၃၈ ဖြာ မင်္ဂလာပုံပြင်များ
****************
၎. သင့်တင့်လျောက်ပတ်သော အရပ်၌နေခြင်း
*** *** *** *** *** *** *** *** ***
[[ Living at place of Advantage ]]
သင့်တင့်လျောက်ပတ်သော အရပ်၌နေခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
တစ်ခါသော် ဘီလုံးငှက်တစ်ကောင်သည် မိမိနေထိုင်ကျက်စားရာ လယ်ကွင်းပြင်မှလွန်၍ တခြားအရပ်သို့ သွားရောက်ကျက်စားသည်။ ထိုစဉ် သိမ်းငှက်တစ်ကောင်သည် ဘီလုံးငှက်ကို တွေ့မြင်ကာ ထိုးသုတ်သွားလေသည်။ ဘီလုံးငှက်သည် သိမ်းငှက်လက်တွင် ပါသွားစဉ် --
"" ငါ့အရပ်မဟုတ်၍ သိမ်းငှက်၏ ထိုးသုတ်ခြင်းကို ခံရသည်။ ငါ့အရပ်ဖြစ်ပါမူ သိမ်းငှက်သည် ထိုးသုတ်နိုင်မည်မဟုတ်.. "" ဟူ၍ မြည်တမ်းငိုကြွေးသည်။
ထိုအခါ သိမ်းငှက်က မခံချင်။ မိမိသည် အရွယ်တစ်တောင်ကျော် ရှိသည်။ ဘီလုံးငှက်ကား လက်တစ်ဝါးခန့်သာ ရှိသည်။ မိမိကဲ့သို့ ခွန်အားကြီးသောသူကို မနိုင်နိုင်ဟု ခံယူထားသည်။
ထို့ကြောင့်.... "" ဟယ်.. ဘီလုံးငှက် ၊ သင်၏အရပ်ကား အဘယ်နည်း။ "" ဟု မေးမြန်လေသည်တွင်
ဘီလုံးငှက်က "" ငါ၏အရပ်ကား ထွန်စာခဲရှိရာ လယ်ကွင်းပြင်တည်း.."" ဟူ၍ အားမာန်အပြည့်ဖြင့် ပြန်ဖြေလေသည်။
သိမ်းငှက်က.."" သင်၏အရပ်၌ ရှိသော်လည်း ငါကဲ့သို့သော ကြီးမား၍ ခွန်အားရှိသူကို သင်အန်တုနိုင်မည်လော... ။ ငါ့လက်က သင်လွတ်နိုင်မည်လော.. "" ဟု မေး၏။
ဘီလုံးငှက်ကလည်း.. "" အန်တုနိုင်ပါသည်။ လွတ်နိုင်ပါသည်.."" ဟု ရဲဝံ့စွာ ပြန်ပြောကြားလေသည်။
"" ကောင်းပြီ၊ ဤသို့ဆိုလျှင် သင့်ကိုယခု ငါ လွှတ်လိုက်မည်။ သင့်အရပ်သို့ သွား၍ ငါ့ကိုခုခံလော.."" ဟု ဆိုပြီး ဘီလုံးငှက်အား လွှတ်ပေးလိုက်သည်။
ဘီလုံးငှက်သည် မိမိကျက်စားရာ လယ်ကွင်းပြင်သို့ ၀မ်းမြောက်ဝမ်းသာ ပြန်သွားသည်။ ရောက်သော်.. မြေစိုင်ခဲကြီး တစ်ခုပေါ်ရပ်၍.....
"" အို... သိမ်းငှက်ကြီး အသက်စွမ်းလျှင် လာလော့ ""
သိမ်းငှက်ကလည်း "" ဟယ် ဘီလုံးငှက် ငါ့လက်မှသင်လွတ်နိုင်မည်လော... "" ဟူ၍ ကြုံးဝါးကာ လျှင်မြန်စွာ ပျံသန်းလာသည်။ အနီးသို့ ရောက်သည်နှင့် တပြိုင်နက် အရှိန်ပြင်းစွာဖြင့် ပျံဆင်း၍ ဘီလုံးငှက်ကို ထိုးသုတ်လိုက်သည်။
ဤတွင် ဘီလုံးငှက်သည် မြေစိုင်ခဲကြီးပေါ်မှ ရုတ်တရက်ဆင်း၍ မြေစိုင်ခဲအောက်အကြားသို့ ၀င်နေလိုက်လေသည်။ ထိုအခါ သိမ်းငှက်သည် ဘီလုံးငှက်ကို မသုတ်မိ..။ အရှိန်လည်းမသတ်နိုင်..။ မြေစိုင်ခဲကို ရင်ဖြင့်တိုက်မိသွားသည်။
တစ်ခဏအတွင်းမှာပင် ရင်ကွဲ၍သေဆုံးသွားလေသည်။ ဘီလုံးငှက်သည် မြေစိုင်ခဲအကြားမှ ထွက်လာပြီးလျှင် သိမ်းငှက်သေ၏ ကိုယ်ပေါ်၌ နားလျှက်...
"" ငါသည် သင့်တင့်လျောက်ပတ်သော အရပ်ကို အမှီပြုသောကြောင့် အင်အားကြီးမားသူကိုပင် အနိုင်ရလေသည်..."" ဟူ၍ ဆိုလေသတည်း။
❆၃၈ဖြာ မင်္ဂလာပုံပြင်များ ❆
✏ မင်း ယု ဝေ
No comments:
Post a Comment