလောက် သိကြ၍ သူတစ်ပါးသန္တာန်ရှိ ရုပ်နာမ်၊ပြင်ပ တော၊တောင်၊ရေ၊မြေ စသောရုပ်တို့ကိုကား မသိနိုင်ကြပါ။

ဘုရားရှင်ကား တခုစီ အလွန်လျင်မြန်စွာဖြစ်ပျက်နေသော ရုပ်၊နာမ်တရားတို့ကိုလည်း ခွဲခွဲခြားခြား သိမြင်ပါတယ်။ ကလာပ်စည်းတစ်ခုစီက ရုပ်များကိုလည်း ခွဲခြားသိနိုင်ပါတယ်။ အကြောင်းအမျိးမျိုး သတ္တိအဖုံဖုံကိုလည်း ခွဲခြားသိပါတယ်။ မိမိသူတပါး၊ အတွင်း၊အပြင်၊သက်ရှိ/သက်မဲ့မရွေး အားလုံးသော လောကဓာတ် အမျိုးမျိုးကို ခွဲခြားဝေဖန်ကာ သိတော်မူပါတယ်။

အဘိဓမ္မာဒေသနာတော်ကြီးကား မြတ်စွာဘုရား၏ အတုမရှိသော ဓာတုဗေဒဆရာမြတ်အဖြစ်ကို
ပြတော်မူပါတယ်။

ထို့ကြောင့်မြတ်စွာဘုရားအား လောကအားလုံးကိုသိတောမူသော “လောကဝိဒူ” ဂုဏ်တော်နှင့် အားရလေးစား စွား ကြည်ညိုပူဇော်ရမည်ဖြစ်ပါတယ်။

ကျမ်းညွှန်း
ဓမ်မပဒ၊ သုဝဏ်ဏကာရတ်ထရေဝတ်ထု 

Credit..

အောင်ရှစ်ချက်ဂါထာဇယမင်္ဂလာ အောင်ဂါထာ

အောင်ရှစ်ချက်ဂါထာဇယမင်္ဂလာ အောင်ဂါထာ
⚜️⚜️⚜️⚜️⚜️⚜️⚜️

 ဇယစက္ကော ဇယန္တောယော ၊ 
  ဇယိ တဗ္ဗေ ဇယာသနေ ။
    ဇယာပေသိ ဇယေသိနံ ၊ 
      ဇယံ ဒေတု ဇယုတ္တယော ။

#ဂါထာအနက်

ယော ဇယစက္ကော - ပါရမီတော် ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊ 
ဇယာသနေ - အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌ ၊

ဇယိတဗ္ဗေ - အောင်အပ်သည့် တရား မာရ်ငါးပါး အပေါင်းတို့ကို ၊ 

ဇယန္တော - အကြွင်းမဲ့ ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ ၊ 
ဇယေသိနံ - မြတ်နိဗ္ဗာန် အောင်ခန်းနှင့် အောင်ဘိသိက်ပန်း မဂ်ဖိုလ်ကို များထိုထို ၀ဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာ နေကြကုန်သူတို့အား ၊ 

ဇယာပေသိ - ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကို ဆွတ်ချူ၍ ထွတ်အငူ အမြိုက်ဓာတ်သို့ ဆိုက်ကပ်တော်မူစေ၍ အောင်စေတော်မူလေပြီ ။ 

ဇယုတ္တယော - အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင် မြတ်သရဖူ သယမ္ဘူ မကိုဋ်ထီးကို အောင်ပွဲ၀င် ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော ၊ 

သော ဇယ စက္ကော - အလုံးစုံ အောင်မင်းနှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊ 

မေ - မြတ်နိဗ္ဗူ အောင်ပန်းကို ဆွတ်ချူရန် တက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျွန်ုပ်အား ၊ 

ဇယံ - အောင်ခြင်းကို ( ဝါ ) အောင်ပန်းဝြေမိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို ၊ 

