စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, February 14, 2023

ဓမ္မာနုပဿနာရှုပွားနည်း အလုပ်ပေး ရောဂတောဖြင့်ရှုနည်း

ဓမ္မာနုပဿနာရှုပွားနည်း အလုပ်ပေး ရောဂတောဖြင့်ရှုနည်း
🌾🌾🌾🌷☘🌷🌾🌾🌾
       ဒကာ ဒကာမတို့  ဝိပဿနာ ရှုလိုက်လို့ရှိရင် တဏှာသေတယ်၊ တဏှာသေရင်ခန္ဓာကရော ခန္ဓာသေရင် အိုနာသေလာပါအုန်းမလား (မလာပါဘူး ဘုရား)။ ကိုင်းဒါဖြင့် ခန္ဓာငါးပါး ဝိပဿနာ ရှုမှသာလျှင်တဲ့ အဆိပ်ကိုမသောက်ဖြစ်တဲ့ အခြေနေ ရောက်ပါတယ် (မှန်လှပါ ဘုရား)။ 
      ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿာနာ ရှုမယ်ကြံတော့ ဒကာ ဒကာမတွေသင်ပေးရတယ်။ ဘယ်လိုသင်ရပါသလဲလို့ မေးလို့ရှိရင် ဟေ ဝိပဿနာဆိုတာ မသောက်ဖြစ်အောင် လုပ်တာနော် (မှန်လှပါ ဘုရား)။ အရက်နဲ့ရောတာတွေ မသောက်ဖြစ်အောင်လုပ်တာ။ 
      ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သဏ္ဌာန်မှာလည်း စိတ်ကလေး တွေလည်းရှိပါတယ် (ရှိပါတယ် ဘုရား)။ ဝေဒနာလေးတွေကော (ရှိပါတယ် ဘုရား)။ အေး စိတ်တွေလည်းရှုတယ်၊ ဝေဒနာလေးတွေလည်း အကုန်ရှုပြီး သကာလ နေတာကို ဒကာ ဒကာမတွေက ရှေးဦးစွာ ဘာလုပ်ရမတုန်းလို့မေးတာ ဒီဒကာ၊ ဒကာမတွေက ယဉ်ပြီးသား ဖြစ်နေတဲ့အတွက် ပေါ်ရာကို အင်း ဒုက္ခသစ္စာ လေးတွေပါလားလို့ရှုပါ။ 
      ယားရင် ယားတဲ့နေရာတဲ့နေရာ ဘာသစ္စာ ဒုက္ခသစ္စာ၊ နာရင် နာတဲ့နေရာမှာ ဘာသစ္စာ ဒုက္ခသစ္စာ၊ ကောင်းရင်ကောင်းတဲ့နေရာ ဒုက္ခသစ္စာ၊ ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ နဲ့ရှုသွား။ အဲဒီတော့ ဝေဒနာလာလည်း ဒုက္ခသစ္စာ၊ စိတ်လာလည်းဒုက္ခသစ္စာ၊ လာချင်ရာလာပေါ့ဗျာ။ လာချင်ရာလာ သစ္စာဓမ္မထဲ အကုန်ဝင် သွားတော့တာပါပဲ (မှန်ပါ့ ဘုရား)

      အင်း သစ္စာဆိုတဲ့ ဓမ္မာနုပဿနာထဲ အကုန်ဝင်သွားတဲ့အတွက် ဝေဒနာလာလည်း ဖြစ်ပျက်ရှု၊ စိတ်လာလည်း ဖြစ်ပျက်ရှု၊ ရုပ်ကလေးတွေလာလည်း ဖြစ်ပျက်ရှု၊ အဲဒီတော့ကိုတဲ့ ဖြစ်ပျက်ရှုဆိုတာ တခြားမဟုတ်ပါဘူး ဒကာ ဒကာမတို့ ဘုန်းကြီးရှင်းပြီးပြောချင်တာက ကွေးတာလဲ ဒကာ ဒကာမတို့ ဖောက်ပြန်တာဘဲ။ ဆန့်တာလဲ ဖောက်ပြန်တာဘဲ။ ကွေးတာဘယ်နှယ်ကြောင့် ဖောက်ပြန်ရတာတုန်း ဘုရားဆိုတော့ ကွေးနေရင်းမတ်တတ်နဲ့ ဆန့်ချင်တာသည်ကား ဆိုရင် ကွေးတဲ့အခါမှာ အင်း ဒကာ ဒကာမတို့ မကွေးချင်တဲ့ သဘောရှိလို့ပေါ့။

