အောင်ရှစ်ချက်ဂါထာဇယမင်္ဂလာ အောင်ဂါထာ
⚜️⚜️⚜️⚜️⚜️⚜️⚜️
ဇယစက္ကော ဇယန္တောယော ၊
ဇယိ တဗ္ဗေ ဇယာသနေ ။
ဇယာပေသိ ဇယေသိနံ ၊
ဇယံ ဒေတု ဇယုတ္တယော ။
#ဂါထာအနက်
ယော ဇယစက္ကော - ပါရမီတော် ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊
ဇယာသနေ - အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌ ၊
ဇယိတဗ္ဗေ - အောင်အပ်သည့် တရား မာရ်ငါးပါး အပေါင်းတို့ကို ၊
ဇယန္တော - အကြွင်းမဲ့ ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ ၊
ဇယေသိနံ - မြတ်နိဗ္ဗာန် အောင်ခန်းနှင့် အောင်ဘိသိက်ပန်း မဂ်ဖိုလ်ကို များထိုထို ၀ဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာ နေကြကုန်သူတို့အား ၊
ဇယာပေသိ - ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကို ဆွတ်ချူ၍ ထွတ်အငူ အမြိုက်ဓာတ်သို့ ဆိုက်ကပ်တော်မူစေ၍ အောင်စေတော်မူလေပြီ ။
ဇယုတ္တယော - အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင် မြတ်သရဖူ သယမ္ဘူ မကိုဋ်ထီးကို အောင်ပွဲ၀င် ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော ၊
သော ဇယ စက္ကော - အလုံးစုံ အောင်မင်းနှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊
မေ - မြတ်နိဗ္ဗူ အောင်ပန်းကို ဆွတ်ချူရန် တက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျွန်ုပ်အား ၊
ဇယံ - အောင်ခြင်းကို ( ဝါ ) အောင်ပန်းဝြေမိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို ၊
ဒေတု - ပေးသနားတော်မူပါ အရှင်ဘုရား ။
မှတ်ချက် ။ ။ ဤ ဂါထာကို အောင်ရှစ်ချက် သစ္စာပန္နက်ဂါထာတော် ဟု ခေါ်ပါသည် ။ အောင်ပွဲအဆင့်ဆင့် ခံတော်မူခဲ့သော အောင်ပွဲများ ပိုင်ရှင် မြတ်စွာဘုရားက အောင်မြင် ချမ်းသာချင်သူတို့အား အလိုရှိသလို အောင်မြင်စေရန် နည်းပေး ညွှန်ပြတော်မူသည်။ ထိုအချက်ကို ဖော်ကျူးခြင်းသည် သစ္စာစကားပင် ဖြစ်၏ ။ ဤ ဂါထာကို ရွတ်ဆိုခြင်းသည်ပင်လျှင် သစ္စာဆိုခြင်း မည်တော့သည် ။
#သစ္စာရှင်
🙏 မြတ်ဗုဒ္ဓ၏သာသနာ🙏
No comments:
Post a Comment