ဒေတု - ပေးသနားတော်မူပါ အရှင်ဘုရား ။

မှတ်ချက် ။ ။ ဤ ဂါထာကို အောင်ရှစ်ချက် သစ္စာပန္နက်ဂါထာတော် ဟု ခေါ်ပါသည် ။ အောင်ပွဲအဆင့်ဆင့် ခံတော်မူခဲ့သော အောင်ပွဲများ ပိုင်ရှင် မြတ်စွာဘုရားက အောင်မြင် ချမ်းသာချင်သူတို့အား အလိုရှိသလို အောင်မြင်စေရန် နည်းပေး ညွှန်ပြတော်မူသည်။ ထိုအချက်ကို ဖော်ကျူးခြင်းသည် သစ္စာစကားပင် ဖြစ်၏ ။ ဤ ဂါထာကို ရွတ်ဆိုခြင်းသည်ပင်လျှင် သစ္စာဆိုခြင်း မည်တော့သည် ။

#သစ္စာရှင် 
 🙏 မြတ်ဗုဒ္ဓ၏သာသနာ🙏

မူရင်းရေးသားပူဇော်သူအား လေးစားစွာဖြင့်ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။ 

Friday, April 1, 2022

သုဂတောဂုဏ်တော်

မြတ်ဗုဒ္ဓ၏ သုဂတော ဂုဏ်တော် ဆိုသည်မှာ...
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဘဂဝါ ဣတိပိ သုဂတော၊သုဂတော ဆိုတာ....
အက္ခရာ သုံးလုံးသာ ပါဝင်တဲ့ မြတ်ဗုဒ္ဓ၏ ဂုဏ် တော် တစ်ပါးဖြစ်တယ်။

လူ့လောကတွင်မက နတ်ပြည်၊ဗြဟ္မာပြည် အပါ
အဝင် သတ္တလောကကြီးတစ်ခုလုံး သိမ်းကျုံး ကျော်ကြားထင်ရှားတော်မူခဲ့တယ်။ ။

သုဂတ စကားလုံးရဲ့ အဓိပ္ပါယ်ကို စာပေကျမ်းဂန် မှာငါးမျိုးဖွင့်ဆိုထားတယ်။

အဲဒီ ငါးမျိုးလုံးဟာ မြတ်စွာဘုရားနဲ့ဆက်စပ်ပြီး သိရှိမှတ်သားကြရတဲ့ ဂုဏ်ရည်တွေချည်းပဲ
မြတ်စွာဘုရား မှာ လောကလူသားတွေထက် အင်မတန်မြင့်မားတဲ့ ဂုဏ်အရည်အချင်း တွေ ရှိတယ်။

ဒီလို ဂုဏ်အရည်အချင်းတွေရှိတဲ့ပုဂ္ဂိုလ် မှ ဘုရား လို့ သတ်မှတ်လို့ရတယ်။

အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂ တောဆို တဲ့ ဂုဏ်အရည်အချင်းတွေနဲ့ ပြည့် စုံမှ ဘုရားဖြစ်နိုင်တဲ့ စံဆိုတာ သတ်မှတ်ချက်ရှိတယ်။

ဒီ အရည်အချင်းတွေအားလုံးဟာ အသိဉာဏ်ရဲ့ ထက်မြက်မှုနဲ့ ပတ်သက်တာတွေချည်းပဲပေါ့။

ဘုရားဆိုတာ အသိဉာဏ်ထက်မြက်မြင့်မားတဲ့ ပုဂ္ဂိုလ်သာဖြစ်တယ်။

သို့သော် အသိဉာဏ် ထက်မြက်မြင့်မားမှု ဆိုတာ ဟာအလိုအလျောက် ထက်မြက်မြင့်မားလာတာ မဟုတ်ဘူး၊ကျင့်ကြံကြိုးကုတ်အားထုတ်ခဲ့လို့၊လေ့ ကျက် သင်ကြားခဲ့လို့သာဖြစ်တယ်။

သီလစွမ်းအားမြင့်မားမှု၊သမာဓိစွမ်းအား မြင့်မားမှု
ကြောင့် အသိဉာဏ်ဟာ မြင့်မားရတယ်။

မသိတာ မရှိရလေအောင် ဉာဏ်ပညာရဲ့ အစွမ်း သတ္တိ ထက်မြက်မှုကို အကြောင်းပြုပြီး ဒီဂုဏ် တော် တွေ ရရှိလာတာဖြစ်တယ်။

ဒါကြောင့်မို့အသိဉာဏ်ဟာ အဓိက ၊ကျန်တာတွေ က ပံ့ပိုးပေးတဲ့အကြောင်းတရားတွေ မျှသာ ဖြစ် တယ်။

