စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, April 19, 2022

သတိပဋ္ဌာန်အကျိုး ( ၇)မျိုး

သတိပဋ္ဌာန်အကျိုး ၇-ပါး

၁။ ကိလေသာမှ စင်ကြယ်နိုင်ခြင်း၊

၂။ စိုးရိမ်မှုသောကမှ လွန်မြောက်နိုင်ခြင်း၊

၃။ ငိုကြွေးမှု ပရိဒေဝမှ လွန်မြောက်နိုင်ခြင်း၊

၄။ ကိုယ်ဆင်းရဲခြင်းမှ ချုပ်ငြိမ်းစေနိုင်ခြင်း၊

၅။ စိတ်ဆင်းရဲခြင်းမှ ချုပ်ငြိမ်းစေနိုင်ခြင်း၊

၆။ အရိယာမဂ်ဉာဏ်ကို ရနိုင်ခြင်း၊

၇။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း၊

( ဝဏ္ဏဘဏနမေတံ ဧကာယနမဂ္ဂဿ။ ဋ္ဌ၊၃၄၂ )

🌷 ဆောင်ပုဒ် 🌷

ကိလေညစ်ကြေး ကင်းဝေးစေရန်၊
စိုးရိမ်ပူဆွေး, ငိုကြွေးကင်းရန်၊
ကိုယ်,စိတ်ဆင်းရဲ ချုပ်စဲဖို့ရန်၊
မဂ်,နိဗ္ဗာန် အမြန်ဆိုက်ရောက်ရန်၊
တစ်လမ်းထဲ သွားမြဲသတိပဋ္ဌာန်။ 

( ချမ်းမြေ့ဆရာတော်၏ ယောဂီသိဖွယ် အသွယ်သွယ်)

⭐️ ရှင်းလင်းချက် ⭐️

သောက-ဟူသည်
   ဆွေမျိုး စည်းစိမ် ဂုဏ်သိရ် စသည်တို့၏ ပျက်စီးခြင်းကြောင့် ဝမ်းနည်းခြင်းသည် သောက မည်၏။ 
(တရားကိုယ်မှာ ဒေါသမူဒွေး၌ ယှဉ်သော ဒေါမနဿတည်း)

ပရိဒေဝ-ဟူသည် 
   ဆွေမျိုး စည်းစိမ် ဂုဏ်သိရ် စသည်တို့၏ ပျက်စီးခြင်းကြောင့် ငိုကြွေးမြည်တမ်းသံသည် ပရိဒေဝ မည်၏။ (တရားကိုယ်မှာ စိတ္တဇဝိပ္ပလာသ သဒ္ဒရုပ်တည်း)

ဒုက္ခ-ဟူသည်
   ခန္ဓာကိုယ်၏ ဆင်းရဲမှုတည်း။ (တရားကိုယ်မှာ ဒုက္ခသဟဂုတ် ကာယဝိညာဏ်၌ ယှဉ်သော ဝေဒနာတည်း)

ဒေါမနဿ-ဟူသည်
   ချစ်သူနှင့် ကွဲရခြင်း, မချစ်သူနှင့် တွဲရခြင်း, အလိုရှိရာ မရခြင်း, ဆွေမျိုးစည်းစိမ် ပျက်စီးခြင်း စသော အကြောင်းများကြောင့် စိတ်ထဲ၌ ဆင်းရဲမှုသည် ဒေါမနဿ မည်၏။ (တရားကိုယ်မှာ ဒေါသမူဒွေး၌ ယှဉ်သော ဝေဒနာတည်း)

ဉာယဿ အဓိဂမာယ=အရိယာမဂ်ကို ရရန်-ဟူသည်
   ဤနေရာ၌ ` အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အရိယာမဂ်ကို ရခြင်းငှါဖြစ်၏’ ဟု ဆို၏။ ထိုလောကုတ္တရာ မဂ်ကိုရရန် ၎င်း၏ ရှေ့၌ဖြစ်သော လောကီဖြစ်သည့် သတိပဋ္ဌာန်မဂ်ကို ပွါးများရမည်။ သို့မှသာ လောကုတ္တရာမဂ်ကို ရမည်။ (ဧကာယနမဂ္ဂေါ ဝုစ္စတိ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ။ ဋ္ဌ၊ ၃၃၇)

🪴 dhamma for life မှ မျှဝေသည် 🪴
dhammaforlife 
ဘဝအတွက်ဓမ္မ 
ဓမ္မမှတ်စုများ

📖 မေတ္တာဖြင့်...
👨‍🎓အရှင်စန္ဒာသိရီ - ရေဦး။

Credit..

No comments:

Post a Comment