❝ ကုသိုလ်အလုပ်ကို အမြဲပြုပါ ❞
═══ ☘☘🌷🌷🌷☘☘ ═══
မြတ်စွာဘုရားရှင်လက်ထက်တုန်းက ဝေသာလီမြို့မှာ "သီဟာ" ဆိုတဲ့ အမျိုးကောင်းသမီးတစ်ယောက် ရှိဖူးတယ် ။
သီဟစစ်သူကြီးရဲ့တူမပါ ။
သီဟစစ်သူကြီးက တုန်နေအောင် ချစ်လို့ဦးကြီးရဲ့နာမည် အတိုင်း " သီဟာ" လို့မှည့်ခေါ်ခဲ့ ကြတယ် ။
တစ်နေ့ ဦးကြီးရဲ့အိမ် ဆွမ်းအလှူ မှာ မြတ်စွာဘုရား ဟောတဲ့တရား နာကြားပြီး မိဘထံ ခွင့်ပန် ရဟန်းပြုတယ် ။
ရဟန်းပြု ပြီး ဝိပဿ နာတရား ကြိုးစားအားထုတ်ပေမယ့် သမာဓိမရဘဲ ပြင်ပအာရုံတွေပေါ် စိတ်တွေပြေးပြီး ကိလေသာတွေ ဖြစ်ပေါ်တယ် ။
အရွယ်ရောက်ခါစ ၁၆ နှစ်သမီးဘဝမှာ သာသနာ့ဘောင် ဝင်လာတာဆိုတော့ သဒ္ဓါတရားနဲ့ သံဝေဂဉာဏ် ဘယ်လောက် ကောင်းကောင်း သွေးသားတက်ကြွနေတဲ့အရွယ်ဆိုတော့ ရာဂကိလေသာ လှည့်စားတဲ့စက်ကွင်းက မလွတ်ဘူး။
အရွယ်ကောင်းတုန်း လူပြန်ထွက် ကာမဂုဏ်ခံစားပြီး အသက်ကြီးမှ ရဟန်းပြု တရားအားထုတ်ရင်
ကောင်းမယ် ဆိုတဲ့ အတွေး ဝင်ရောက်ပေမယ့် နေက္ခမ္မဓာတ်ခံ အားကောင်းနေတော့ လူပြန်မထွက်ချင်တော့ပြန်ဘူး ။
ဒီလိုနဲ့ ခုနှစ်နှစ်ပတ်လုံး ရာဂကိလေသာရဲ့ နှိပ်စက်မှု ဒဏ်ကို မခံစားနိုင်တော့တဲ့အဆုံး အဆုံးစီရင်ဖို့ ကြိုးတစ်ချောင်း ယူပြီး လူသူမနီးတဲ့ သစ်ပင်ပေါ် တက်လိုက်တော့တယ် ။
တရားအားထုတ်ပေမယ့် ဘာတရားမှမရ ၊ ကာမဂုဏ်ချမ်းသာလည်း ဆုံးရှုံး ၊ တရားချမ်းသာလည်း လက်လွတ် ၊ မဂ်ဖိုလ် မရရင် နေပါဦး ။ အနည်းဆုံး စိတ်ချမ်းသာမှုတော့ ရရမှာပေါ့ ။ ခုတော့ ရာဂကိလေသာ နှိပ်စက်လို့
စိတ်ချမ်းသာမှုလေးတောင် မရဘူး ။
ဒါကြောင့် ကြိုးတစ်စကို သစ်ပင်မှာချည် ၊ ကြိုးတစ်စကို ကွင်းလျောလုပ်ပြီး လည်ပင်းမှာစွပ် ၊
သစ်ပင်ပေါ်က ခုန်ချဖို့ အလုပ်မှာပဲ . . . .
အမြဲအားထုတ်နေကျ သတိပဋ္ဌာန်က စိတ်အစဉ်မှာ ထင်ရှားလာပြီး ဖြစ်ပျက်မြင်တဲ့ ဝိပဿ နာဉာဏ်တွေ တရိပ်ရိပ် တက်လာတယ် ။
အဆင့်ဆင့်တက်သွားလိုက်တာ သစ်ပင်ပေါ်မှာပဲ ပဋိသမ္ဘိဒါ ဉာဏ်လေးပါးနဲ့တကွ
ရဟန္တာ ဖြစ်သွားပါတယ်
ရဟန္တာဖြစ်တယ်ဆိုရင်ပဲ သီဟာထေရီမရဲ့လည်ပင်းက ကြိုးကွင်း အလိုလို ပြေလျော့ကျသွားတယ် ။
တစ်ခါတစ်ရံ အဆိုးတွေဟာ
ကောင်းဖို့ ဖြစ်လာတာပါ ။
တစ်ချို့အကောင်းတွေက အဆိုးတွေ လမ်းခင်းပြီးမှ ရောက်လာတတ်ပါတယ် ။
သီဟာထေရီ လည်ပင်းက ကြိုးကွင်း စွပ်ပြီးခါမှ
ဝိပဿ နာ ရှုဖြစ်သွားတာဟာ ကာမရာဂစိတ်တွေ လွှမ်းမိုးနှိပ်စက်နေတဲ့ကြားက
မရရအောင် ကြိုးစားကြိတ်မှိတ်ပြီး ရှုမှတ်ပွားများနေခဲ့တဲ့ရှေးရှေးနေ့တွေ ၊ လတွေ ၊ နှစ်တွေက သတိပဋ္ဌာန်အလုပ်က ဉာဏ်ရင့်ချိန် ရောက်သွားတဲ့ ကြိုးကွင်းစွပ်ပြီးချိန်မှာ လာကယ်တင်သွားတာပါပဲ ။
ဒါကြောင့် ကုသိုလ်အလုပ် ၊ တရားအလုပ်ဆိုတာပျော်ပျော် မပျော်ပျော် လုပ်နေရမှာပါ ။
ကိလေသာဖြစ်နေရင်လည်း ဖြစ်နေတဲ့ကြားကကုသိုလ်လုပ်ပါ ။ တရားအားထုတ်ပါ ။
စိတ်ညစ်နေရင်လည်း စိတ်ညစ်နေတဲ့ကြားကကုသိုလ်လုပ်ပါ ။ တရားအားထုတ်ပါ ။
ကုသိုလ်အလေ့အကျက် ၊
တရားအလေ့အကျက် အားကောင်းနေရင် အခြေအနေဆိုးနဲ့ ကြုံတွေ့နေချိန်မှာတောင်
အဲဒီ ကုသိုလ် ၊ အဲဒီတရားတွေက ကိုယ့်ကို ကောင်းကျိုး လာပြုပါလိမ့်မယ် . . .။
* ဆရာတော် အရှင်ဆန္ဒာဓိက
( ရွှေပါရမီတောရ )
No comments:
Post a Comment