💢 ဝေဘူဆရာတော်ဘုရားကြီးရဲ့
💢 ဝိပဿနာသြဝါဒ (၁၅) ချက်
💢💢💢💢💢💢💢💢💢💢💢💢💢💢
(၁) ဝိပဿနာတရားဆိုတာ...
ထင်ရှားရှိသောတရားကို မြင်အောင် ရှုရမည်။
(၂) ထင်ရှားရှိသောတရားကို မြင်အောင်
မရှုနိုင်လျှင် ဝိပဿနာမဖြစ်။
(၃) ထင်ရှားရှိသောတရားဆိုတာ
အခြားမှာသွား၍ ရှာမှရတာမျိူးမဟုတ်၊
ကိုယ့်မှာရှိသောတရား ဖြစ်သည်။
(၄) ကိုယ်မှာရှိသောတရားဆိုတာ
ထွက်သက် ဝင်သက်ဖြစ်သည်။
(၅) ထွက်သက် ဝင်သက်ဆိုတာ
အမိဝမ်းမှ မွေးကတည်းက
သေသည်အထိ အမြဲမပြတ်
တရစပ်ရှိနေသော တရားသဘောဖြစ်သည်။
(၆) ထွက်သက် ဝင်သက်သည်
အလုပ်လုပ်နေရင်း စကားပြောနေရင်း
စာရေးနေရင်း စာကျက်နေရင်း
စဉ်းစားနေရင်းလည်း ရှိသည်၊
အိပ်ပျော်နေရင်းလည်း ရှိနေတာပဲဖြစ်သည်။
(၇) ထွက်သက် ဝင်သက်သည်
အမြဲမပြတ်ရှိနေသော်လည်း အမှတ်တမဲ့နေကြ၍
"သတိမမူ ဂူမမြင်၊ သတိမူလျှင်
မြူကိုတောင် မြင်ရတယ်" ဆိုတာကိုပဲ
ဂရုစိုက်၍ကြည့်မှ ရှိမှန်းသိကြသည်။
(၈) ကြည့်တယ်ဆိုရာ၌ ဝိပဿနာဖြစ်ဖို့ရာမှာ
ထွက်သက်လေ ဝင်သက်လေ
နှာသီးဖျားမှာ ရိပ်ရိပ် ရိပ်ရိပ်နှင့်
ထိထိသွားတာကိုသိအောင် ကြည့်ရမယ်။
(၉) ထိတာဟာ ပရမတ် ရုပ်သဘောဖြစ်သည်။
သိတာက နာမ်သဘောဖြစ်သည်။
(၁၀) တရိပ်ရိပ်နှင့် ထိတိုင်း ပျောက်တိုင်း
ရုပ်နာမ်နှစ်ပါး ဖြစ်မှု ပျက်မှုတွေ
ဖြစ်ပျက်၍နေခြင်း ဖြစ်သည်။
(၁၁) တရိပ်ရိပ်နှင့် နှာသီးဖျားတွင်
ထိလိုက်ပျောက်လိုက်နေတာတွေကိုသာ
တစ်ဆက်တည်းဖြစ်အောင် ကြည့်နေလျှင်
ကြာလာလျှင် ဝိပဿနာသမာဓိ
တစ်ဆထက် တစ်ဆ
တစ်ခဏထက် တစ်ခဏ တိုးတက်၍
အားကြီးလာသောအခါ နှာသီးဖျားမှာတွင်မက
ခန္ဓာကိုယ်မှာလည်း အလိုလို တရိပ်ရိပ်
တရွရွနှင့်ပင် တွေ့နေရတတ်၏။
(၁၂) တစ်ကိုယ်လုံး၌ တရိပ်ရိပ် တရွရွတွေ
အစဉ်မပြတ် ဖြစ်ပျက်လျက်နေတာတွေကို
တွေ့၍လာရသောအခါ ( အနိစ္စ သညိနော
မေဃိယ အနတ္တသညာ သဏ္ဍတိ)
ဟူသော ပါဠိအရ
အနိစ္စကို ကောင်းစွာမြင်ရသောကြောင့်
အနတ္တ အလိုလို ထင်၍လာလိမ့်မည်။
ဝိပဿနာယောဂီ၏အလုပ်သည်
ထိမှုကို ကြည့်ရှုနေရုံသာ ဖြစ်သည်။
ကြည့်ရှုနေရင်း သိသင့် သိထိုက်သမျှကိုမူကား
အလိုလိုသိ၍ လာလိမ့်မည်။
(၁၃) ဤကဲ့သို့ တရိပ်ရိပ်နှင့် ထိမှုတို့ကို
ကြည့်ရှုနေရင်း မဂ်ဥာဏ် ဖိုလ်ဥာဏ်
ဖြစ်၍လာသည်ရှိသော် သိသာလှပါ၏...
အဘယ်သို့ သိရမည်နည်းဟူမူ
ရေငတ်၍နေသောသူသည်
ရေကိုသောက်ရသည်ရှိသော်
ရေငတ်ပြေသွားသကဲ့သို့ ဖြစ်သွားတော့၏။
(၁၄) မဂ်ဥာဏ် ဖိုလ်ဥာဏ်ကိုရပြီး ရောက်ပြီး၍
ဖလသမာပါတ်ကို ဝင်စားလိုလျှင်
မိမိလာဖူးသောလမ်းကို ပြန်၍ကြည့်ရ၏။
(၁၅) ဤအတိုင်း ဖြစ်ချင်လျှင်
တရိပ်ရိပ်နှင့် ထိမှုတို့ကိုသာ ကြည့်ရှု၍နေ
ထွေလီကာလီတွေကိုလိုက်၍ လုပ်မနေနှင့်။
ဝေဘူဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏
ဓမ္မချစ်မိတ်ဆွေများ အားလုံး..
တရားတွေ့၍ ငြိမ်းအေးကြပါစေ...🌷🌷🌷
No comments:
Post a Comment