ဖြောင့်မတ်တဲ့မေတ္တာ
__________________
ရေမှာ မျက်နှာလိုက်တယ်ဆိုတာ မရှိဘူး။
လူကောင်းကိုပဲ ဖြစ်ဖြစ်၊ လူဆိုးကိုပဲဖြစ်ဖြစ်
တူညီစွာပဲ အေးစေတယ်။
ဒါ ရေရဲ့သဘာဝပေါ့နော်။
တူညီစွာပဲ အညစ်အကြေးကို
သန့်ရှင်းစေတယ်၊စင်ကြယ်စေတယ်။
ကိုယ့်ကိုယ်ကို ကောင်းစေချင်တဲ့လူ၊
ကိုယ့်ကိုယ်ကို မကောင်းစေချင်တဲ့လူ
လောကကြီးမှာ လူကတော့ အမျိုးမျိုးရှိနိုင်တယ်။
ကိုယ့်အပေါ်မှာ ကောင်းစေချင်တဲ့လူတွေရှိသလို
မကောင်းစေချင်တဲ့လူတွေ ရှိတာပဲ။
ဒါက ဘယ်လိုမှ တားလို့ရတဲ့ကိစ္စ မဟုတ်ဘူး။
ဒါကလည်းပဲ ကိုယ်ချင်းစာကြည့်ပေါ့လေ။
ကိုယ်လည်းပဲ သူတို့ အကျိုးစီးပွါးကို
လိုလားတဲ့ပုဂ္ဂိုလ်တွေ ရှိသလို
သူတို့ရဲ့ အကျိုးစီးပွါးကို ကိုယ်လည်း
မလိုလားဘူးဆိုတာလည်း ရှိတာပဲ။
လူတိုင်းအပေါ်မှာ ကိုယ်လည်းပဲ
အကျိုးစီးပွါး လိုလားပြီးတော့
နေတာတော့ မဟုတ်ဘူး။
ကိုယ်လည်းပဲ သူတို့ရဲ့အကျိုးစီးပွါးကို
မလိုလားဘူးဆိုတာ ရံဖန်ရံခါ ရှိတတ်တာပဲ။
ဒါကြောင့်---
တစ်ယောက်ကို တစ်ယောက်
အကျိုးစီးပွါး လိုလားတယ်၊ အကျိုးစီးပွါး
မလိုလားဘူးဆိုတာတွေကတော့ ရှိနေကြမှာပါပဲ။
ဒါကို ကိုယ်က ကျယ်ကျယ်ပြန့်ပြန့်
နားလည်ပြီးတော့ ကိုယ့်အပေါ်
ကောင်းတဲ့စိတ်တွေ ထားထား,
မကောင်းတဲ့စိတ်တွေ ထားထား။
ဒါ သူတို့ရဲ့ အပိုင်းကဏ္ဍ။
ဒါ သူတို့ရဲ့ အနေအထား။
ကိုယ်က မေတ္တာထားရမှာက
ဘာတုန်းဆိုတော့ ကိုယ့်ရဲ့အပိုင်း။
ဒါကို နားလည်ထားဖို့ လိုတာပေါ့။
ရေရဲ့သဘာဝနှင့် မေတ္တာရဲ့သဘာဝကိုထပ်တူထပ်မျှ ထားပြီးတော့ ဥပမာပေးတာ။
တူညီစွာပဲ အေးချမ်းသလို
တူညီစွာပဲ သန့်ရှင်းစင်ကြယ်စေသလို ကိုယ့်ရဲ့မေတ္တာတရားကိုလည်းပဲ ရန်သူပေါ်မှာပဲဖြစ်ဖြစ်၊
မိတ်ဆွေပေါ်မှာဖြစ်ဖြစ်၊
မုန်းတီးတဲ့ လူတွေရဲ့အပေါ်မှာပဲဖြစ်ဖြစ်၊ချစ်ခင်နှစ်သက်တဲ့လူတွေရဲ့ အပေါ်မှာပဲဖြစ်ဖြစ် တူညီစွာထားနိုင်ဖို့ ကြိုးစားကြရမယ်။
အရှင်ဥတ္တမ (သစ္စာရွှေစည်)
No comments:
Post a Comment