၃၈ဖြာ မင်္ဂလာပုံပြင်များ
*****************
၇။ အကြားအမြင်များခြင်း
••• ••• ••• ••• ••• •••
[[ Knowledge ]]
အကြားအမြင် များခြင်းသည် မင်္ဂလာတစ်ပါးဖြစ်၏။ ကြီးပွားခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။
တစ်ရံရောအခါ ကုသ၀တီပြည်၌ မဟာသမ္မတမင်း စိုးစံသည်။ ထိုမင်းလက်ထက်တွင် ပုဏ္ဏားခုနှစ်ယောက်တို့သည် အဆွေခင်ပွန်းဖွဲ့ကြပြီးလျှင် အမြို့မြို့အရွာရွာသို့ လှည့်လည်ကြသည်။ ဗေဒင် လက္ခဏာ ဟော၍ စီးပွားရှာကြသည်။ ရသောငွေတို့ကို စုဆောင်းထားကြရာ အသပြာငါးရာစုဆောင်းမိသည်။ အသပြာ ၇၀၀ ပြည့်မှ ခွဲဝေယူကြရန် သဘောတူကြသည်။ ရရှိထားသော အသပြာငါးရာကို သူဆင်းရဲမတစ်ယောက်ထံ အပ်နှံထားသည်။
သူဆင်းရဲမအား..."" ဤအသပြာငါးရာကို အသင် ကောင်းစွာသိမ်းဆည်းထားပေးပါ။ ငါတို့ခုနှစ်ယောက် စုံစုံညီညီ လညရောက်တောင်းမှ ပေးပါ။ ခုနှစ်ယောက်မပြည့်ဘဲ ဘာတောင်းလျှင် မပေးပါနှင့်.."" ဟု မှာကြားထားသည်။
ထို့နောက် ပုဏ္ဏားခုနှစ်ယောက် အတူထွက်ခွာသွားကြသည်။ သူဆင်းရဲမ၏ အိမ်နှင့်မနီးမဝေး လှမ်း၍ခေါ်သံကြားလောက်သော အရပ်ရှိ ချောင်းတစ်ခုတွင် ပုဏ္ဏားတို့ဘာသာဘာဝ ဦးခေါင်းဆေးမင်္ဂလာပြုရန် ပြင်ဆင်ကြသည်။
တရော်ကင်ပွန်း မပါသဖြင့် အတူပါလာသော ပုဏ္ဏားငယ်တစ်ယောက်အား သူဆင်းရဲမထံသွား၍ တရော်ကင်ပွန်းတောင်းရန် စေလိုက်သည်။ ပုဏ္ဏားငယ်သည် ရိုးဖြောင့်သူမဟုတ်။ သူဆင်းရဲမထံ ရောက်သောအခါ တရော်ကင်ပွန်းကိုသာမက အသပြာငါးရာကိုပါ တောင်းလေသည်။ သူဆင်းရဲမကလည်း ခုနှစ်ယောက်မပြည့်သဖြင့် မပေးပေ။
ပုဏ္ဏားငယ်က -- "" ကျွန်ုပ်ကို မယုံကြည်သော် ကျန်ပုဏ္ဏားကြီးတို့အား ဟစ်၍မေးလော့.."" ဟု ပရိယာယ်ဖြင့်ဆိုသည်။ သူဆင်းရဲမကလည်း.."" အရှင်ပုဏ္ဏားကြီးတို့ အပ်ခဲ့သော ဥစ္စာကို ပေးလိုက်ရမည်လော.."" ဟု ဟစ်၍ မေးသည်။
ပုဏ္ဏားခြောက်ယောက်တို့ကလည်း တရော်ကင်ပွန်းကို မေးသည်ထင်၍ ..
