စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, May 20, 2024

ကျွတ်

ကျွတ်
🌹🌹🌹

မုတ်သုံမိုးစက်တွေ ဝေ့ဝဲပြီဆိုလျှင် ခြောက်သွေ့ဝပ်စင်းနေသော မြက်ခြောက်တို့ စိမ်းစိုနိုးထလာတော့မည်။ 

ထိုအခါ စိမ်းစိုစ မြက်ပင်တွေကြားထဲတွင် တစ်နွေလုံး ဘယ်ဆီပုန်းရှောင်နေမှန်း မသိသော သတ္တဝါတစ်မျိုးသည် ပေါက်ဖွားရှင်သန်လာဦးမည်။

"ကျွတ်"

ဝေါဟာရစကားလုံးတစ်လုံးတည်းဖြင့် အဓိပ္ပာယ်တွေအများကြီးဖော်ဆောင်နေသည်။

 စကားလုံးပိုင်ရှင် အနှီသတ္တဝါကို သေချာလေ့လာကြည့်ပါက စိတ်ဝင်စားစရာ။ 
ပျော့ပြောင်းနူးညံ့၊ ကျောရိုးမဲ့သတ္တဝါ။ 
လူသွေး၊ တိရိစ္ဆာန်သွေးတို့ကို စုပ်ယူ၍ အသက်ရှင်တတ်သော 
သဘာဝ။ 

တစ်နေရာက တစ်နေရာသို့ ကူးပြောင်းသွားလာပုံကိုကြည့်။ 
အင်တာနာသဖွယ် ခန္ဓာရှေ့စွန်းကို မြှောက်၍ အမှီအတွယ်တစ်ခုကို ထောင်၍ရှာဖွေသည်။ 

ခြေကုပ်ရမှ၊ ရှေ့ခြေကုပ်မြဲမှ ခန္ဓာနောက်စွန်းကို ခြေကုပ်နေရာမှ စွန့်သည်။ပြီးလျှင် နောက်ခန္ဓာအစွန်းသည် အခြားနေရာသို့မသွား။ 
ခြေကုပ်သေချာ၊ ဘေးအန္တရာယ်တို့ လုံခြုံနေသော ရှေ့ခန္ဓာအစွန်းဆီသို့ လာရောက်ပူးပေါင်းသည်။

နောက်ခန္ဓာအစွန်းသည် ခြေကုပ်နေရာ သေချာပြီဆိုသောအခါမှ ရှေ့ခန္ဓာအစွန်းက နောက်ခြေကုပ်တစ်ခုကို ထပ်ရှာ၏။ မြဲလျှင် နောက်အစွန်းက နေရာရွှေ့၊ ရှေ့မှအစွန်းက နောက်ထပ်တစ်နေရာထပ်ရှာ။ အတိုင်အဖောက်ညီညီ ရွေ့ရှားနေမှု။

အနှီသတ္တဝါ၏ လှုပ်ရှားသွားလာမှု သဘာဝကို သေသေချာချာကြည့်မိမှ ထိုသတ္တဝါ အမည်ရခဲ့ပုံကို တွေးကြည့်မိ၏။ 

သူ့ခမျာ သူ့ပညတ်အတိုင်း တကယ်ကျွတ်ကျွတ်လွတ်လွတ်ရှိပါသေးရဲ့လား။ မရှိပါ။ သူသည်လည်း (၃၁) ဘုံသားဖြစ်၍ ဘယ်မှာကျွတ်လွတ်နိုင်ပါအံ့နည်း။ 

ပြီးတော့ သူသည် တစ်ဖက်လွတ်သွားရုံနှင့် 
" ကျွတ်" သွားသည်ဟု မပြောနိုင်။ ခြေကုပ်တစ်ဖက်က အမြဲတမ်းရှိနေသည် မဟုတ်လား။ အမည်ပညတ်ကသာ "ကျွတ်"။ လုပ်ဆောင်ချက်ကတော့ "တွယ်တာ"လိုက်သည်မှာ မပြောပါနဲ့တော့။

ထိုသတ္တဝါ၏ လှုပ်ရှားမှုမှသည် ခန္ဓာဆီသို့ လှမ်းကြည့်မိသောအခါ...

အာရုံတစ်ခု၊ စိတ်တစ်ခု၊ 
အာရုံအပေါ်၌ စိတ်ကိုမှီ။ 
စိတ်ဖြစ်တိုင်းလည်း အာရုံနှင့်မကင်း။ 

နေရာအပြောင်းအလဲ၊ အာရုံအပြောင်းအလဲကို စိတ်ကကြိုက်သည်။ နေရာအသစ်၊ အာရုံအသစ်ကို စိတ်ကအမြဲရှာဖွေနေသည်။

များပြားလှသော အာရုံတွေကြောင့် စိတ်ကမငြိမ်။ ရင်ခုန် လှုပ်ရှား ပင်လယ်ရေသောက်ရသလို ရေငတ်မပြေ။ 

အာရုံတွေ တစ်ခုတစ်ခု ပြောင်းလဲခံစားနေသောစိတ်။ 

ရပ်နားခြင်းဖြင့် ငြိမ်သက်၊ 
ငြိမ်သက်ခြင်းဖြင့် ငြိမ်းချမ်း၊ 
ငြိမ်းချမ်းခြင်းဖြင့် ချမ်းသာ စသောသဘောတရားကို လှုပ်ရှားဖောက်ပြန်နေသောစိတ်က နားမလည်။ 

တနည်းအားဖြင့် အာသာမပြေနိုင်သော သွေးစုပ်လိုမှု ရမ္မက်က လွှမ်းမိုးနေတော့ မခက်လား။

" ကျွတ်" ခန္ဓာ၏ရှေ့ဖျားနှင့်တူသော အာရုံ။ 
" ကျွတ်" ခန္ဓာ၏နောက်စွန်းနှင့်တူသော စိတ်။သွေးစုပ်လိုသော ရမက်နှင့်တူသော " တဏှာ"။ သွေးစုပ်ခြင်းတို့အပေါ် မသိနားမလည်သော "အဝိဇ္ဇာ" ။ 

ထို့ကြောင့်ပင် မရပ်မနား ရှာဖွေခြင်းတည်းဟူသော
 "သံသရာ့သားကောင်" ဘဝသို့ ရောက်မှန်းမသိ ရောက်နေရသည့် 
ဘဝများ။

ထို့ကြောင့်ပင် တဏှာ၊ အဝိဇ္ဇာမှ "ကျွတ်" ပြီ၊ "လွတ်" ပြီဆိုသော ဥဒါန်းစကားကို သံသရာချစ်ခင် လူသားအနွယ်ဝင်တို့ မကျုးရင့်နိုင်
ကြခြင်းပင်။

အကယ်၍သာ သံသရာမှ "ကျွတ်ပြီ၊ လွတ်ပြီ"ဆိုသော ဥဒါန်းစကားကို ဘုရားရှင်ကျုးရင့်နိုင်သကဲ့သို့-

ဘုရားရှင်၏ တပည့်သား ပီသစွာ ကျုးရင့်နိုင်အောင် မမေ့မလျော့၊ 
မပေါ့မဆသော အပ္ပမာဒသတိတရားတို့ဖြင့် ကျင့်ကြံကြိုးစားအားထုတ်သွားမည် ဆိုပါလျှင်....။

Sayar Mya Than San (APPAMADA )

No comments:

Post a Comment