      မကွေးချင်တဲ့ဝေဒနာမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ အင်း မကွေးချင်တဲ့ဝေဒနာပေါ်တာသည် ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ 
      ကွေးလိုက်ပြန်တော့လည်း ကွေးတဲ့ဝေဒနာမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ ကဲ ဒါဖြင့် မကွေးချင်တော့လည်း ဆန့်ချင်တော့လည်း ဆန့်ဝေဒနာပေါ်တယ် (မှန်လှပါ ဘုရား)။ ကွေးတာလည်း ကွေးဝေဒနာပေါ်တယ်။ ကွေးဝေဒနာလည်း ဒုက္ခသစ္စာ၊ ဆန့်ဝေဒနာလည်း (ဒုက္ခသစ္စာပါ ဘုရား)။ 
      ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်ဟာ ဘယ်ဣရိယာပဲ ပြောင်းပြောင်း ဘယ်သစ္စာတွေ ဘာလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။ ဘယ်စိတ်ပေါ်ပေါ် (ဒုက္ခသစ္စာပါ ဘုရား)။ ဘယ်ဝေဒနာပေါ်ပေါ် (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာချည်းဘဲ ဆိုတာသေချာ သလား (သေချာပါတယ် ဘုရား)။ 
      ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာ အမြဲတမ်း ရောဂတော တစ်လုံးနဲ့ ရှုပါ (မှန်လှပါ ဘုရား)။ ဪ ရောဂါကြီးပါလား။ ကွေးပြန်လည်း အင်းကွေးနေရာကနေ ဆန့်နေပြန်လည်း ရောဂတောဆိုတာ ဟုတ်သားပဲ (မှန်လှပါ ဘုရား)။ ဆန့်နေရာကနေ ကွေးချင်ပြန်တော့ရော (ရောဂတော)။ အင်း ထိုင်နေရာကနေ ရွေ့နေပြန်တော့ရော ရောဂတော ဆိုတာ။ ဟုတ်သားပဲ ရောဂါကြီး ဖြစ်ဖြစ်နေတာပဲ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)

      ဒါဖြင့် ဒကာ,ဒကာမတို့ ဒီရောဂါဟူသ၍ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ အင်း ရောဂတောနဲ့ချည်း လှည့်နေပါတဲ့။ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ပြောင်းတိုင်း၊ လွှဲတိုင်း၊ ရှူတိုင်း၊ ရှိုက်တိုင်း၊ စိတ်တွေ ပေါ်တိုင်းပေါ်တိုင်း၊ ဝေဒနာတွေပေါ်တိုင်းပေါ်တိုင်း၊ ဘာဖြစ်ကြတာတုန်း မေးရင် ဘယ့်နှယ်ဖြေကြပါ့မလဲ။ ဒုက္ခသစ္စာတွေပဲ (မှန်လှပါ ဘုရား)။ ဒုက္ခသစ္စာဆိုတာ ရောဂါတွေ ချည်းပဲ (မှန်လှပါ ဘုရား)။ ဒုက္ခသစ္စာဆိုတာဘာပါလိမ့် (ရောဂါတွေချည်း ပါ ဘုရား)။ ရောဂါတွေပဲဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။ 