သုဂတဆိုတဲ့ စကားလုံးကို သု-ဂတ လို့ခွဲပြီး “သု” ကအဓိပ္ပါယ်တစ်ခု၊“ဂတ”ကအဓိပ္ပါယ်တစ်ခု၊“သု'ဆိုတာ ကောင်းမြတ်တယ် တင့်တယ်တယ် ကျေ နပ် စရာ ကောင်းတယ် အပြစ်ကင်းတယ်ဆိုတဲ့ အဓိပ္ပါယ် ရတယ်။

‘ဂတ'ဆိုတာ သွားရောက်ခြင်း သို့မဟုတ် လမ်း ကြောင်း၊အပြစ်ကင်းတဲ့လမ်းစဉ် မှန်ကန်တဲ့ လမ်း စဉ် ရှိတဲ့ပုဂ္ဂိုလ်လို့ ဒီလိုအဓိပ္ပါယ်ရတယ်။

လောကမှာ လမ်းစဉ်မှားနေတယ်ဆိုတဲ့ ပုဂ္ဂိုလ်
တစ် ယောက်ဟာ လမ်းဆုံးရောက်ဖို့ဆိုတာ အင်မ တန်မှ ခဲယဉ်းတယ်။

မြတ်စွာဘုရားဟာ မှန်ကန်တဲ့ လမ်းစဉ်ရှိလို့ လို ချင် တဲ့ကောင်းကျိုးချမ်းသာတွေကို ရတာဖြစ် တယ်။

မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်း လာတဲ့ ပုဂ္ဂိုလ် ဆိုတဲ့အနေနဲဘဂုဏ်တင်ရတာ ၊လမ်းမှန် ပေါ်သွားတဲ့ ပုဂ္ဂိုလ်ဟာ ဂုဏ်တင်ရမယ့် ပုဂ္ဂိုလ် ပဲ ဖြစ်တယ်။

ဘာဖြစ်လို့တုန်းဆိုရင် လောကမှာ လူတွေဟာ လမ်း မှားလျှောက်နေကြတာတွေက အများကြီးပဲ
၊မမှန်မကန်တဲ့ လမ်းပေါ်ကို လျှောက်လှမ်းလို့ ဆင်းရဲ ဒုက္ခ ကြုံတွေ့နေကြတာတွေ အများ ကြီး ပဲ။

အကုသိုလ်ကို ကုသိုလ်ထင်ပြီး လုပ်နေကြတာ
တွေ၊ ကုသိုလ်ကို အကုသိုလ်ထင်ပြီး ရှောင်နေကြ တာတွေ၊မလုပ်သင့်တာ ကျတော့ လုပ်သင့် တယ် လို့ ထင်ပြီး လုပ်သင့်တာကျတော့ မလုပ်သင့်ဘူး လို့ ထင်ပြီး လမ်းမှားနေတာတွေ၊မိမိ လျှောက် လှမ်း တဲ့ လမ်းဟာ ထင်တဲ့အတိုင်း ဘာတစ်ခုမှ
ဖြစ်မလာတဲ့ မမှန်ကန်တဲ့လမ်းကြောင်း ဖြစ်နေ တာတွေကိုလျှောက်လှမ်းပြီး လမ်းဆုံးတာနဲ့ တပြိုင်နက် ဒုက္ခတွင်းကို သက်ဆင်းကြရတာ တွေ ဖြစ် တယ်ပေါ့။

သုဂတဆိုတာ အပြစ်ကင်းတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာတဲ့သူလို့ ဒီလိုအဓိပ္ပါယ်ရတယ်။

သောဘနဂမန- အပြစ်ကင်းတဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းလာတဲ့သူ။

အပြစ်ကင်းတဲ့လမ်းကြောင်းဆိုတာ ကိလေသာ တွေကုန်ဖို့အတွက် ကျင့်ကြံကြိုးကုတ် အားထုတ် တဲ့ လမ်းကြောင်းပဲ။

ရည်ရွယ်ချက် ဦးတည်ချက်က ဘာလဲလို့ဆိုရင် “သေခြင်းတရားရှိရင် မသေတဲ့တရားဆိုတာ ရှိရ မယ်၊ အဲဒီ မသေတဲ့တရားရဖို့ ဘယ်လမ်း ကြောင်း က သွားရမလဲ” စူးစမ်းရှာဖွေတယ်။

နောက်ဆုံး အဲဒီလမ်းကြောင်းအတိုင်း သွားတဲ့ အခါမှာမသေရာနိဗ္ဗာန်ဆိုတာကို ရောက်ရှိ သွားတယ် ပေါ့။

အဲဒီလမ်းကြောင်းကနေလျှောက်တာ။

လောကလူသားတွေ မဖြေရှင်းနိုင်တဲ့ပြဿနာ ဘာလဲ?

