ငရဲကြီးရှစ်ထပ်အကြောင်းတစ်စေ့တစ်စောင်း
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
ဤကမ္ဘာမြေကြီးသည်
"သိလာ,ပံသု၊မြေနှစ်ခု၊ အထုထက်ဝက်ဝေ"
ဟုဆိုသည့်အတိုင်း
သိလာမြေခေါ် ကျောက်မြေကြီးကား
ယူဇနာ(၁၂၀,၀၀၀) နှင့် ပံသုမြေသားမြေကြီးကားယူဇနာပေါင်း (၁၂၀,၀၀၀) အားဖြင့် စုစုပေါင်း (၂၄၀,၀၀၀) အထုရှိ၏။
ကမ္ဘာမြေပေါ်မှ အောက်ယူဇနာ (၁၅,၀၀၀) မှစ၍ အဆင့်ဆင့် (၁၅,၀၀၀)စီအကွာတို့၌
ငရဲကြီးရှစ်ထပ်ရှိ၏။
၎င်းတို့မှာ
(၁)- သဉ္ဇိုဝ်းငရဲ
(၂)- ကာလသုတ်ငရဲ
(၃)-သင်္ဃာတငရဲ
(၄)- ရောရုဝငရဲ
(၅)- မဟာရောရုဝငရဲ
(၆)- တာပနငရဲ
(၇)- မဟာတာပနငရဲ နှင့်
(၈)- အဝီစိငရဲကြီးဟူ၍ ဖြစ်၏။
ငရဲကြီး(၈)ထပ်တို့၏ အသက်အပိုင်းအခြားကို ပြရလျှင်
(၁) စတုမဟာရာဇ်နတ်တို့၏ အသက်
အနှစ်ကိုးသန်းသည် သိဉ္ဇိုဝ်းငရဲ၏ တစ်ရက်စာနှင့်ညီ၏။ ထိုရက်ပေါင်း(၃၆၀) သည် တစ်နှစ်အားဖြင့် အနှစ်ငါးရာသည် သဉ္ဇိုဝ်းငရဲ၏ အသက်ပင်တည်း။
(၂) တာဝတိံသာနတ်တို့၏အသက်
သုံးကုဋေခြောက်သန်းသည်
ကာလသုတ်ငရဲ၌ တစ်ရက်စာသာလျှင် ရှိ၏။
ထိုရက်ပေါင်း (၃၆၀) သည်တစ်နှစ်အားဖြင့်
နှစ်ပေါင်း တစ်ထောင်သည်
ကာလသုတ်ငရဲ၏သက်တမ်းပင်ဖြစ်၏။
(၃) ယာမာနတ်တို့၏အသက်
တစ်ဆယ့်လေးကုဋေနှင့်လေးသန်းသည်
သင်္ဃာတငရဲ၌ တစ်ရက်စာသာရှိ၏။
ထိုသို့ရက်ပေါင်း(၃၆၀) သည်
တစ်နှစ်အားဖြင့် နှစ်ပေါင်းနှစ်ထောင်သည်
သင်္ဃာတငရဲ၏သက်တမ်းပင်။
(၄) တုသိတာနတ်တို့၏အသက်
ငါးဆယ့်ခုနစ်ကုဋေနှင့်ခြောက်သန်းသည်
ရောရုဝငရဲ၌တစ်ရက်စာသာရှိ၏။
ထိုသို့ရက်ပေါင်း (၃၆၀) သည်တစ်နှစ်အားဖြင့်
နှစ်ပေါင်းလေးထာင်သည်
ရောရုဝငရဲ၏ အသက်ပင်ဖြစ်၏။
(၅) နိမ္မာနရတိနတ်တို့၏အသက်
ကုဋေနှစ်ရာ့သုံးဆယ့်လေးသန်းသည်
မဟာရောရုဝငရဲ၌ တစ်ရက်စာသာရှိ၏။
ထိုသို့ရက်ပေါင်း (၃၆၀) သည်တစ်နှစ်အားဖြင့် အနှစ်ရှစ်ထောင်သည် မဟာရောရုဝငရဲ၏ သက်တမ်းပင်။
(၆) ပရနိမ္မိတဝသဝတ္တီနတ်တို့၏အသက်
ကုဋေကိုးရာနှစ်ဆယ့်တစ်ကုဋေနှင့်ခြောက်သန်းသည်
တာပနငရဲ၌ တစ်ရက်စာသာရှိ၏။
ထိုသို့ရက်ပေါင်း(၃၆၀)သည် တစ်နှစ်အားဖြင့်
နှစ်ပေါင်း တစ်သောင်းခြောက်ထောင်သည်
တာပနငရဲ၏ သက်တမ်းပင်ဖြစ်၏။
(၇) မဟာတာပနငရဲကား အန္တရကပ်တစ်ဝက်စာကြာ၏။