      အဲဒါတော့ ကွေးတာလည်းကွေးတုန်း (မှန်လှပါ ဘုရား)။ နာပြန်တော့ရော နာတုန်း၊ ဆန့်ပြန်တော့ရော ဆန့်တုန်း၊ အင်း ထိုင်ပြန်တော့ရော ထိုင်နေတုန်းပါဘုရား။ ထပြန်တော့ရော ထတုန်းပါဘုရား။ အင်း ထပြန်တော့လည်း ထတဲ့ရောဂါနဲ့ထတာဘဲ။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ 
      ထပြန်တော့လည်း ဒီနေရာ ဒီရောဂါဖြစ်ပြီး ရောဂါကလည်း ဖြစ်ပျက်။ အလုံးစုံဖြစ်ပျက်မှာ သဗ္ဗေသင်္ခါရာဒုက္ခလို့ မလာဘူးလား (လာပါတယ် ဘုရား)။ 
      အဲဒီသဗ္ဗေသင်္ခါရ ဒုက္ခကြောင့် ဘုရားက အေးဒါတွေဟာ မင်းတို့ခန္ဓာကိုယ်ကြီးကို ရောဂါလို့ရှုလိုက်စမ်းပါဆိုတော့ သောက်ပစ်ချင်ရက်သေးရဲကလား အရက်နဲ့ရောထားတာကြီးကို ရောဂါဖြစ်လိမ့်မယ်ဆိုတော့ သောက်ဖြစ်သေးရဲ့လား (မသောက်ဖြစ်ပါဘူး ဘုရား)။
      အေး မသောက်ဖြစ်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ဒကာ ဒကာမတွေသည် ကားလို့ဆိုရင်ဖြင့် မသောက်ဖြစ်တော့ တဏှာ လာသေးရဲ့လား (မလာပါဘူး ဘုရား)။ 
      တဏှာမလာလို့ရှိရင် နောက်ခန္ဓာကမလာတော့ပါဘူး။ နောက်ခန္ဓာကမလာပဲနဲ့ အိုနာသေပါမှ ဪ ဒါဖြင့် အသေလွတ်ပါလား။ ဘယ်လိုဆိုကြမလဲ (အသေလွတ်ပါလား)။ ဒကာ ဒကာမတို့ ရောဂါလို့ဆိုလို့ရှိရင် ဘာဖြစ်ပါလိမ့်မလဲ(အသေမလွတ်ပါ ဘုရား)။ 
      ဒါကြောင့် ဒီခန္ဓာငါးပါးကြီးကို ဒကာကြွယ်တို့ ဖြစ်ပျက်က ဖြစ်တာချည်းပျက်တာ ချည်းက ဒုက္ခသစ္စာချည်းမှတ်ပါ (မှန်ပါ ဘုရား)

      ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကြီးပဲ မဟုတ်လား (မှန်လှပါ ဘုရား)။ ဖြစ်တာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။ ပျက်တာလည်း (ဒုက္ခသစ္စာပါ ဘုရား)။
      အေး ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ - ဒုက္ခတည်းဟူသော ခင်ဗျားတို့ သဏ္ဌာန်ထဲမှာ ဒုက္ခသစ္စာရယ် ဒုက္ခချုပ်တာရယ် ဒါမှတစ်ပါး ဘာမှမရှိဘူး ဆိုတော့ သေချာပြီလား (သေချာပါပြီ ဘုရား)။ 
      ဒါဖြင့် ခန္တာကိုယ်ထဲမှာ တစ်ခါတည်း ထိုင်ကြည့်ပြီးစောင့်ကြည့်နေ။ ဘယ်နေရာက ဒုက္ခပေါ်လာလည်း ဘယ်နေရာက တရားထူး ပေါ်လာလည်းကြည့်နေ။ ဟိုနေရာကယားသလို၊ ဒီနေရာကနာသလို၊ ဟိုနေရာက အိုက်သလို၊ ဒီနေရာကတောင့်သလို၊ ဟိုနေရာတင်းသလို လာလို့ရှိရင် ဒါရောဂါတွေပဲ၊ ရောဂါတွေပဲ ရောဂါ ဒုက္ခသစ္စာ တွေပဲ ရောဂါတွေပဲ ရောဂါတွေပဲလို့ မဂ္ဂင်ငါးပါးနဲ့ရှုပေးရတယ်။ (မှန်လှပါ ဘုရား)။