လူတိုင်းကြုံတွေ့နေရတဲ့ပြဿနာ ဘာလဲ။

ဖြေရှင်းလို့မရတဲ့ပြဿနာကဘာလဲဆိုရင် အိုခြင်း, နာခြင်း,သေခြင်းဆိုတဲ့ ပြဿနာပဲ၊ဘာလူမျိုး ပဲ ဖြစ်ဖြစ် ဘယ်ဘာသာ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်ပဲဖြစ် ဖြစ် ဒီပြဿနာအဖြေ ရှာတွေ့နိုင်ပါ မလား မတွေ့ နိုင် ဘူး၊ 

မြတ်စွာဘုရားကိုယ်တိုင်က ဟောထားတယ် “နတ္ထိ
ဇာတဿ အမရဏံ” မွေးလာပြီးတဲ့နောက် မသေ တဲ့ သတ္တဝါဆိုတာ လောကမှ မရှိပါဘူးတဲ့။

အဲဒီတော့ ဘာသာရေးပြဿနာတစ်ခု အနေနဲ့ ကြည့်မယ် ဆိုရင် မွေးလာပြီးတဲ့နောက်
မသေအောင် လုပ်နိင်တဲ့နည်း ရှိလားဆိုတော့ မရှိဘူး။

ဒါဖြင့်မသေရအောင် ဘာလုပ်ရမလဲဆိုရင် မမွေး အောင် လုပ်ဖို့ပဲရှိတယ်တဲ့၊ ဒီလိုဆိုတာ ပေါ့နော်။

အဲဒီတော့ နောက်ထပ်ပြန်မွေးနေတာ ဘာ့ကြောင့် တုန်းဆိုရင် လိုချင်တဲ့တဏှာဦးဆောင်တဲ့ အမှန် မသိ အောင် အဝိဇ္ဇာက အမှောင်ချထားတယ်။

ကံတရားတွေက တွန်းပို့တယ်၊မွေးရပြန်တယ်။

အဲဒီတော့ လက်သည်တွေက ဘယ်သူတုန်းဆို ရင် အဝိဇ္ဇာရယ် တဏှာရယ် ကံရယ်သူတို့တွေဟာ
လက်သည်ပဲ၊ အဝိဇ္ဇာက အမှန်မမြင်အောင် ဖုံးကွယ်ပေးထားတယ်။

တဏှာက သဘောတွေကျတယ် တွယ်တာတယ်
၊သူတွယ်တာတဲ့နေရာကို ကံကနေ တွန်းပို့ လိုက် တယ်။

ဟောတစ်ဘဝရောက်လာပြန်ပြီ၊သူတို့ဖန်တီးလိုက်တဲ့ အရာတစ်ခုသည် နောက်ဆုံးမှာ အိုရပြန်ပြီ နာရပြန်ပြီ သေရပြန်ပြီ။

ဒီ အိုခြင်း နာခြင်း သေခြင်း လို့ဆိုတဲ့ ပြဿနာကို
လွန်မြောက်ချင်ရင် ဘာလုပ်ရမလဲဆိုတော့ မွေး အောင်လုပ်နေတဲ့၊ ဘဝတစ်ခုရအောင် လုပ်နေ တဲ့
၊အမှန်တရားကို မသိအောင် ကာနေတဲ့ အဝိဇ္ဇာကို ဖယ်လိုက်ရမယ်၊အဝိဇ္ဇာဖယ်လိုက် တာနဲ့တွယ်တာ မှုမဖြစ်ဘူး။ ။

မအိုရာ မနာရာ မသေရာဆိုတာ တစ်ချို့ကထင်နေ
တယ်၊လူဖြစ်လာပြီး ဘယ်တော့မှ မအိုတော့ဘူး လို့ထင်တာ။