(၈) မဟာအဝီစိငရဲကား အန္တရကပ်တစ်ကပ်စာကြာလေ၏။
အန္တရကပ်ဟူသည် လူတို့၏သက်တမ်း ဆယ်နှစ်ကာလမှစ၍ အစဉ်အားဖြင့်တက်သွားသည်ရှိသော် အသင်္ချေယျတမ်းထိရောက်၍ ထိုအသင်္ချေယျတမ်းမှ အနှစ်တရာလျှင်တစ်နှစ်နှုံးပြန်ဆုတ်ခြင်းအားဖြင့် ဆယ်နှစ်တမ်းသို့ပြန်ရောက်လာပြီးသည်အထိကြာသော ကာလတစ်ခုကို အန္တရကပ်တစ်ခုဟုခေါ်၏။
ငရဲကြီးရှစ်ထပ်လုံးသည် သံမိုး၊သံမြေ၊သံတံတိုင်းတို့ဖြင့် အုပ်ဖုံးခင်းရံလျက် လုံခြုံစွာဂဟေဆော်ထား
သော လေးထောင့်စပ်စပ် သံသေတ္တာကြီး(၈)လုံးနှင့်အလားတူ၏။ အတွင်း၌ ယူဇနာတရာစီကျယ်၏။
လေးမျက်နှာ၌လည်း သံတံခါးတစ်ပေါက်စီရှိ၏။ အရှေ့နံရံမှထတောက်သောမီးသည် အနောက်နံရံသို့စွဲဝင်၏။
အနောက်နံရံမှမီးတောက်သည် အရှေ့နံရံထိ၊ မြောက်မီးလျှံတောင်, တောင်မီးလျှံမြောက်, အောက်ကမီးလျှံသည်အထက်, အထက်ကမီးလျှံသည်အောက်နံရံထိ အပြန်အလှန်အားဖြင့် စွဲလောင်၏။
တံတိုင်းအမိုးတို့မှ အပြင်ဘက်သို့ ယူဇနာတစ်ရာတိုင်တိုင် မီးလျှံတို့ဖြာထွက်ကုန်၏။
☠️ငရဲမီးပူပြင်းပုံကို ဥပမာထုတ်ပြရလျှင်- ဘုရားရှင်မရှိသည့်နောက်ပိုင်း၌ မလယမထေရ်သည် "
ငရဲမီးဘယ်လောက်ပူပြင်းပါသလဲ သိလိုပါသည်" ဟု ဆရာမထေရ်ကိုလျှောက်သော် ဆရာမထေရ်က
အရည်အစေးအလွန်အားကြီးသော ထင်းစိုလှည်းတစ်စီးတိုက်စာကို ကျောက်ဖျာပေါ်မှာစုပုံစေ၍ မီးတိုက်စေ၏။
မလောင်နိုင်ပဲရှိနေရာ အဝီစိငရဲမှ နှမ်းစေ့ခန့်မီးခဲမှုန်လေးကို တန်ခိုးဖြင့်ယူ၍ လက်ဝါးပေါ်မှာ"
မြင်ရဲ့လား" ဟုပြကာ ထင်းစိုပုံထဲသို့ချလိုက်သော် မျက်တောင်တခတ်အတွင်းမှာပင် ထင်းစိုလှည်းတစ်စီးတိုက်လုံး အကုန်ပြာကျသွား၏။
ထိုမျှလောက်ပူပြင်းသော်လည်း ငရဲသားတို့မှာ ကံမကုန်မချင်း မသေရပဲ ခံကြရ၏။
ငရဲကြီးတစ်ခုစီ၏ အရပ်ရှစ်မျက်နှာ၌ ယူဇနာတစ်ရာစီရှိကြသော ဥဿဒငရဲငယ် (၄)မျိုးလည်းရှိသေး၏။
ပထမဆုံးကား ဘင်ပုပ်ငရဲဖြစ်၍ မစင်ဘင်ပုပ်ဖြင့် ပြည့်နေ၏။
အပ်သွားကဲ့သို့ထက်လှစွာသော
နှုတ်သီးရှိသော ပိုးလောက်တို့သည် ဆင်၏လည်ပင်းခန့်ရှိ၏။
ပိန်းကောလှေခန့်ရှိ၏။ ငရဲကြီးမှလွတ်လာသော ငရဲသားတို့ကို ကိုက်ဖြတ်စားကုန်၏။