"" ပေးလိုက်ပါ "" ဟု ဟစ်၍ဆိုကြသည်။
ထို့ကြောင့် သူဆင်းရဲမလည်း အသပြာငါးရာကို ပေးလိုက်လေသည်။ ပုဏ္ဏားငယ်သည် အသပြာငါးရာကို တစ်နေရာ၌ ၀ှက်ထားသည်။ တရော်ကင်ပွန်းကိုသာ ပုဏ္ဏားကြီးတို့ကို ပေးသည်။ အားလုံးခေါင်းဆေး မင်္ဂလာပြုကြပြီးသော် ခရီးဆက်၍ သွားကြသည်။ ညဘက်ရောက်သောအခါ ပုဏ္ဏားသယ်သည် ၀ှက်ထားသော အသပြာငါးရာကို ယူ၍ ထွက်ပြေးသွားလေသည်။
နံက်သို့ရောက်သောအခါတွင်မှ ပုဏ္ဏားကြီးတို့သည် ပုဏ္ဏားငယ်၏ အကြံကို သိရှိကြလေသည်။ ပုဏ္ဏားကြီးတို့သည် သူဆင်းရဲမထံသွား၍.. .
"" ငါတို့ ခုနှစ်ယောက် အစုံအညီလာရောက်တောင်းမှ အသပြာကို ပေးပါဟု ဆိုခဲ့သည်။ ယခု ပုဏ္ဏားငယ်တစ်ယောက်တည်းကို ဘာကြောင့်ပေးရသနည်း.."" ဟု ပြစ်တင်ပြောဆိုသည်။
သူဆင်းရဲမက "" ကျွန်မ ဟစ်၍မေးပါသေးသည်။ အရှင်ပုဏ္ဏားကြီးတို့အားလုံးက ပေးပါဆို၍ ပေးလိုက်ရသည်။ ကျွန်မ၌ တာဝန်မရှိပါ.."" ဟူ၍ ပြန်ပြောသည်။
ပုဏ္ဏားကြီးတို့ မကျေနပ်ကြသဖြင့် ဘုရင်ထံသွား၍ တိုင်ကြားကြသည်။ ဘုရင်လည်း သူဆင်းရဲမကို ခေါ်ယူစစ်ဆေးသည်။ ဘုရင်က သူဆင်းရဲမမှာ အပြစ်ရှိသည်ဟုဆိုကာ အသပြာငါးရာကို ပေးလျော်စေသည်။ သူဆင်းရဲမက...
"" ကျွန်တော်မျိုးမမှာ ဆင်းရဲသူ မုဆိုးမဖြစ်ပါသည်။ လူမမည် သမီးကလေး တစ်ယောက်ကိုသာ အဖော်ပြု၍ နေရပါသည်။ အလျော်ပေးရန် ငွေမရှိပါ.."" ဟူ၍ လျှောက်ထားသည်။ ဤတွင် ဘုရင်က
"" ဥစ္စာကို မပေးနိုင်လျှင် သင်ကိုယ်တိုင် ပုဏ္ဏားကြီးတို့ထံတွင် တစ်လှည့်စီ ကျွန်ခံစေ..."" ဟု စီရင်လိုက်လေသည်။
ဤစီရင်ချက်အတိုင်းပင် သူဆင်းရဲမသည် ပုဏ္ဏားကြီးခြောက်ယောက်ထံတွင် လ၀က်စီ အလှည့်ကျ ကျွန်ခံရရှာသည်။
ထိုစဉ် လူမမည် သမီးကလေးသည် ကြီးပြင်းလာသည်။ သမီးကလေးသည် ထူးခြားလိမ္မာသည်။ သူသည် စာပေကျမ်းဂန်များကို သင်ယူသည်။ လေ့လာဖတ်ရှု မှတ်သားသည်။ လူကြီးသူမတို့၏ အဆုံးအမကိုလည်း ကောင်းစွာ နာယူမှတ်သားသည်။ အကြားအမြင်များသူ ဖြစ်လာသည်။ သို့ဖြင့် ၁၈ နှစ်အရွယ်သို့ ရောက်လျှင်..
