စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, April 17, 2016

အစွန်းလွတ်​​အောင်​ကျင့်

❀ ❀  အစွန်းလွတ်အောင်ကျင့် ❀ ❀

#မြတ်စွာဘုရားရှင်က .....
တရားဓမ္မ ကျင့်ကြံအားထုတ်တဲ့နေရာမှာ
အစွန်းမရောက်ဖို့၊
မဇ္ဈိမပဋိပဒါ အလယ်အလတ်
မျှတတဲ့လမ်းကို လမ်းစဉ်ကို လိုက်ဖို့
ဟောကြားတော်မူပါတယ်။
မိမိကိုယ်မိမိ ညှဉ်းဆဲရာရောက်တဲ့
အစွန်းတစ်ဘက်၊
သက်သာခိုရေသာခိုတဲ့ အစွန်းတစ်ဘက်၊
ဒီအစွန်းနှစ်ဘက် လွတ်အောင် ကျင့်ရမှာပါ။

#တရားအားထုတ်စဉ်မှာ
မပြောင်းမရွေ့ဘဲ ပင်ပန်းဆင်းရဲတာကို
ပေတေကြိတ်မှိတ် မရှုမှတ်နိုင်ဘဲ နေရင်လည်း
အစွန်းမလွတ်ပါဘူး။
ပြောင်းလို့ရွေ့လို့ ရတယ်ဆိုပြီး နည်းနည်းလေးတောင်
သည်းမခံဘဲ ပြောင်းရွေ့လွန်း သက်သာခိုလွန်းရင်လည်း
အစွန်းမလွတ်ပါဘူး။
မိမိရဲ့ရှုမှတ်နိုင်မှု အခြေအနေကို ကြည့်ပြီး
မျှတအောင်နေ မျှတအောင် ကျင့်ရမှာပါ။

#မြတ်စွာဘုရားက
` ကြာကြာထိုင်မှ တရားရမယ် ´ လို့ မဟောပါဘူး။
` မျှတအောင်ကျင့်မှ တရားရမယ် ´လို့သာ ဟောခဲ့တာပါ။
တချို့တရားအားထုတ်သူတွေမှာ အားထုတ်ရင်း
ဘုန်းကနဲ လဲကျတယ်။ မျက်ရည်တွေ နှပ်တွေ တံတွေးတွေ
ယိုစီးကျလာတယ်။ ကြောက်လန့်တကြား အော်ဟစ်တယ်။
ထိုင်ရာက ထပြေးတယ်။ ကြက်လိုထခွပ်တယ်။
ခွေးလိုထအော်တယ် ဆိုတာတွေဟာ
အစွန်းရောက်ကျင့်စဉ်တွေရဲ့ အကျိုးဆက်တွေပါ။
တရားရတာ တရားမြင်တာ မဟုတ်ပါဘူး။

#ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှုတွေ မခံရပ်နိုင်အောင်
ဖြစ်နေစဉ်၊ ခံစားနေရစဉ်မှာ သက်သာမျှတအောင်
မပြင်လို့ မပြောင်းလို့ ဖြစ်ရတာတွေကို ပြောပြပါမယ်။

၁။ ဒုက္ခဝေဒနာ ပြင်းထန်စွာ ဖြစ်လာပါတယ်။
၂။ တည်ကြည်မှု မရှိဘဲ သမာဓိ ပျက်တတ်ပါတယ်။
၃။ အားထုတ်နေတဲ့ ကမ္မဋ္ဌာန်း ပျောက်ပျက်သွားပါတယ်။
၎။ တရားထူး မရနိုင်ပါဘူး .....
လို့ ဖြစ်ပေါ်လာမယ့် အပြစ်လေးချက် ရှိပါတယ်။

#တရားနဲ့နေတယ်ဆိုတာ
နေတတ်ရင် အနေအထားမရွေး၊ ဣရိယာပုတ်မရွေး
တရားနဲ့နေလို့ ရပါတယ်။
လျောင်း၊ ထိုင်၊ ရပ်၊ သွား အနေအထား လေးမျိုးမှာ
တစ်သက်လုံး ဘယ်သူမှ အနေအထား တစ်မျိုးတည်းနဲ့
မနေကြပါဘူး။ မနေနိုင်ပါဘူး။
တစ်မျိုးပြီးတစ်မျိုး ပြောင်းနေလို့သာ
အသက်ရှင်နေကြတာပါ။

#မဟာသတိပဋ္ဌာနသုတ္တာန်မှာလည်း
တရားကျင့်သူတို့အတွက် လျောင်း၊ ထိုင်၊ ရပ်၊ သွား၊
အနေအထားတွေနဲ့ စနစ်တကျအားထုတ်ဖို့
မြတ်စွာဘုရား ညွှန်ကြားခဲ့ပါတယ်။

}}} ဆရာတော် ဓမ္မဒူတ_အရှင်ပညိဿရ

No comments:

Post a Comment