ဘင်ပုပ်ငရဲအပြင်ဘက်ကား ပြာပူငရဲရှိ၏။ ထိုငရဲမှတဖန်လွတ်ရပြန်လျှင် လက်ပန်တောငရဲသို့ရောက်ရကုန်၏။
ငရဲထိန်းတို့ ပုတ်ခတ်လေသဖြင့် ငရဲသားတို့သည် လက်ပန်ပင်သို့တက်ကြကုန်၏။
ငရဲသားတို့
တက်သောအခါ လက်ပန်ဆူးတို့သည် အောက်သို့အဖျားညွှတ်၍ ငရဲသားတို့ကို စူးကုန်၏။ အောက်သို့ပြန်ဆင်းသောအခါ အပေါ်သို့ အဖျားပြန်ညွတ်ကုန်၏။
💀ထိုလက်ပန်တော အပြင်ဘက်၌ ဝေတ္တရဏီအမည်ရှိသော ကြိမ်ပိုက်ချောင်းငရဲရှိ၏။ သတ္တဝါတို့ကို မှုန့်မှုန့်ညက်ညက်ကြေစေသော ရေရှိ၏။
ထိုဝေတ္တရဏီချောင်း၌ ငရဲထိန်းတို့သည် ရဲရဲတောက်သော သံလှင်တံ ခက်ရင်းတို့ဖြင့် ထိုးခုတ်ရိုက်နှက်ကြကုန်၏။
ထိုချောင်းနား ကမ်းနှစ်ဖက်တို့၌ ကြိမ်နွယ်တို့ဖြင့် ဖုံးလွှမ်းကုန်၏။ ရဲရဲငြီးနေသော ကြိမ်နွယ်သမန်းမြက်တို့ စူးရှကုန်သည်ဖြစ်၍ ကြာမြင့်စွာ ဆင်းရဲကို ခံရကုန်၏။
ကြာရွက်တို့၏ အပိုင်းပိုင်းဖြတ်ခြင်းကိုလည်း ခံရကုန်၏။ ရေတို့သည်လည်း ရဲရဲတောက်လောင်နေ၏။
ဤသို့အားဖြင့် ငရဲတို့၏ ဆင်းရဲဒုက္ခကို ပြောပြ၍မကုန်နိုင်ပေရာ။ ရာဇဂြိုဟ်မြို့အနီးမှာပင် သူဌေးသားလေးယောက်တို့ ဒု-သ-န-သော ဟုဟစ်အော်၍ ခံနေရသော လောဟာကုမ္ဘီဆိုသည့် သံရည်ပူအိုးငရဲကြီးရှိလေ၏။
ရာဇဂြိုဟ်ရှိ တပေါဒါမြစ်သည် လောဟာကုမ္ဘီငရဲနှစ်ခုကြားမှ စီးဆင်းလာသည်ဟု ဆို၏။
ငရဲငယ်တွေကား လူ့ပြည်အနီးအနားတွင်ပင် များစွာရှိကြ၏။ စကြာဝဠာသုံးခုဆုံရာနေရာတွင်လည်း စကြာဝဠာတံတိုင်းများကြောင့် နေရောင်မရနိုင်ပဲ အလွန်အေးလှသည့် လောကန္တရိက်ငရဲများလည်း ရှိကြသေး၏။
ယမမင်းဆိုသူများမှာ ဝေမာနိက ပြိတ္တာမင်းမျိုးဖြစ်ကုန်၍ ငရဲသူ ငရဲသားတို့ကို ကယ်ဆယ်ခြင်းငှာ
အရံငရဲငယ်တို့၌ ရုံးထိုင်ကြ၏။
တစ်ခါတစ်ရံ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခကို ခံရသေး၏။
ဤယမမင်းကြီးတို့သည် စိတ်ကောင်းရှိကြ၍ ငရဲသူ ငရဲသားတို့ကို အတတ်နိုင်ဆုံး လွတ်မြောက်နိုင်စေရန် ကူညီဖို့ ကြောင့်ကြစိုက်ကြ၏။
သူတို့ရှေ့ရောက်လာသူတို့၏ ကုသိုလ်ကောင်းမှုတို့ကို စဉ်းစားသတိပေးဖော်ရ၏။
ထို့ကြောင့် လူ့ပြည်ရှိ လူအပေါင်းတို့သည် ကုသိုလ်ကောင်းမှုတို့ကို အမျှဝေကြသောအခါ ဤယမမင်းတို့ကိုလည်း အမျှဝေပေးပါက ကံအကြောင်းမလှ၍ သူတို့ဆီရောက်ခဲ့ရလျှင် ကုသိုလ်ကောင်းမှုတို့ကို သတိပေး၍ ငရဲမှလွတ်စေရန် အကူအညီပေးနိုင်ပေလိမ့်မည်။