      ရှုလိုက်တဲ့ အခါကျတော့ ရောဂါက ဒုက္ခသစ္စာ၊ ရှုတာက မဂ္ဂသစ္စာ၊ သေတာက သမုဒယသစ္စာပါဘုရား။ အင်းဟိုက ခန္ဓာနဲ့တကွ ဇာတိ၊ ဇရာ ၊ မရဏ မလာတာက နိရောဓသစ္စာပါဘုရား။ 
      အဲဒီလိုသစ္စာဆိုက်အောင် ရှုသွားပြန် တော့လည်း ဒကာ ဒကာမတို့ သံသရာစခန်းသတ်တယ်ဆိုတာ မပေါ်လာ သေးဘူးလား (ပေါ်လာပါတယ် ဘုရား)

      သံသရာစခန်းသတ်၊ သံသရာစခန်းသတ် ဆိုတာ ဒကာသစ် ဘာပါလိမ့်မတုန်းဆို ရောဂါလို့ရှုနိုင်မှ သတ်သည်။ သံသရာစခန်းသတ်ဆိုတာ ဘာပါလိမ့် ရောဂါလို့ရှုနိုင်မှ သတ်သည်။ 
      ဒါဖြင့် ခန္ဓာကိုယ်ထဲမှာလည်းတဲ့ ဘယ်အချိန်မဆို ရောဂတော ဆိုတဲ့အတွက် ဘာလေးပေါ်လာလာ ရောဂါထတာ ချည်းမှတ်။ စားချင်တာလေး ပေါ်လာရင်ကော ရောဂတော ပါဘုရား။ အင်းဒါလည်း ရောဂတောလို့ရှုလိုက်။ အိပ်ချင်တဲ့စိတ်ကလေး ပေါ်လာရင် အိပ်ချင်တဲ့ရောဂါ ထလာတာပဲ (မှန်လှပါ ဘုရား)။ 
      သွားချင်တဲ့ဝေဒနာက သွားချင်တဲ့ သဘောကလေးပေါ်လာရင်ရော (သွားချင်တဲ့ ရောဂါပါ ဘုရား)။ ထိုင်ချင်တဲ့သဘော ကလေးပေါ်လာရင်လည်း (ထိုင်ချင်တဲ့ ရောဂါပါ ဘုရား)။ ကွေးချင်တဲ့သဘော ကလေးပေါ်လာရင်ရော (ကွေးချင်တဲ့ ရောဂါပါ ဘုရား)။ အဲဒီလိုပေါ်ချင်တဲ့ သဘောကလေး စိတ်တွေချည်းလျှောက်ရှု။ သဘောကလေးရှု ရုပ်တွေရှုမနေနဲ့။ စိတ်ကလေး တွေပေါ်လာတဲ့သဘောစိတ် ကလေးတွေချည်း လျှောက်ရှု။ (မှန်လှပါ ဘုရား)။
      အဲဒီကဲ့သို့ လျှောက်ရှုတဲ့ အခါကျတော့ ရောဂါကဘာသစ္စာ (ဒုက္ခသစ္စာ ပါ ဘုရား)။ အင်း ရောဂါရှိမှန်း သိတာက (မဂ္ဂသစ္စာပါ ဘုရား)။ 
      မဂ္ဂသစ္စာ ရတဲ့အခါကျတော့ မဂ်ကိုကိလေသာက သတ်မသတ် (သတ်ပါတယ် ဘုရား)။ ဒါဖြင့်ခုနက အဆိပ်နဲ့ရောထားတဲ့အရက် သောက်မိသေးရဲ့လား။ (မသောက်မိပါ ဘုရား)။ 
      မသောက်မိတော့ တဏှာကချုပ်တာ (မှန်ပါ့ ဘုရား)။ တဏှာချုပ်တော့ (ခန္ဓာကချုပ်ပါ တယ် ဘုရား)။ ခန္ဓာချုပ်တော့ ဇာတိ၊ ဇရာ၊ မရဏကရော (ချုပ်ပါတယ် ဘုရား)။ 

