••••••••••••••••••••••••••••••••••
မိမိတို့ရဲ ့သံသရာ ဝဋ်ဆင်းရဲကနေ လွတ်မြောက်ဖို့အတွက် ဝိပဿနာ ကို ကျင့်ကြံ အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေများအတွင်း ဉာဏ်စဉ်တွေ အတော်ပေါက်မြောက်လာကြတာ တို့၊ တစ်ချို့ပုဂ္ဂိုလ်များဟာလည်း မိမိတို့စိတ်ချရတဲ့ အနေထားကို ရောက်ရှိသွားကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာကြလို့စတဲ့ ပုဂ္ဂိုလ် အသီးသီးတွေမှာ တစ်ချို ့ပုဂ္ဂိုလ်တွေဟာ တရားရှုမှတ်နေတဲ့အချိန် မိမိရဲ့ ဟိုးအယင် အတိတ်ဘဝ ကို ပြန်မြင်တာတွေ ရှိကြပါတယ်။
အဲဒီလို ပြန်မြင်ကြတဲ့အချိန်မှာ ပြသနာအနေနဲ့ဝိပဿနာ အားထုတ်လို့အတော်အတန်အဆင့်ရောက်နေပြီးဖြစ်တဲ့ ပုဂ္ဂိုလ်တို့က ပေါ်လာတဲ့ အတိတ်ဘဝ ကို လည်း ရှုလို့ရသလားဆိုတဲ့ ပြသနာပါ ။မိမိတို့တရားစတင် အားထုတ်စဉ်ကတည်းက သိထားတာက ဝိပဿနာ ဆိုတာ ပစ္စုပ္ပန်မှာ ပေါ်တာ ကို ရှုရမယ်ဆိုတာ သိထားတဲ့ အလျောက်၊ ပေါ်တာကို ဘဲ ရှုခဲ့ကြလို့လည်း အထိုက်လျောက် ဖြစ်လာကြပါပြီ။
ဒါပေမဲ့ အခုလို အခြေနေမျိုး ကြုံတွေ့လာခဲ့ရင် ဒါမှမဟုတ် အခုကြုံတွေ့နေဆဲ ဖြစ်တဲ့ ဓမ္မမိတ်ဆွေတို့ဟာ ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ နည်းကို သိရှိကြစေရန် အတွက် ဖတ်ရှုထားဘူးတဲ့ ဆရာတော် "ဓမ္မဒူတ အရှင်ဆေကိန္န" ဖြေကြားထားတဲ့ တရားသင်တန်းအမေးဖြေတွေ ထဲ ကနေ ကောက်နှုတ်ပြီး ရေးသားကာ ဓမ္မဒါနပြုလိုက်ပါတယ်။
ဒီအကြောင်းရာကို မရေးသားခင်မှာ ဓမ္မမိတ်ဆွေတို့ဦးစွာပထမ ဖြစ်ပေါ်နေတဲ့ မေးခွန်းတွေ ရှိကောင်းရှိမှာပါ...။အဲဒီလို ရှိနိုင်တဲ့ မေးခွန်းတွေကတော့..
ဝိပဿနာ အားထုတ်လို့တရားထိုက်တဲ့ အခါမှာ အတိတ်ဘဝ တွေ ကို မြင်နိုင်ပါသလား?
အဲဒီလို အတိတ်ဘဝ တွေကို မြင်တာဟာ ဝိပဿနာဉာဏ် နဲ့ ဆိုင်ပါသလား?
ပြီးတော့..