ဖြစ်ကိုမဖြစ်တော့တာနော်၊နိဗ္ဗာန်ဆိုတာ ဖြစ်ကို မဖြစ်တော့တာ။

ဘာလို့မဖြစ်တုန်းဆို ခုနက လှည့်စားမှုတွေနဲ့ လိုချင်မှုတွေမရှိတော့ဘူး။

မရှိသည့်အတွက်ကြောင့် ဘဝဆိုတာ စကို
မစလာတော့ဘူး။

အဲဒီနည်းလမ်းကိုပဲ မြတ်စွာဘုရားက ရှာဖွေ
တွေ့ထားတာတဲ့။

ဖြစ်လာတဲ့သတ္တဝါကို မအိုအောင် လုပ်နိုင် တာ တော့ မဟုတ်ဘူး၊ မဖြစ်အောင်လုပ်တဲ့ နည်းစနစ် တဲ့။

လူတိုင်းလူတိုင်းဟာ အိုလည်းမအိုချင်ဘူး၊ နာလည်း မနာချင်ဘူး၊ သေလည်းမသေချင်ဘူး၊ တကယ်တော့ ရလားဆိုမရဘူး။

နောက်ဆုံးမှာ အသက်တောင် ဆွဲဆန့်လို့ မရ တာကြီးကိုမအို မသေဖို့ဆိုတာ အခဲယဉ်းကြီးလေ။

မသေချင်ဘဲနဲ့ပဲ သေရမှာပဲ၊အဲဒီတော့ မြတ်စွာဘုရား က မသေရာလမ်းကြောင်းဆိုတဲ့
အကောင်းဆုံးလမ်းကြီးကို ရှာဖွေတွေ့ထားတာ။

ဒါကြောင့်မို့“သုဂတ” လို့ခေါ်တာ။ အဲဒီ မသေရာ လမ်းကြောင်းဆိုတာ ဘယ်လမ်းလဲ ဆိုရင်မဂ္ဂင် ရှစ်ပါး တည်းဟူသော လမ်းကြောင်းပဲ။

အဲဒီ မဂ္ဂ ဆိုတဲ့လမ်းဟာ ဘာနဲ့ဖွဲ့စည်းထား တာ တုန်း ဆိုတော့ သမ္မာဒိဋ္ဌိ,သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ
, သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ လို့ခေါ်တဲ့ ဒီရှစ်ပါးနဲ့
ဖွဲ့စည်းထားတာ။

မဂ္ဂဆိုတာ ဒီအဖွဲ့အစည်းတစ်ရပ်ရဲ့နာမည်၊ဒီ ရှစ် ပါး ကို ပေါင်းပြီးတော့“မဂ္ဂ” လို့ခေါ်တာ။

ဝိပဿနာတရား အားထုတ်နေတဲ့အချိန်မှာလည်း ဒီရှစ်ခုနဲ့သွားနေတာ။

သို့သော် စွမ်းအားပြည့်သွားပြီဆိုရင် မဂ်ဉာဏ်
ဖြစ်သွားပြီ၊အဲဒီတော့ လုပ်ရတာက ဝိပဿနာမဂ္ဂ၊ ရလိုက်တာက အရိယာမဂ္ဂ၊ ဝိပဿနာက အလုပ် လုပ်ပြီး အသိဉာဏ်တွေ ဖွံ့ဖြိုးလာအောင်၊
အတွေး တွေ မှန်ကန်လာအောင်ကိုယ်ကျင့် တရားကို အခြေခံပြီးတော့ ကြိုးစားမှု တွေ သတိ
ထားမှုတွေ သမာဓိတွေ ဒီစွမ်းအားတွေကို မြှင့်ရင်း မြှင့်ရင်းနဲ့နောက်ဆုံးမှာ ဒီရှစ်ခုက တစ်ခုတည်း ကဲ့သို့ ဖြစ်သွားတယ်။