      အဲဒါမသောက်တဲ့ပုဂ္ဂိုလ်မှာတော့ဖြင့် သစ္စာသိလို့ မသောက်တဲ့ပုဂ္ဂိုလ်မှာဖြင့် ဒကာ ဒကာမတို့ သံသရာစခန်း သတ်ပါတယ် (မှန်လှပါ ဘုရား)။ ဒကာကြွယ် ဘာပါလိမ့် (သံသရာစခန်းသတ်ပါတယ် ဘုရား)။ သောက်တဲ့ပုဂ္ဂိုလ်ကြတော့ သံသရာစခန်းသတ်ပါ့မလား (မသတ်ပါ ဘုရား)။ သဘော ပါကြလား (ပါ,ပါတယ် ဘုရား)။

      ဒါဖြင့် ဒကာ,ဒကာမတို့ ဝိပဿနာရှုနည်းကဖြင့် (ရှေးဦးစွာ) ခင်ဗျားတို့ အိမ်ရောက်လို့ရှိရင် ထိုင်လိုက်ကြပေါ့ဗျာ။ ထိုင်လိုက်ကရော၊ ထိုင်ပြီး သကာလ အာနာပါနလုပ်ချင်တဲ့ပုဂ္ဂိုလ်က လုပ်တာပေါ့လေ (မှန်ပါ့ ဘုရား)။ 
      ဟာ မလုပ်ချင်ဘူး တပည့်တော် အာနာပါနကို မူကိုမတည်ချင်ဘူး မူကိုမတည်ချင်တော့ အာနာပါနမမှတ်ပဲနဲ့ တစ်ခါတည်း ခန္ဓာကိုယ်စောင့်ကြည့်သာနေ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘာလုပ်ရမှာလဲ (ခန္ဓာကိုယ်စောင့်ကြည့်ရမှာပါ ဘုရား)။ ခန္ဓာကိုယ်စောင့်ကြည့်နေတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။ 
      ခန္ဓာကိုယ်စောင့်ကြည့်နေပါ ဆိုတာလည်း မိလိန္ဒပဉှာက လာတာ။ 

      ကျားများသည် သားကောင်ဖမ်းမယ်ဆိုတော့ ပြေးလိုက်တာလား စောင့်ဖမ်းတာလား။ (စောင့်ဖမ်းပါတယ် ဘုရား)။ အေး ယသာတိ ဂီရိကောဏာမလို့ မိလိန္ဒပဉှာက လာပါတယ်။
      ကဲ ဒါဖြင့် အာနာပါန မလုပ်ချင်ပါဘူးဘုရား တပည့်တော် အာနာပါနလုပ်ခဲ့ရတာကြာပါပြီ မလုပ်ပါဘူး ဆိုလို့ရှိရင်ဖြင့် ဒီနေ့နည်းတစ်မျိုးပဲ ဒကာ ဒကာမ တွေပေးလိုက်တယ် စောင့်နေ (မှန်လှပါ ဘုရား)။ တခါတည်းမှန်မှန်လေး ရှုပြီး သကာလ ရူတာလည်း ဂရုမစိုက်နဲ့၊ ရှိုက်တာလည်း ဂရုမစိုက်ပဲနဲ့စောင့်နေ၊ 
      စောင့်နေတဲ့အခါကျတော့ ခန္ဓာကိုယ်က ဟိုနေရာက နာသလိုလို မလာပေဘူးလား (လာပါတယ် ဘုရား)။ အင်းနာတဲ့နေရာ ရောဂတောရှုလိုက် (မှန်ပါ့ ဘုရား)။ ဟိုနေရာကလေးက အောင့်သလိုသလို လာရင်ရော (ရောဂတောလို့ရှုလိုက်) ရောဂတောလို့ရှုလိုက်။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