ဝိပဿနာတရားဟာ "အတိတ်ဘဝ "ကို မြင်တဲ့အခါ ရှုလို့ရပါသလား ဆိုတဲ့ မေးခွန်းတွေပါဘဲ။
အတိတ်ဘဝ ကို မြင်နိုင်ပုံတွေ အများကြီးရှိပါတယ်။
"ပုဗ္ဗေနိဝါသာနုဿတိ" လို့ခေါ်တဲ့ အဘိဉာဏ် ရလာလို့ရှေးဘဝတွေ မှာ နေခဲ့ဘူးတဲ့ "ခန္ဓာအစဉ်၊ အမျိုးအနွယ်၊ အမည်နာမ" စတာတွေကို မြင်နိုင်တာမျိုးတွေလည်းရှိပါတယ်။ ဒါကတော့ ဘုရားရှင်ရဲ့ ဉာဏ်တော်ကြီးထဲမှာ ပါဝင်ပါတယ်။
ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဟာ အစွမ်းတစ်မျိုးမျိုးကြောင့် အတိတ်ဘဝ အကြောင်းတွေကို မြင်လာတာမျိုးလည်းရှိတတ်ပါတယ်။ တစ်ချို ့ဆို ကလေးဘဝ က စကားပြောတတ်ခါစ အရွယ်မှာ ယခင်အတိတ်ဘဝက မိမိရဲ့သက်ဆိုင်တဲ့ အကြောင်းတွေ ပြောလာပြီး အရွယ်ရောက်လာမှ မေ့လျောသွားကြသူတွေလည်းရှိပါတယ်။ တစ်ချို ့ပုဂ္ဂိုလ်တွေကျတော့လည်း အရင်တုန်းကတော့ သူလို ကိုယ်လို သာမန်ပုဂ္ဂိုလ်ပါဘဲ၊ အသက်ရွယ်ရလာလို့တရားကျင့်ကြံအားထုတ်တော့မှဘဲ အဲဒီလို အတိတ်ဘဝတွေ ကို ပြန်မြင်လာတာတို့တွေ လည်း ရှိကြပါတယ်။
အဲဒီလိုပါဘဲ အတိတ်ဘဝက မြုပ်နှံထားတဲ့ ရွှေအိုးတွေကို ဖော်ထုတ်ပြနိုင်တာမျိုးလို စာပေကျမ်းကန်တွေမှာလည်း ပါရှိပါတယ်။
ပြီးတော့ တခြား တခြားသော လူများကူညီလို့အတိတ်အကြောင်းသိနိုင်တဲ့ သာဓက တွေ လည်းများစွာရှိပါတယ်။
နောက်ပြီး ကိုယ်ပိုင် စိတ်စွမ်းအားနည်း မျိုးမျိုး နဲ့သိနိုင်တာလည်းရှိပါသေးတယ်။အတိတ်အကြောင်းကို သာမာန်အမှတ်ရလို့သိတာမျိုး၊ ဘုရားရှင်တို့ရဲ ့ဉာဏ်တော်ကြီးတွေနဲ့သိတာမျိုးတွေလည်းရှိပါတယ်။
ကိုယ်ပိုင်စိတ်စွမ်းအားဆိုတာက ခုနပြောခဲ့သလို ပင်ကိုယ်မွေးရာပါအသိမျိုး၊အမှတ်သညာ နဲ့သတိအားကောင်းခဲ့မှုတွေကြောင့် ဖြစ်လာတဲ့ " ဇာတိဿရဉာဏ်" လို့ခေါ်တဲ့ လူဝင်စား ဆိုတဲ့ အသိမျိုးဖြစ်ပါတယ်။
ဒါမှမဟုတ်.