စွမ်းအားပြည့်တယ်ဆိုတာ ဝိပဿနာအခိုက် တုန်း ကတော့ရှစ်ခုက ရှစ်မျိုးဖြစ်နေကြတယ်။

တစ်စထောင် တစ်စလဲနဲ့ရှစ်မျိုးမှန်းသိသာတယ်
၊အလုပ်တွေလုပ်နေကြတာ။

အဲဒီရှစ်ခုက တပေါင်းတည်း ဖြစ်သွားပြီဆိုရင် အရိယာမဂ္ဂ ဖြစ်သွားပြီ။

တစ်ခုတည်းဖြစ်သွားပြီဆိုရင် စွမ်းအင်တွေ
အားလုံးစုသွားတယ်၊တစ်ခုတည်းလိုဖွဲ့စည်းပြီး စည်းလုံးညီညာသွားပြီ ဆိုလို့ရှိရင် ကိလေသာအားလုံးကို ဖယ်ရှားပစ်လိုက်ပြီး
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားကို “သောဘဏ ဂမနတ္တာ သုဂတော”တင့်တယ်သော အပြစ်
ကင်းသော လမ်းကြောင်းရှိတဲ့ပုဂ္ဂိုလ်မြတ်တဲ့ ဒီလို အဓိပ္ပါယ်ရတယ်။

အရိယမဂ်ဆိုတဲ့လမ်းကြောင်းကို မြတ်စွာဘုရား ပထမဆုံးတွေ့ရှိတယ်။အဲဒီ လမ်းကြောင်းအတိုင်း လျှောက်တယ်။လမ်းဆုံးပန်းတိုင် ကိုလည်းေ ရောက်ခဲ့ ပြီ။

အဲဒါကြောင့်မို့ သုဂတ လမ်းကြောင်းကိုလည်း သိသူ၊လမ်းဆုံးကိုလည်း ရောက်ပြီးသူဆိုတဲ့ အဓိပ္ပါယ်ရတယ်ပေါ့။ ။ 

အဲဒီတော့ ဒီ မသေတဲ့လမ်းကြောင်းကို ဘယ်သူမှ မတွေ့ဘူး။

အကောင်းဆုံး အစစ်မှန်ဆုံး အပြစ်ကင်းဆုံး လမ်း ကြောင်း ကို မြတ်စွာဘုရားကိုယ်တိုင် စတွေ့ တာဖြစ် သောကြောင့် သုဂတ-အကောင်းဆုံးသော
လမ်းကြောင်းကို လျှောက်လှမ်းပြီးသူ ဆိုတဲ့ အဓိပ္ပါယ်နဲအကောင်းဆုံးသော လမ်းကြောင်းရှိတဲ့ ပုဂ္ဂိုလ်မြတ်အနေနဲ့“သုဂတ” လို့ခေါ်တာ
၊ ဒါက အဓိပ္ပါယ်တစ်ခုနော်။

တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်း တို့
၊ဗုဒ္ဓမြတ်စွာရဲ့ သုဂတ ဂုဏ်တော်ကြီးကို နာယူ
မှတ်သားပြီးတော့..

တို့တတွေဟာလည်း မှန်ကန်တဲ့ လမ်းကြောင်းကို ပိုင်ဆိုင်ဖို့အရေးကြီးတယ်၊ပိုင်ဆိုင်ထားပြီး အဲဒီ
လမ်းကြောင်းအတိုင်း လျှောက်လှမ်းလို့ ပန်းတိုင် ကို ရောက်တဲ့ပုဂ္ဂိုလ်တွေ လည်း ဖြစ်ဖို့ လိုအပ် တယ်။

လုပ်တဲ့လုပ်ငန်းသည်သေသေသပ်သပ် နဲ့ နောက် ကြောင်း မပြန်ရအောင် သေသပ်တဲ့အလုပ် မျိုးနဲ့ တို့တတွေ လုပ်ရမှာဖြစ်တယ်။

ကျင့်ဆောင်တဲ့၊လျှောက်လှမ်းတဲ့ လမ်းဟာ လည်း ပဲမှန်ကန်တဲ့လမ်းကြောင်းက လျှောက်လှမ်း လာတာ ဖြစ်ရမယ်။

စကားပြောတဲ့အခါမှာလည်းပဲ မှန်ကန်ပြီးတော့ အကျိုးရှိတဲ့ စကားမျိုးကိုသာလျှင် တို့တတွေ ရွေးချယ်ပြီးတော့ပြောကြရမှာဖြစ်တယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ သုဂတ ဂုဏ်တော်ကို အာရုံ ပြုပြီး ကောင်းတဲ့ကိုယ်ကျင့်တရားတွေ ကျင့်သုံး
ထူထောင်နိုင်ကြ ပါစေကုန်သတည်း။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

ပါချုပ်ဆရာတော် #တရားမှတ်စု Credit...KhinSandarSoeHtut