      ဟိုနေရာ စပ်သလိုလို လာရင်ရော ရောဂတောလို့ရှုလိုက်ပါတဲ့။ စိတ်ကူးလေး တစ်မျိုးပေါ်လာရင်ကော (ရောဂတောလို့ရှုလိုက်ပါ) ရောဂတောလို့ ရှုပေးနော်။ 
      အဲဒီကဲ့သို့ နေရာတိုင်း စောင့်ကြည့်တဲ့ အခါကျတော့ ဒကာနဲ့ဒကာ,ဒကာမ တွေသည် ရောဂါတွေ အပြည့်မလာ ပေဘူးလား (လာပါတယ် ဘုရား)။ 
      ကြာတော့တစ်ကိုယ်လုံးကို အပ်သွားကျစရာမရှိအောင် ပဲ ဖျတ်ဖျတ်၊ ဖျတ်ဖျတ်၊ ဖျတ်ဖျတ်နဲ့ နာတာလည်း မဟုတ်ဘူး ကျဉ်တာလည်း မဟုတ်ဘူး ရေပွက်ပမာ ကိုယ်ခန္ဓာကြီး ဖျတ်ဖျတ်နဲ့ မလာပေဘူးလား (လာပါတယ် ဘုရား)။ လာလို့ရှိရင် ဪ ရောဂတောဆိုရင်လည်း ရောဂါတွေ တစ်ခုလုံး ဖြစ်နေပါရော့လားလို့ မသိနိုင်ဘူးလား (သိနိုင်ပါတယ် ဘုရား)။
      အဲဒါရောဂတော ရောဂတောနဲ့သာ ရှုနေတုန်း ရောဂါ ရောဂါ ဒုက္ခသစ္စာလေးပါလားလို့ ရှုပေးပါ။ ဘယ်လိုရှုပေးရမလဲ (ရောဂါ ဒုက္ခသစ္စာလေးပါလားလို့ ရှုပေးရပါမယ် ဘုရား)။ ဒါက စောင့်ကြည့်တဲ့နည်းနော်။ 
      ဒကာ,ဒကာမတို့ ဒါဘယ် နည်းပါလိမ့် (စောင့်ကြည့်တဲ့နည်းပါ ဘုရား)။ စောင့်ကြည့်တဲ့နည်းက ကျားများလို သားကောင်စောင့်ဖမ်းတဲ့နည်းတဲ့ (မှန်လှပါ ဘုရား)။ ကျားများလို သားကောင်ကို (စောင့်ဖမ်းတဲ့နည်းပါ ဘုရား)။ စောင့်ဖမ်းတဲ့နည်းဆိုတာ သေချာပြီလား (သေချာပါတယ် ဘုရား)။
      အဲဒီကဲ့သို့ စောင့်ပြီး သကာလ ဖမ်းတုန်း ဟိုနေရာနာ ဒီနေရာကိုက်၊ ဒီနေရာခဲ၊ ဟိုစိတ်ကလေးပေါ်လာ ဟိုငိုက်ချင်တဲ့စိတ်ကလေး အခုမှအသစ်ပေါ်လာ အသစ်ပေါ်လာတာဟူသ၍စောင့်ဖမ်းရမှာ။ အသစ်ပေါ်လာတာ ဟူသ၍(စောင့်ဖမ်း ရမှာပါ ဘုရား)။ စောင့်နေတာက သတိ၊ ဝိရိယ၊ သမာဓိ (မှန်လှပါ ဘုရား)။ ဖမ်းတာ က သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ပညာကဖမ်းတာ (မှန်ပါ့ ဘုရား)။

