၃၈ဖြာ မင်္ဂလာပုံပြင်များ
*****************
၅။ ရှေးကောင်းမှုကံရှိခြင်း
*** *** *** *** ***
ရှေးကောင်းမှုကံရှိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်၏။
တစ်ရံရောအခါ ဗာရာဏသီပြည်တွင် ထင်းခွေယောက်ျားတစ်ဦးရှိသည်။ တစ်နေ့တွင် သူသည် မြို့တံခါးဝအနီးရှိ နတ်ကွန်းတွင် ဘေးမဲ့လွှတ်ထားသော ကြက်များအနက်မှ ထူးခြားသော ကြက်တစ်ကောင်ကို တွေ့ရှိသည်။ ထိုကြက်က.. "" ငါ့ကိုသတ်၍ ငါ့ဦးခေါင်းကို စားသူသည် မင်းဖြစ်မည်.."" ဟု တခြားကြက်တစ်ကောင်ကို ပြောကြားနေသံအား ထင်းခွေယောက်ျားက ကြားသိသွားသည်။
သို့ဖြင့် သူသည် ထိုကြက်ကို ဖမ်းယူသတ်ဖြတ်၍ အိမ်သို့ယူဆောင်လာသည်။ မယားအား အကျိုးအကြောင်း ပြောပြကာ ကြက်ကို ချက်ခိုင်သည်။ မယားလည်း ချက်ပြီးလျှင် ထမင်းနှင့်အတူ ပေးအပ်သည်။
ထင်းခွေယောက်ျားသည် ချက်ပြီးသား ကြက်သားကိုအရင်မစားသေး။ ဂင်္ဂါမြစ်သို့သွား၍ ရေချိုးပြီးမှ မြစ်ဘေးတွင် စားမည်ဟု ရည်မှန်းသည်။ သို့ဖြင့် သူတို့လင်မယားသည် ထမင်းအိုးနှင့်ကြက်သားအိုးတို့ကို တောင်းတစ်ခုစီ၌ထည့်ကာ ဂင်္ဂါမြစ်သို့ သွားကြသည်။ ရောက်သော် တောင်းကို မြစ်ကမ်း၌ ထားပြီး မြစ်သို့ ရေဆင်းချိုးကြလေသည်။
ထိုစဉ် ရုတ်တရက် လေထန်၍ ရေလှိုင်းတို့တက်လာသည်။ ကြက်သားဟင်း ထည့်ထားသော တောင်းအထိ ရေများရောက်လာပြီး တောင်းသည် ရေထဲသို့ မျောပါသွားသည်။ ထင်းခွေယောက်ျား လင်မယားမှာမူ ရေစီးနောက်သို့ မျောပါမသွားအောင် ကြိုးစားကူခပ်ပြီးလျှင် ကမ်းသို့တက်ပြေးရလေသည်။
ထိုစဉ် ကြက်သားဟင်းတောင်းသည် မြစ်ရေအလျဉ်တွင် မျောပါသွားလေသည်။ မကြာမီ အောက်ဆိပ်၌ ဆင်ကိုရေချိုးပေးနေသော ဆင်ဆရာအနီးသို့ ရောက်သွားသည်။ ဆင်ဆရာသည် တောင်းကိုဆယ်ယူ၍ ကြည့်ပြီး ကြက်သားဟင်းတောင်း ဖြစ်နေ၍ အိမ်ကိုယူဆောင်သွားလေသည်။
ဆင်ဆရာကိုးကွယ်သော ရှင်ရသေ့သည် အကြားအမြင် ရသူဖြစ်သည်။ ကြက်သားဟင်း၏ ထူးခြားသော သတ္တိကို သိသဖြင့် ဆင်ဆရာအား ကြက်ခေါင်းကို စားစေသည်။
ရက်အတန်ကြာသော အခြားတိုင်းပြည်မှ မင်းတစ်ပါးသည် ဗာရာဏသီပြည်ကို လာရောက်တိုက်ခိုက်သည်။ ဗာရာဏသီမင်းသည် မိမိဘေးဖြစ်မည်ကို စိုးရိမ်သဖြင့် ဆင်ဆရာအား မင်းအသွင် ၀တ်ဆင်စေပြီး ဆင်စီး၍တိုက်ခိုက်စေသည်။ မိမိမူကား ရဲမက်ဗိုလ်ပါများအကြားတွင် မထင်မရှားသော အသွင်ဖြင့် သွားလာ၍စီမံကွပ်ကဲ၏။ ထိုစဉ် ရန်သူများ ပစ်လွှတ်လိုက်သော မြှားတစ်စင်းသည် ဗာရာဏသီမင်းကို ထိမှန်၍ မင်းကြီးနတ်ရွာစံလေသည်။
ဤတွင် ဆင်ဆရာသည် ဘဏ္ဍာတိုက်အတွင်းမှ ရွှေငွေတို့ကို ထုတ်ယူစေကာ...
"" ဥစ္စာလိုသူတို့ ရန်သူကို ရွပ်ရွပ်ချွံချွံ တိုက်ကြလော့..."".ဟုဆိုပြီး ရွှေ ငွေများ ပေးလေသည်။
ရွှေငွေရသူတို့သည် အားတက်ကာ ဆင်ဆရာနှင့်အတူ ပူပေါင်း၍ တိုက်ခိုက်ရာ အောင်မြင်သွားလေသည်။ စစ်ပွဲပြီးသောအခါ မှူးမတ်တို့သည် ဆင်ဆရာကိုပင် တညီတညွတ်တည်း မင်းမြှောက်ကြလေသည်။
ထင်းခွေယောက်ျားသည် ရှေးကောင်းမှုကံမရှိသောကြောင့် ကြက်သားဟင်းနှင့် ကြံဖန်လွဲရသည်။ဘုရင်မဖြစ်။
ဆင်ဆရာကား ရှေးကောင်းမှုကံရှိသောကြောင့် ကြက်သားဟင်းကို မကြံရွယ်ဘဲ ရရှိသည်။ ဘုရားဖြစ်သွားလေသည်။
ကျမ်းကိုး..။ ငါးရာ့ငါးဆယ် သီရိဇာတ်
❆၃၈ဖြာ မင်္ဂလာပုံပြင်များ ❆
✏ မင်း ယု ဝေ
** To have done meritorious deeds in the past is the highest blessing. **
No comments:
Post a Comment