ဖွပ်လျှော်ခြင်း ရသ
@@@@@@@@@
အဝတ်တွေ ညစ်နွမ်းရင် လူတွေက ဆပ်ပြာနဲ့ ရေနဲ့ လျှော်ကြတယ်၊ စိတ်တွေ ညစ်နွမ်းရင်လည်း လျှော်တဲ့ နည်းလမ်းတော့ ရှိရမှာပေါ့၊ အဝတ်ညစ်နွမ်းရင်တော့ လျှော်ကြသလို ကိုယ့်စိတ်လေး ညစ်နွမ်းရင်လည်း လျှော်ဖွပ်ဖို့ မမေ့ကြလေနဲ့။
ဖြူစင်သန့်ရှင်းတဲ့ စိတ်ကလေးဖြစ်လာအောင် ခေတ္တခဏရောက်လာတဲ့ အညစ်အကြေးဆိုတာတွေကို လျှော်ဖွပ်ပစ်ရမှာပဲ၊ အဝတ်လျှော်တဲ့အခါ တချို့ အညစ်အကြေးမျိုးတွေက တစ်ခါ, နှစ်ခါ လျှော်ရုံနဲ့ ဖွပ်ရုံနဲ့ မရဘူး၊ တော်တော် စွဲနေတာနော်၊ တော်တော်စွဲတဲ့ အညစ်အကြေးလည်း ရှိတယ်၊ သာမန် တစ်ခါ, နှစ်ခါ လျှော်ရုံနဲ့ ပျောက်သွားတဲ့ အညစ်အကြေးလည်း ရှိတယ်၊ ဒီလိုပဲ စိတ်ရဲ့ အညစ်အကြေးမှာလည်းပဲ တချို့ အညစ်အကြေးတွေက စွဲထင်နေတယ်၊ ခုမှ ညစ်တာ မဟုတ်ဘူး၊ သံသရာက ညစ်လာတာဆိုတော့ လုံးလုံး စွဲထင်နေတာ၊ တစ်ခါ, နှစ်ခါ လျှော်ရုံလေးနဲ့ မရဘူး။
စိတ်အညစ်အကြေး လျှော်နည်း
လျှော်တယ်ဆိုတာ တခြားနည်းနဲ့ လျှော်ရမှာတော့ မဟုတ်ဘူး၊ သမထကျင့်စဉ် ကျင့်ပြီးတော့ လျှော်တယ်၊ ဝိပဿနာကျင့်စဉ် ကျင့်ပြီးတော့ လျှော်တယ်၊ စိတ်ကောင်း နှလုံးကောင်း နှလုံးသွင်း မှန်မှန်လေး ထားပြီးတော့ လျှော်တယ်၊ ဒါ လျှော်ဖွပ်နည်းပဲ၊ လျှော်ဖွပ်တဲ့နည်း အမျိုးမျိုးနဲ့ ကြိုးစားကြရမှာ၊ ကြိုးစား အားထုတ်တယ်ဆိုတာ အညစ်အကြေးတွေ မစွဲသေးရင် မစွဲအောင် သတိထား။ ဆိုပါစို့၊ အဝတ်ကလေး ဝတ်တဲ့အခါ အညစ်အကြေးတွေ ထိမှာစိုးလို့ မထိအောင် ရိုရိုသေသေ ဝတ်ကြတယ် မဟုတ်လား၊ အဝတ်ကို ရိုရိုသေသေ ဝတ်ကြသလို ကိုယ့်စိတ်ကလေးလည်း အညစ်အကြေးတွေ ကပ်မလာအောင် ရိုရိုသေသေ ထားရမယ်၊ အဲဒီလို ကြိုးစားတာကို သမ္မာဝါယာမ။အဲဒါကို သံဝရ လို့လည်း ခေါ်တယ်၊ ဆို့ပိတ်ထားတယ်၊ အညစ်အကြေး မရောက်စေရဘူး၊ ဖြူစင်နေတဲ့ ကိုယ့်အဝတ်ကလေးထဲမှာ အညစ်အကြေးတွေလာ မစွဲအောင်လို့ ဂရုစိုက်ပြီးတော့ သံဝရ- ဆို့ပိတ်မှုလို့ ပြောတာ၊ အဲဒီလို ဆို့ပိတ်လို့ မတော်တဆ အညစ်အကြေးတစ်ခု ရလာပြီ၊ ရောက်လာပြီ ဆိုလို့ရှိရင် လျှော်ဖွပ်ပစ်၊ ဒါ ကြိုးစား အားထုတ်မှုပဲ။
စိတ်လည်းဒီအတိုင်းပဲ။ (၁) မပေအောင် အညစ်အကြေး မကပ်အောင်ထိန်းသိမ်း၊(၂) ကပ်လာပြီဆိုလို့ရှိရင် ထိုအညစ်အကြေးကို လျှော်ပစ်၊ (၃) နောက်ထပ် အညစ်အကြေး မလူးအောင် အညစ်အကြေး မလူးလို့ သန့်ပြန့်နေတဲ့ အနေအထား ရောက်အောင် ကြိုးစားအားထုတ်၊(၄) ထိုသန့်ပြန့်မှု တိုးတက်ပြီး သန့်ပြန့်လာအောင် ကြိုးစားတဲ့။ ဒါ အညစ်အကြေးကို ဖွပ်လျှော်တဲ့နည်း၊ လုပ်ပုံလုပ်နည်းပေါ့။
စိတ်အညစ်အကြေးကို ဖွပ်လျှော်တဲ့အခါ ကောင်းတဲ့အာရုံ တစ်ခုခု ယူပြီးတော့ စိတ်အခြအနေ ပြောင်းပစ်တာ၊ လျှော်ပစ်တာ။ ဘုရားဂုဏ်ကို အာရုံပြုပြီးတော့လည်း လျှော်ပစ်လို့ရတယ်၊ တရားဂုဏ်တော်ကို အာရုံပြုပြီးတော့လည်း လျှော်ပစ်လို့ရတယ်၊ ဝိသာခုပေါသထသုတ်မှာ မြတ်စွာဘုရားက အဲဒီ နည်းလမ်းတွေပေးထားတာ ရှိတယ်နော်၊ တရားဂုဏ်, သံဃာဂုဏ် အာရုံပြုပြီးတော့လည်း စိတ်အညစ်အကြေးတွေ လျှော်လို့ရတယ်၊ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို အာရုံပြုပြီးတော့လည်း နှလုံးသွင်း ဆင်ခြင်ပြီးတော့လည်း စိတ်အညစ်အကြေးကို လျှော်လို့ရတယ်။ ဆိုလိုတာက ကမ္မဋ္ဌာန်းအာရုံတွေထဲက ဘယ်အာရုံနဲ့ပဲ ဖြစ်ဖြစ် အဲဒီ အာရုံနဲ့ စိတ်ရဲ့ အညစ်အကြေးတွေကို လျှော်လို့ ဖွပ်လို့ရတယ်၊ စင်ကြယ်သွားအောင် လုပ်ရတယ်။
🙏ပါချုပ်ဆရာတော်ကြီး🙏
ကိုယ်စီကိုယ်စီ အညစ်မသီ ဖြူစင်မှီကာ ကြိုးစားနိုင်ကြပါစေ.... ကျန်းမာချမ်းသာ လိုရာပြည့်စုံကြပါစေ....။
No comments:
Post a Comment