မိမိရဲ ့စိတ်ကို ဖုံးလွှမ်းကာဆီးထားတဲ့ " နီဝရဏ"တွေ၊
လိုချင်မှု......................."ကာမစ္ဆန္ဒ"
အလိုမကျမှု................. " ဗျာပါဒ"
အိပ်ချင်ငိုက်မြည်းမှု......." ထိနမိဒ္ဓ "
စိတ်ပြန့်လွှင့်မှု............... " ဥဒ္ဓစ္စ "
ပူပန်မှု.......................... " ကုက္ကုစ္စ"
သံသယရှိမှု................... " ဝိစိကိစ္စ "
မသိမှု............................ " အဝိဇ္ဇာ "
ဆိုတဲ့ အတားအဆီးတွေ မရှိတဲ့ အခိုက်မှာလည်း မြင်နိုင်ပါတယ်။
ဒီလို မြင်မှုတွေဟာ မျက်စိမှိတ်ထားမှမြင်တာမဟုတ်ပါဘူး။ မျက်စိဖွင့်ထားလည်းပဲ မြင်နိုင်ပါတယ်။
နောက်တစ်မျိုးက...
အတိတ်ဘဝအကြောင်းတွေကို မစဉ်းစားလိုက်ရဘဲ နဲ့အလိုလို ပေါ်လာလို့သိလိုက်၊ မြင်လိုက် ရတာရယ်၊ စဉ်းစားလို့ပေါ်တာရယ် ဆိုတာလည်း ရှိပါသေးတယ်။ ဒါကတော့ သတိအမှတ်ရမှု အားကောင်းခဲ့လို့၊အမှတ်သညာ အားကြီးခဲ့လို လို့ဆိုချင်ပါတယ်။
မစဉ်းစားလိုက်ရဘဲနဲ့ အလိုလိုဆိုတာကတော့ ဗုဒ္ဓတရားတော်မှာ ဒီအယူဆမျိုးကိုတော့ လက်မခံပါဘူး။ ဘာလို့လည်းဆိုတော့ မသိလို့သာ အလိုလို လို့ဆိုရပေမယ့် အကြောင်းတရားကင်းပြီး ပေါ်လာတယ် ဆိုတာ မရှိလို့ပါဘဲ။
အတိတ်ဘဝ သံသရာအစဉ် မှာ မမြင်ဘူး၊ မတွေ့ဘူးခဲ့တာဟာ "နိဗ္ဗာန်" တစ်ခုတည်းပါလို့ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။
ကျန်တဲ့ အာရုံတွေကတော့ တွေ့ခဲ့ဘူးကြပါတယ်။ဘာလို့လည်းဆိုတော့ လောကသံသရာထဲမှာ ကြိမ်ဖန်များစွာကျင်လည်ခဲ့ရတဲ့ ဘဝပေါင်း၊အချိန်ပေါင်းများစွာရှိခဲ့လို့ပါဘဲ။ အဲဒီလို ကျင်လည်ခဲ့ကြစဉ်အခါက တွေ့ကြုံခဲ့ရတဲ့ အာရုံတွေကို သညာမှတ်သားမှု၊ သတိအမှတ်ရမှုတွေနဲ့စုဆောင်းခဲ့တဲ့ အာရုံပုံရိပ်တွေဟာ အကြောင်းဆုံလို့ပြန်ပေါ်ခွင့်ရှိတာနဲ့တစ်ပြိုင်နက် ပေါ်လာကြတဲ့သဘောပါဘဲ။ ဒီသဘောကို မသိလို့သာ မစဉ်းစားဘဲ အလိုလိုပေါ်တယ်လို့ဆိုကြတာပါ။
