🌴🌴 ၃၈ဖြာမင်္ဂလာပုံပြင်များ🌴🌴
၃. ပူဇော်ထိုက်သူကို ပူဇော်ခြင်း
*** *** *** *** *** ***
[[ To worship the worthy] ]
ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာ တစ်ပါး ဖြစ်သည်။
တစ်ရံရောအခါ ရာဇဂြိုလ်ပြည်ရှိ သူဌေးတစ်ဦး၏ လယ်တွင် သူဆင်းရဲပုဏ္ဏသည် သူရင်းငှါးအလုပ်ကို လုပ်ကိုင်သည်။ ပုဏ္ဏ၌ ဇနီးဘာရိတာနှင့် သမီး ဥတ္တရာတို့ ရှိကြသည်။ သူတို့မိသားစု သူဌေး၏ အိမ်နောက်ဖေး၌ မှီခိုနေထိုင်ကြသည်။
တစ်နေ့သ၌ နက္ခတ်ပွဲသဘင်ကြီး ကျရောက်ချိန်တွင် မြို့သူမြို့သားများ ပျော်ရွှင်စွာ ဆင်နွှဲကြသေည်လည်း ပုဏ္ဏမှာ မဆင်နွှဲ။ လယ်သို့ဆင်း၍ လယ်ထွန်သည်။ ထိုစဉ် အရှင်သာရိပုတ္တရာ ရဟန္တာမထေရ်မြတ်သည် ပုဏ္ဏလယ်ထွန်ရာသို့ ကြွလာပြီး ရပ်တော်မူသည်။ ထိုအခါ ပုဏ္ဏသည် အရှင်မြတ်အတွက် မျက်နှာသစ်ရေနှင့် တံပူကို ဆက်ကပ်လှူဒါန်းပူဇော်သည်။
ထိုအချိန်တွင် ဇနီးဘာရိတာသည် ပုဏ္ဏထံ ထမင်းလာပို့သည်။ လမ်းတွင် အရှင်သာရိပုတ္တရာကို ဖူးတွေ့ရာ...
"" အင်း..အလှူခံအရှင်မြတ်နှင့်တော့ဆုံပြီ..
တစ်ခါတစ်ရံ အလှူခံရှိတယ်။ အလှူရှင်မရှိဘူး။
တစ်ခါတစ်ရံ အလှူခံရှိတယ်.. လှူဖွယ်မရှိ။
တစ်ခါတစ်ရံ လှူဖွယ်ရှိပါလျှက် အလှူခံမရှိ..
တစ်ခါတစ်ရံ အလှူခံရော လှူဖွယ်ပစ္စည်းပါ ရှိပါလျှက် သဒ္ဓါကမရှိ....
ယခုတော့ ငါ့မှာ အလှူခံ၊ လှူဖွယ်၊ သဒ္ဓါ ပြည့်စုံနေပြီ.. .. """ ဆင်ခြင်မိလျှက်..
သဒ္ဓါတရားပေါက်သဖြင့် ပါလာသော ထမင်းတို့ကို မထေရ်မြတ်အား လှူဒါန်းပူဇော်လိုက်သည်။ ထမင်းအားလုံးကို ဆက်ကပ်လိုက်သဖြင့် ဘာရိတာသည် အိမ်သို့တစ်ဖန်ပြန်၍ ထမင်းဟင်းချက်သည်။ ပြီးမှ ပုဏ္ဏထံ ထမင်းပို့ရန်ပြန်လာသည်။
အချိန်နောက်ကျသဖြင့် ပုဏ္ဏသည် ထမင်းစားရန် စောင့်မျှော်နေသည်။ ဘာရိတာက အရှင်သာရိပုတ္တရာအား ဆွမ်းလောင်းလှူလိုက်ခြင်းကြောင့် တစ်ဖန်ပြန်ချက်နေရသောကြောင့် နောက်ကြခြင်း ဖြစ်ကြောင်း ရှင်းပြလေသည်။ ပုဏ္ဏသည် ၀န်တိုခြင်းမဖြစ်။ ဆွမ်းဒါနထူးအတွက် ၀မ်းမြောက်အားရဖြစ်ခဲ့သည်။
ထိုသို့ အရှင်သာရိပုတ္တရာ ရဟန္တာအရှင်မြတ်အား သဒ္ဓါကြည်ဖြူစွာ ဆွမ်းလှူဒါန်းပူဇော်ရသော အကျိုးကြောင့် ပုဏ္ဏထွန်ခဲ့သော ထွန်စိုင်၊ ထွန်ခဲအားလုံး ရွှေတုံးများမဖြစ်သို့ ကူးပြောင်းသွားလေသည်။
သူဆင်းရဲ ပုဏ္ဏမိသားစုသည် သူဌေးဖြစ်သွားကြသည်။ ဘုရင်ကလည်း ပုဏ္ဏကို သူဌေးဘွဲပေး၍ ထပ်မံချီးမြှောက်လေသည်။ ပုဏ္ဏတို့ မိသားစုသည် ပူဇော်ထိုက်သူကို ပူဇော်ခြင်းတည်းဟူသော မင်္ဂလာကို ကျင့်သုံးသဖြင့် မျက်မှောက်ဘ၀မှာပင် အကျိုးထူးများ ရရှိသွားလေသည်။
ကျမ်းကိုး > မဟာဗုဒ္ဓ၀င် (ဆရာတော်ကြီး ဦးဝိစိတ္တသာရ )
> ဓမ္မပဒ၊ ဥတ္တရာဥပါသိကာမ၀တ္ထု
✏ မင်းယုဝေ
❆ ၃၈ဖြာ မင်္ဂလာပုံပြင်များ
No comments:
Post a Comment