ကျောင်းရောက်နေကျ မဟုတ်တဲ့ အချို့သော ဒကာ-ဒကာမတွေ ကျောင်းကို ရောက်လာတဲ့အခါ ဟိုကြည့် ဒီကြည့်၊ ဟိုချောင်း ဒီချောင်းနဲ့၊ ကြောက်သလိုလို၊ ရွံ့သလိုလို။ ဟိုဦးဇင်းဆီ လာတာလိုလို၊ ဒီဦးဇင်းဆီ လာတာလိုလိုနဲ့။
ပြောရရင် ဗုဒ္ဓဘာသာဝင်တစ်ယောက်က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို လာတာနဲ့ကို မတူဘူး။ ကျောင်းပေါ်တက်လာပြီဆိုရင် အချို့ယောက်ျားကြီးတွေဆို အင်္ကျီမပါဘူး။ မတ်တတ်မတ်တတ်နဲ့၊ မျက်လုံးက ကျီးကြည့် ကြောင်ကြည့်နဲ့။ ဒီက,နေ "ဘာလိုအပ်လို့လဲ"လို့ မေးလိုက်ရင် အချို့တွေများဆို ခန္ဓာကိုယ်တွေ ဘာတွေတောင် တုန်တက်သွားတယ်။ အဲလိုမေးလိုက်မှ ရှေ့တည့်တည့်ကြီး လာရပ်ပြီး "ဟွာလေ ကျနော်/ကျမတို့ကို ဘယ်သူက ဘာငှါးခိုင်းလိုက်လို့"လို့ ထစ်တီးထစ်ငေါ့နဲ့ ပြောတယ်။
ကိုယ်ဖြစ်စေချင်တာက အဲဒီလိုမဟုတ်ဘူး။ ကျောင်းကိုလာတာပဲ၊ လာပေါ့ ရဲရဲဝံ့ဝံ့။ ကျောင်းပေါ် တက်လာခဲ့။ ဗုဒ္ဓဘာသာဝင်ဆိုရင် ကျောင်းပေါ် ရောက်တာနဲ့ (ကိုယ့်ကို ဦးမချချင်နေ) ဘုရားကိုတော့ ဦးချ။ ပြီးရင် လျှောက်စရာ(ပြောစရာ)ရှိတာကို "ဘာလျှောက်ချင်လို့ဘုရာ့၊ ဘာလုပ်ချင်လို့ဘုရာ့၊ ဘာဖြစ်ချင်လို့ဘုရာ့၊ ဘာလိုချင်လို့ဘုရာ့"စသည်ဖြင့် ရဲရဲဝံ့ဝံ့၊ ပွင့်ပွင့်လင်းလင်း၊ ယဉ်ယဉ်ကျေးကျေးနဲ့ လျှောက်စေ(ပြောစေ)ချင်တာ။
ဒါမှ ကိုယ်တွေကလည်း ကူညီနိုင်တာဆို ကူညီ၊ လုပ်ပေးစရာဆို လုပ်ပေး၊ ငှါးပေးစရာဆို ငှါးပေး စသည်ဖြင့် သူတို့ လိုအင်ကို ဂဃနဏ သိမှာပေါ့လေ နော့။ အခုတော့ ဟုတ်ပေါင်ဗျာ။ ကျောင်းပေါ်ရောက်တာနဲ့ မတ်တတ်ကြီးတွေ။ ကိုယ်အော်ရင် "အော်တယ်"လို့က ပြောသေးတယ်။
အဲဒါနဲ့ မနေ့ကပဲ ဒီလင်္ကာလေးတွေ ဗီနိုင်းထုတ်ပြီး ကျောင်းလှေကားတက် ချိတ်ထားလိုက်တယ်။ အေးရော။ ဒီလင်္ကာက ကလေးတွေတင်မကဘူး၊ လူကြီးတွေကိုပါ စိတ်ထဲအထိ နားလည်မှတ်မိနေအောင် လုပ်ခိုင်းရမယ့်စာ။ တော်တော်လေးတော့ အောင်မြင်ပါတယ်။ ဒီနေ့ ကျောင်းလာတဲ့ နှစ်ယောက် သုံးယောက် စမ်းသပ်ကြည့်တာ။ "လှေကားတက်မှာ ဘာတွေ့ခဲ့လဲ"ဆိုတော့"ဗီနိုင်းကြီး ချိတ်ထားတာတော့ တွေ့ခဲ့တယ်၊ ဒါပေမဲ့ သေချာဖတ်ကြည့်ခဲ့ပေါင်" တဲ့။ ကိုင်း ကောင်းကြရော😄😄။
#မှတ်ချက်_ဝန်ခံချက်
ဒီလင်္ကာတွေကတော့ #ကောလင်း_အင်ပင်လှရွာကျောင်း_ဆရာသမားဆီက_ကြားခဲ့ရတဲ့_လင်္ကာ_နှစ်ကြောင်း_သုံးကြောင်းကို_အခြေခံပြီး ရွတ်လွယ် မှတ်လွယ်ဖြစ်အောင် ကိုယ့်ဘာသာ ဖြည့်/ချဲ့ပြီး ရေးထားပါတယ်။ တကယ်လို့ ဒီအထဲက အချို့စာကြောင်းတွေဟာ အခြားသော ဆုံးမစာ စာကြောင်းတွေနဲ့ တူနေတာ၊ ကူးချထားတယ်လို့ ယူဆစရာများ တွေ့ခဲ့/ ရှိခဲ့/ သိခဲ့ရင် မူရင်းလင်္ကာစာပိုဒ်၊ မူရင်းစာရေးသူတို့ကို ပြောပြပြီး ပွင့်ပွင့်လင်းလင်း လာရောက် သတိပေး ကူညီကြစေလိုပါတယ်။ (ကိုယ်တိုင်ရေးထားတာဖြစ်ပေမဲ့ တူနေတာမျိုးတွေရှိနေတတ်လို့ပါ)။
#နှစ်သက်သဘောကျသော_ကျောင်းထိုင်ဘုန်းကြီးများ_ဆရာတော်များ ရှိခဲ့ရင်လည်း #လွတ်လပ်စွာယူပြီး_အသုံးပြုနိုင်ပါတယ်ဘုရား။
အရှင်ကောသလ္လ(ရေဦး)
No comments:
Post a Comment