စဉ်းစားလို့အာရုံတွေ ပေါ်တာလည်း ရှိတတ်ပါတယ်။
အခုဒီစာဖတ်နေတဲ့ ဓမ္မမိတ်ဆွေ အနေနဲ့ပြောကြပါစို့..ငယ်ငယ်တုန်းက သင်္ကြန်ကျခါနီးပြီဆိုရင် ပျော်ချင်ပါးချင်တဲ့ စိတ်ကလေး ဖြစ်ခဲ့ဘူးပါတယ်၊ပျော်လည်းပျော်ခဲ့ကြဘူးပါတယ်။ ဒီလိုပြောလိုက်လို့အတိတ်သင်္ကြန်ကို ပြန်ပြီး အမှတ်ရသွားပါတယ်၊ အဲဒီတုန်းက သညာ နဲ့မှတ်သားခဲ့တဲ့ အာရုံအမှတ်အသားတွေဟာ ပြန်ပေါ်လာပါတယ်။အာရုံတွေ အမျိုးမျိုးဟာ အရင်တွေ့ကြုံခဲ့ဖူးတဲ့အတိုင်း တစ်သွေမတိမ်း ပုံစံတူပြန်ပေါ်လာပါတယ်။ မိမိရဲ ့စိတ်ကလည်း ဒီအာရုံတွေကို ပြန်မြင်ပြီး အဲဒီငယ်ငယ်တုန်းက စိတ်မျိုးပြန်ဖြစ်သွားပါတယ်။
ဒီတော့ အဲဒီတုန်းက အသက်အရွယ်၊ အခြေအနေ၊ ပတ်ဝန်းကျင်ကိုဘဲ လက်ခံပြီး ပြုံးစရာတွေကြုံရင် ပြန်ပြီး ပြုံးမိပါတယ်။ ကြေကွဲစရာတွေ ပေါ်ရင်လည်း ပြန်ပြီးကြေကွဲမိကြပါတယ်။အတိတ်အာရုံတွေ ဆိုတာ အသိမကပ်နိုင်တော့ပါဘူး။
ဒါကတော့ စဉ်းစားလို့အတိတ်ဘဝ အာရုံပေါ်တဲ့ သဘောပြောတာပါ။ အဖေ နဲ့အမေ ကို စဉ်းစားရင် အဖေ နဲ့အမေ ရဲ ့အာရုံတွေဟာ အရင်က မှတ်သားခဲ့တဲ့အတိုင်း ပြန်ပေါ်လာပါတယ်။မိမိစဉ်းစားချင်တာတွေ စဉ်းစားပြီး စမြုံ့ပြန်လို့လည်း ရနိုင်ပါတယ်။ ဒါကတော့ စဉ်းစားလို့အတိတ်ကို မြင်တဲ့သဘောပါ။
ဒါ့အပြင် အရင်တုန်းက "ငါရှင်ဘုရင် ဖြစ်ခဲ့တယ်နဲ့ တူတယ်" ဆိုတဲ့ စိတ်၊ ကိုယ် ကိုယ်တိုင် မသိလိုက်တဲ့ စိတ်က ပုံဖေါ်ပေးတဲ့အတွက်ကြောင့် ရှင်ဘုရင်ပုံနဲ့မိမိကိုယ်မိမိ ပြန်မြင်တာမျိုးတွေ၊ ပုံစံအမျိုးမျိုး၊ အကြောင်းအရာ အမျိုးမျိုးတွေကို စိတ်ကူးနဲ့ပုံဖော်တာတွေလည်း ရှိသေးတယ်ဆိုတာ နားလည်ထားစေချင်ပါတယ်။
ဒါကတော့အတိတ်အကြောင်းကို သာမာန်အမှတ်ရလို့သိတာမျိုး နဲ့သက်ဆိုင်တဲ့ သဘောတွေပါ။
ဗုဒ္ဓဘုရားရှင်ရဲ ့ သဗ္ဗညုတဉာဏ်၊ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်ကြီးနဲ့သိမြင်တာကတော့ဖြင့် အဆင့်မြင့်လွန်းပါတယ်။ အမှန်အတိုင်းလည်း သိမြင်ပါတယ်။