ငရဲထိန်းဆိုသူတို့ကား ပဋိသန္ဓေအားဖြင့် စာတုမဟာရာဇ်အပါအဝင်ဖြစ်ကြကုန်သော အလွန်ကြမ်းကြုတ်သောအလေ့ရှိကြသည့် ဘီလူးမျိုး ရက္ခိုသ်မျိုးများဖြစ်ကြကုန်၏။
🐢အချုပ်အားဖြင့် ဆိုရလျှင် အပါယ်ငရဲသို့တစ်ကြိမ်ရောက်သွားသူကား လူ့ပြည် လူ့ဘဝသို့တဖန် ပြန်ရောက်လာဖို့ရာ အလွန်ခဲယဉ်းလှပေ၏။
ဥပမာထုတ်ပြရလျှင် အလွန်ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာ၌ လိပ်ဦးခေါင်းစွပ်လောက်ရုံ အပေါက်တစ်ပေါက်သာပါသော ထမ်းပိုးတုံးတစ်ခုကိုပစ်ချထားရာ၏။
ထိုထမ်းပိုးသည် အမှတ်မရှိသော လေတို့တိုက်၍ မျောချင်ရာမျောနေပေ၏။ ထိုသမုဒ္ဒရာ၌လည်း အနှစ်တရာတွင်မှ တစ်ကြိမ်သာ ရေပေါ်တက်လာသော လိပ်ကန်းကြီးတစ်ကောင်သည်လည်း ရှိရာ၏။
ထိုမျောချင်ရာမျောနေသော တစ်ပေါက်တည်းသာပါသည့် ထမ်းပိုးတုံးနှင့် အနှစ်တစ်ရာမှတစ်ကြိမ်ပေါ်သည့် လိပ်ကန်းကြီး၏ ဦးခေါင်းနှင့်စွပ်နိုင်သော အကြောင်းအရာသည် မဖြစ်နိုင်လောက်အောင်ပင် အလွန်ခဲယဉ်းကြာညောင်းလှပေ၏။
အပါယ်ငရဲသို့ရောက်သွားသောသူတစ်ယောက် လူ့ဘဝပြန်ရောက်ဖို့ကား ထို့ထက်ပင်ခက်ခဲလှပေ၏။
ထို့ကြောင့် အပါယ်ငရဲကျရောက်ခြင်းမှ ကင်းလွတ်စေနိုင်သော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်အမှုတို့ကို မေ့မေ့လျော့လျော့မနေသင့်ပဲ အမှတ်ရတိုင်း ကြိုးစားအားထုတ်သင့်ကြပေသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေသော်
၁: မဟာဝဂ္ဂသံယုတ်ပါဠိတော်၊ သစ္စသံယုတ်၊ပပါတဝဂ်၊ ပထမဆိဂ္ဂဠယုဂသုတ်။
၂: ဥပရိပဏ္ဏာသပါဠိတော်၊ သုညတဝဂ်၊ ဒေဝဒူတသုတ်။
၃: သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ဗြဟ္မသံယုတ်ပထမဝဂ်၊ ကောကာလိကသုတ်
၄: ပါရာဇိကဏ်ပါဠိတော်၊ နှာ-၁၄၉
၁- ပုစ္ဆာပကိဏ္ဏကကျမ်း၊ လုံးတော်ဆရာတော်
၂- ပရမတ္ထသံခိပ်ကျမ်း၊ လယ်တီဆရာတော်
၃- ပဏ္ဍိတဝေဒနိယဒီပနီကျမ်း၊ သေက္ချတောင်ဆရာတော်ဦးတိလောက
၄- သဂြိုဟ်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ
...credit
No comments:
Post a Comment