      ဒါဖြင့် သမာဓိနဲ့စောင့်ပြီး ပညာနဲ့ဖမ်းသည်။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘာနဲ့စောင့် ဘာနဲ့ဖမ်းမှာတုန်း (သမာဓိဖြင့်စောင့်ပြီး ပညာနဲ့ဖမ်းမှာပါ ဘုရား)။ ဒီနေ့ညလုပ်ကြည့် ဒီနေ့ဖြစ်ကြည့်မယ် (မှန်လှပါ ဘုရား)။ သမာဓိက အစောင့်သမား ပညာက (အဖမ်းသမားပါ ဘုရား)။ 

      ဒါဖြင့် စောင့်ဖမ်းပါ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘယ်လိုလုပ်ကြမလဲ (စောင့်ဖမ်းရမှာပါ ဘုရား)။ စောင့်ဖမ်းတဲ့ ခန္ဓာကိုယ်ကြီး ရှုမြဲအတိုင်းရှုပြီး ရှိုတ်မြဲအတိုင်းရှိုတ်နေရင် ခန္ဓာကိုယ်ထဲမှာ အထူးပေါ်လာဟူသရွေ့ကို လက်မလွှတ်စေနဲ့ (မှန်လှ ပါ ဘုရား)။ 
      ဝေဒနာပေါ်လည်း လက်မလွတ်စေနဲ့နော် (မှန်လှပါ ဘုရား)။ အင်းဖောက်ပြန် တာတွေပေါ်လာတိုင်း ပေါ်လာတိုင်း လက်မလွှတ်စေတော့ ဒကာသစ်ရေ ဒါဘာလုပ်တဲ့နည်းပါလိမ့် (စောင့်ဖမ်းတဲ့နည်းပါ ဘုရား)။ 
      အင်း စောင့်ဖမ်းတဲ့နည်း ဆိုတော့ ဪ ဒါဖြင့် စောင့်ဖမ်းတော့ ဒီထဲမဂ္ဂင်ငါးပါးနဲ့ စောင့်နေတာကိုး။ (မှန်လှပါ ဘုရား)။ အဲဒီတော့စောင့်နေတော့ အဖမ်းခံရတာက ရောဂါ၊ ဖမ်းတဲ့ဉာဏ်က ပညာ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒါဖြင့်ရောဂါကို ပညာနဲ့ကုနေတာ (မှန်လှပါ ဘုရား)။ ရောဂါကိုပညာနဲ့ကုနေတော့ နောက်ရောဂါ တိုးတယ်လို့လာသေးရဲ့လား (မလာပါဘူး ဘုရား)။
      နောက်တဏှာ မလာတာ ရောဂါမတိုးတာ (မှန်ပါ့ ဘုရား)။ တဏှာမလာရင် ခန္ဓာရော လာသေးရဲ့လား (မလာပါဘူး ဘုရား)။ ခန္ဓာမလာလို့ရှိရင် ဒီရောဂါဆိုးကြီးမပျောက်ကင်းဘူးလား (ပျောက်ပါတယ် ဘုရား)။ ခန္ဓာရှိမှ ဇာတိ၊ ဇရာ မရဏ ဗျာဓိ လာမှာကိုးဗျား (မှန်လှပါ ဘုရား)။ အခုလာစရာရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။ 
      ဪ ဒါကြောင့် တို့သည် စောင့်ဖမ်းနေတာ ဘာလုပ်တဲ့ အလုပ်ပါလိမ့်ဆို စောင့်တာကသမာဓိ၊ ဖမ်းတာကပညာ၊ (မှန်လှပါ ဘုရား)။ စောင့်တာက သမာဓိပါဘုရား (ဖမ်းတာကပညာပါ ဘုရား)

      ဒါဖြင့် အဲဒီတော့ ကျုပ်တို့က အင်းယုဂနဒ္ဓနည်း သမာဓိနဲ့ပညာတွဲလွတ်တာပါလား ရောဂါရှိတဲ့ဆီကို (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
      ရောဂါရှိတဲ့ဆီကိုတွဲလွတ်တာ နော်။ သဘောပါသလား (ပါ,ပါတယ် ဘုရား)။ ဒါဖြင့် ဒကာ,ဒကာမတွေ ယနေ့ဘာလုပ်ကြမှာပါလိမ့်။ စောင့်ကြည့်မှာပါဘုရား စောင့်တာကဘာပါလိမ့် (သမာဓိပါ ဘုရား)။ ဖမ်းတာက ပညာပါဘုရား။