တချို ့တွေ သိမြင်တာက အဆင့်နိမ့်တာတွေလည်း ရှိပါသေးတယ်။မမှန်ကန်ဘဲ စိတ်အထင်နဲ့မြင်တာမျိုးတွေလည်းရှိတတ်ပါတယ်။ အဆင့်နိမ့်အတိတ်ဘဝ မြင်မှုဆိုတာ အချိန်ကာလ အားဖြင့် နောက်ပြန်ရေတွက်ရင် ကမ္ဘာ(၄၀)ကို မြင်နိုင်ကြပါတယ်။တစ်ကမ္ဘာမှာ ဘဝပေါင်း ဘယ်လောက်နေခဲ့ရတယ်ဆိုတာက မရေတွက်နိုင်အောင် အကြိမ်ပေါင်းများပြားလှပါတယ်။ကမ္ဘာ(၄၀)ရဲ့ဘဝဆိုတော့ စဉ်းစားသာကြည့်ပါ။
ဒီလောက်များတဲ့ ဘဝပေါင်းကို မြင်တွေ့နိုင်တဲ့ အသိဉာဏ်ပင်လျှင် အဆင့်နိမ့်လွန်းပါတယ်..တဲ့။ဘာလို့လည်းဆိုတော့ အယူဖြောင့်မှန်မှု မရှိကြသေးတဲ့ ပုဂ္ဂိုလ်တွေသည်ပင်လျှင် အဲဒီလောက် ကမ္ဘာလေးဆယ်ထိ ပြန်မြင်နိုင်ပါတယ်.. တဲ့။
ဒါကတော့ အတိတ်ဘဝ ကို ပြန်မြင်တာ နဲ့ပတ်သက်လို့ရှင်းပြတာပါ။
ဘာဝနာ တရားအားထုတ်ကြတဲ့ နေရာမှာ အတိတ်ဘဝကို မြင်လည်းမြင်နိုင်မယ်၊ မမြင်လည်းမမြင်နိုင်ပါဘူး။ မြင်ပြန်တော့လည်း မှန်လည်းမှန်နိုင်တယ်၊ မမှန်လည်းမမှန်နိုင်ပါဘူး။ ဝိပဿနာအားမထုတ်တဲ့ လူတွေလည်း ထို့အတူပါဘဲ။မြင်တဲ့လူမြင်တယ်၊ မမြင်တဲ့လူမမြင်ပါဘူး။
နောက်ထပ် အတိတ်ဘဝကို မြင်တာ ဝိပဿနာ ဉာဏ်နဲ့ဆိုင်သလား ဆိုတာ ရှင်းပြပါအုံးမယ်။
အတိတ်ဘဝ အတိတ်အာရုံဆိုတာ ပုံသဏ္ဌာန်၊အရွယ်အစား၊အရောင်အဆင်းဆိုတာတွေ ပါဝင်နေပါတယ်။ ဟိုတုန်းကဆိုတဲ့ အတိတ်ကာလ အချိန်တွေပါဝင်နေပါတယ်။ သတ္တဝါ ပညတ်အာရုံတွေ ဖြစ်တဲ့ ဒီအာရုံတွေကို မြင်နေသမျှ၊ စွဲယူထားသမျှ၊ ပရမတ်အာရုံ၊ ရုပ် နာမ်အာရုံတစ်ခုခုဟာ မထင်ရှားနိုင်၊မပေါ်နိုင်ပါဘူး။ဉာဏ်မှာလည်း မမြင်နိုင်ပါဘူး။
အတိတ် ပညတ် အာရုံတွေကို မြင်နေတဲ့အခိုက် ဝိပဿနာဉာဏ်ကို နီဝရဏကိလေသာ တစ်ခုခုက ဖုံးအုပ်ထားပြီး ပရမတ်အာရုံကို ပညတ်အာရုံက ကာကွယ်ထားလိုက်ပါပြီ။ ဝိပဿနာဉာဏ် မဖြစ်နိုင်တော့ပါ။ အတိတ်အာရုံကောင်းကို ပြန်တွေ့ပြီး လောဘကိလေသာ၊အတိတ်အာရုံမကောင်းတာကို အာရုံပြုပြီး ဒေါသကိလေသာ၊ အတိတ်အာရုံရဲ ့သဘောကို သေချာမသိနိုင်တဲ့ မောဟကိလေသာဆိုတာတွေ ဖြစ်နေတတ်ပါတယ်။