"" မိခင်၏ အဖြစ်ကို မကျေနပ်နိုင်ပါ။ ကျွန်မခံသင့်ပါ။ ""ဟု ဆို၍ မိခင်ကိုခေါ်ကာ ဘုရင်ထံသို့ သွားသည်။ ဘုရင်အား အမျိုးသမီးငယ်က -- "" ကျွန်တော်မ၏ မိခင် ကျွန်ခံရသည့် ကိစ္စ မကျေနပ်နိုင်ပါ။ အရှင့်ရှေ့တော်ဝယ် ပုဏ္ဏားတို့နှင့် တရားဆိုလိုပါသေးသည်။ "" ဟု လျှောက်၏။
ဘုရင်ကလည်း ခွင့်ပြုကာ ပုဏ္ဏားခြောက်ယောက်ကို ခေါ်ပေးသည်။ ပုဏ္ဏားခြောက်ယောက်တို့ ရောက်လာသော် အမျိုးသမီးငယ်က ဘုရင့်ထံမှ ငွေအသပြာငါးရာ ခေတ္တချေးယူသည်။ ထို့နောက် အသပြာငါးရာထုပ်ကို ကိုင်လျှက် ပုဏ္ဏားတို့အား အရေးဆိုသည်။
"" အသပြာငါးရာကို ပေးအပ်လျှင် ကျွန်ုပ်မိခင်အား ကျွန်အဖြစ်က လွှတ်မည်လော.."" ဟု မေးသည်။
ပုဏ္ဏားတို့ကလည်း.. "" လွှတ်ပါမည် "" ဟု ၀န်ခံကြသည်။
ထိုအခါ အမျိုးသမီးငယ်က.. "" ယခု အသပြာငွေ ရပါပြီ။ ကျွန်မ ပေးဆပ်ပါတော့မည်။ အပ်နှံရင်း ပုဏ္ဏားခုနှစ်ယောက်ပြည့်အောင် ခေါ်ပါဦး.."" ဟု ဆိုသည်။
ပုဏ္ဏားခြောက်ယောက်တို့မှာ ခုနစ်ယောက်မပြည့်။ အသပြာငွေကို လက်မခံနိုင်။ အသပြာငွေကို ခိုးကာ ပုဏ္ဏားငယ် မည်သည့်အရပ်သို့ ထွက်ပြေးသွားသည်ကိုလည်း မသိကြ။ မည်သို့မှ မတတ်နိုင်အောင် ဖြစ်ကြရသည်။
ထိုအခါ မှူးမတ်တို့သည် အမျိုးသမီးငယ်၏ ဥာဏ်ပညာကို ချီးကျူးမဆုံးရှိကြသည်။ ပုဏ္ဏားခြောက်ယောက်တို့ပင် မနေသာ ၊ ချီးကျူးသမှုပြုကြရသည်။
ဘုရင်ကလည်း.."" ငါ စီရင်အပ်သော တရားကား ယွင်းမှားပေစွ။ ယနေ့မှစ၍ သူဆင်းရဲမကို ကျွန်အဖြစ်မှ လွတ်စေ။ ငါတရားမှားသည့်အတွက်ကြောင့် အမျိုးသမီး ချေးငှါးထားသော အသပြာငါးရာကို လျော်ကြေးအဖြစ် အပြီးအပိုင်ယူစေ..""
ဟူ၍ ပြောင်းလွှဲစီရင်လိုက်လေသည်။
ထို့နောက် ဘုရင်သည် အမျိုးသမီးငယ်၏ အကြားအမြင်များမှု၊ ဥာဏ်ပညာရှိမှုကို လေးစားမြတ်နိုးသဖြင့် အမျိုးသမီးငယ်ကို မိဖုရားမြှောက်လိုက်လေသည်။
ပြည်ထဲရေးကို တိုင်ပင်နှီးနှောခြင်း ပြုလေသည်။
ကျမ်းကိုး.. ဓမ္မဂန်ဖတ်စာနှင့် ပုရာဏ်ကျမ်း
(( ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး ))
[[ To have a wide general knowledge in mundane and supramundane level is the highest blessing. ]]
No comments:
Post a Comment