      အဲသမာဓိကစောင့်နေရုံပဲတတ်နိုင်တယ် မဖမ်းတော့မဖမ်းနိုင်ဘူး (မှန်လှပါ ဘုရား)။ ပညာကမှ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မိအောင်ဖမ်းနိုင်တာ (မှန်ပါ့ ဘုရား)။ ရောဂါမိအောင် ဖမ်းနိုင်တာတဲ့။ တောလေးဆယ်ထဲက ရောဂါမိအောင် ဖမ်းနိုင်တာကလည်း ပညာ-သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပကသာ အောင်ဖမ်းနိုင်တာ (မှန်လှပါ ဘုရား)။
      ဒါဖြင့် စောင့်ဖမ်းတဲ့အလုပ်ဟာ ဒကာကြွယ်ရေ လုပ်ကြည့်စမ်း (မှန်လှပါ ဘုရား)။ သေသေချာချာမိမဲ့ အလုပ်ပဲဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။ 
      ဒါဖြင့် ခန္ဓာကိုယ်ထဲမှာစောင့်ပြီး သကာလ နေတော့ လာရင်တော့ မလွတ်တမ်းဖမ်း (မှန်ပါ့ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ 
      ဒါဖြင့် ဝေဒနာ တွေက ဟိုနေရာက ယားသလို၊ ဟိုနေရာက နာသလို လာလိမ့်မယ်ဗျာ (မှန်လှပါ ဘုရား)။ အဲဒါဒကာသစ်တို့ဘယ့်နှယ် လုပ်ကြမလဲ (စောင့်ဖမ်းရမှာ ပါ ဘုရား)။ စောင့်တာကဘာလဲ (သမာဓိပါ ဘုရား)။ ဖမ်းတာကဘာလဲ (ပညာပါ ဘုရား)။ 
      အဲစောင့်မှမစောင့် လို့ရှိရင်ဖြင့် ဖမ်းဆိုတာမဖြစ်နိုင်ဘူး (မှန်လှပါ ဘုရား)

      ဒါဖြင့် ဝိပဿနာ အလုပ်ဆိုတာ ဘာအလုပ် ပါလိမ့်မတုန်းလို့ မေးတဲ့အခါ စောင့်ဖမ်းတဲ့အလုပ် (မှန်လှပါ ဘုရား)။ 
      ဝေဒနာလာရင် ဖြစ်ပျက်၊ ဝေဒနာလာလာ၊ စိတ်လာလာ လာချင်တာလာ ရောဂါဟူသောအဖြစ်နဲ့သာ စောင့်ဖမ်းရမှာ။ 
      အာ ဒါရောဂါတွေပဲဆိုပြီး ရောဂါလို့သာ သိအောင်လုပ်နေသည် (မှန်လှပါ ဘုရား)။
      သိအောင်လုပ်တော့ ဒကာ,ဒကာမတို့ သိအောင်လုပ်တယ်ဆို တဲ့သဘောသည်ကား လို့ဆိုရင်ဖြင့် ဖြစ်ပျက် မိတာကို (မှန်ပါ့ ဘုရား)။ 

      သိအောင်လုပ်တာသည် (ဖြစ်ပျက်မိအောင်လုပ်တာပါ ဘုရား) ဖြစ်ပျက်မိတာပဲ ဆိုတာရော သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒါဖြင့် ဖြစ်ပျက်က အနိစ္စ မိတာက (မဂ္ဂပါ ဘုရား)။ ဖြစ်ပျက်က (အနိစ္စ) သိတာက (မဂ္ဂပါ ဘုရား)။

**(မိုးကုတ်ဆရာတော်ဘုရားကြီး)

Credit..HtooHtoo 

No comments:

Post a Comment