အကြောင်းတိုက်ဆိုင်လို့အတိတ်အာရုံပေါ်ခဲ့ရင်လည်း အာရုံကောင်းတာကို လောဘအဖြစ်မခံဘဲ သံဝေဂဉာဏ်၊ အာရုံမကောင်းတာကို ဒေါသအဖြစ်မခံဘဲ သံဝေဂဉာဏ် ရဖို့အရေးကြီးပါတယ်။ သံဝေဂဉာဏ် ရပြီဆိုရင် မသိမှုမောဟဆိုတာလည်း ခဏခွာပြေးနေပါတယ်။
သံဝေဂဉာဏ်ဆိုတာ သံသရာအကြောင်းတွေကို သိမြင်မြင်ပြီး ဉာဏ်ပါတဲ့ ထိတ်လန့်မှုကို ခေါ်တာပါ။ သံသရာကိုကြောက်စိတ်၊ ကိလေသာတွေ ကို ရွံ့မုန်းစိတ်တွေ အားကောင်းလာတဲ့ ဉာဏ် ကို ခေါ်ပါတယ်။
အတိတ်ဘဝကို မြင်ရင် သံဝေဂဉာဏ်မျိုးတော့ ဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့ကလည်း အတိတ်ကို မြင်တာနဲ့ပတ်သက်လို့သဘောကျ၊ ဝမ်းသာ၊ သူများတွေထက် ငါကသာတယ် ဆိုတဲ့စိတ်ဓာတ်မျိုးတွေ မရှိမှသာ သံဝေဂဉာဏ် ပေါ်နိုင်တာပါ။
သံသရာကြောက်စိတ်၊ ကိလေသာရွံ့မုန်းစိတ် သံဝေဂဉာဏ် အစစ်ရပြီဆိုရင်တော့ ဝိပဿနာဉာဏ်အတွက် အထောက်ကူကောင်းရပါပြီ။ဝိပဿနာဉာဏ် ချက်ချင်းဆိုသလို ပေါ်လာနိုင်ပါပြီ။ ဒါကတော့ အတိတ်ဘဝ ကို မြင်တာဟာ ဝိပဿနာဉာဏ်နဲ့ဆိုင်သလားဆိုတာကို ရှင်းပြတာပါ။
နောက်တစ်ခု....
ဝိပဿနာ တရားဟာ အတိတ်ကို ရှုလို့ရပါသလား ဆိုတာပါ။
အခုလောက်ရှင်းပြတာနဲ့အဖြေထွက်လောက်ပါပြီ။ဒါပေမယ့် ထပ်ရှင်းပြပါအုံးမယ်။
"အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်" အာရုံ သုံးမျိုးစလုံး ကို ရှုလို့ရတယ် လို့ယူဆကြပါတယ်။
ဝိပဿနာရဲ ့အာရုံဟာ ပစ္စုပ္ပန် လို့သာ လက်ခံတာလည်း ရှိကြပါတယ်။
ဝိပဿနာ ဉာဏ်ဟာ ရုပ်အာရုံ၊ ဒါမှမဟုတ် နာမ်အာရုံ တစ်ခုခုကိုသာ အာရုံပြုပါတယ်။ လောဂီပရမတ် အာရုံ ရဲ ့သဘောကိုသာသိပါတယ်။
အတိတ်က အကြောင်းတွေ ပြန်ပြီးပေါ်လာတဲ့အခိုက် ဒီအာရုံတွေဟာ မှတ်သားခဲ့ဘူးတဲ့ သညာ၊ အမှတ်ရလိုက်တဲ့ သတိကြောင့် ပေါ်လာတဲ့ အတိတ်အာရုံ၊ အတိတ်အကြောင်းအရာတွေပါ။
အတိတ်အာရုံ၊အတိတ်အကြောင်းအရာတွေဆိုပေမယ့် အတိတ်နဲ့ပုံစံတူပေါ်လာတဲ့ ပစ္စုပ္ပန်ရှုစိတ်၊ သိစိတ် နဲ့ပြိုင်တူစိတ် တစ်ခဏတိုင်းမှာ ဖြစ်နေကြတဲ့ အာရုံပါ။
နားလည်အောင် ပြောရင် အတိတ်ပုံစံတူ ပစ္စုပ္ပန်အာရုံပါ။
အနာဂတ်အာရုံ၊အနာဂတ် အကြောင်းအရာတွေကို စဉ်းစားတွေးတောတဲ့အခါမှာလည်း အနာဂတ်အာရုံတွေဟာ ပေါ်လာနိုင်ပါတယ်။
မရောက်လာသေးတဲ့ အနာဂတ် အချိန်ရဲ ့ဖြစ်လိုတဲ့အာရုံ၊ ဖြစ်နိုင်တဲ့ အာရုံတွေကိုတွေးလို့၊ပေါ်လာတဲ့အခိုက် ဒီအနာဂတ်အကြောင်းအရာတွေဟာ အနာဂတ်ပုံတူ ပစ္စုပ္ပန်အာရုံတွေပါဘဲ။ ဒီအာရုံကို သိတဲ့စိတ်၊ ရှုနေရင်လည်း ရှုစိတ်သည်ပင်လျှင် ပစ္စုပ္ပန်စိတ်ဖြစ်နေပါတယ်။ ဒီ သိစိတ်၊ရှုစိတ် နဲ့တစ်ချိန်တည်း အသိခံ၊အရှုခံ အာရုံဖြစ်နေလို့ အနာဂတ်ပုံတူ ပစ္စုပ္ပန်အာရုံလို့ ပြောရတာ ဖြစ်ပါတယ်။
"အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်" ဘယ်လိုအာရုံတွေ၊ ဘယ်လို အကြောင်းရာတွေပဲ ပေါ်ပေါ်၊ ရှုစိတ် အရှုခံ အာရုံဟာ ပစ္စုပ္ပန်အချိန်တိုင်း အချိန်တိုင်းမှာ ပြိုင်တူဖြစ်ပေါ်နေတယ်ဆိုတာ သဘောပေါက်ဖို့သာ အရေးကြီးပါတယ်။
သဘောပေါက်ရင်ဖြင့် ဝိပဿနာတရားဟာ အတိတ်ကို ရှုလို့ရနိုင်ပါသလား ဆိုတဲ့ အမေးရဲ့အဖြေဟာ နားလည်သွားမှာပါ။
တကယ်တော့ ဒီမေးခွန်းရဲ ့အဖြေဟာ သိပ်ကိုနက်နဲသိမ်မွေ့တယ်လို့ဆိုပါတယ်။ တကယ်တန်းဖြေကြားရရင် ပါဋ္ဌိတော်၊ အဋ္ဌကထာ၊ ဋီကာ စတဲ့ အထောက်အထားတွေနဲ့ကိုးကားပြီးမှ ဖြေမှ ပိုပြီးသင့်လျော်မယ်လို့ ဆရာတော် "ဓမ္မဒူတ အရှင်ဆေကိန္န" က မိန့်ကြားထားပါတယ်။
အကျဉ်းချုပ်ရရင်တော့ ဓမ္မမိတ်ဆွေ တို့အနေနဲ့အထက်က ပြောခဲ့သလိုဘဲ မိမိတို့ရဲ ့ဝိပဿနာဉာဏ် နဲ့ အရှုခံအာရုံ ရဲ ့သဘောတွေကို နားလည်နိုင်ကြပါစေလို့ဆန္ဒပြုရင်း ဤစာမျက်နှာဖြင့် ဓမ္မဒါန ပြုလိုက်ပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
No comments:
Post a Comment