ကိုယ်တိုင် လုပ်မကြည့်သေးတော့လည်း
မယုံသေးဘူးပေါ့..
——————————————————
(မဟာစည်ဆရာတော်ဘုရားကြီး)
ဘုန်းကြီးတို့လည်း အစကမယုံဘူး
******************************
ဒါပေမယ့်
အားမထုတ်ရသေးလို့ မယုံတဲ့သူကိုတော့
ဘုန်းကြီးတို့က အပြစ်မတင်ပါဘူး။
ဘာကြောင့်တုန်းဆိုတော့
သူကမှ ကိုယ်တိုင် မတွေ့ရသေးဘဲဟာကို၊
မတွေတော့ မယုံဘဲလဲရှိပေမှာပေါ့၊
ပွင့်ပွင့် လင်းလင်းပြောရရင်
ဘုန်းကြီးတို့ ကိုယ်တိုင်လဲ
အစက မယုံခဲ့ပါဘူး။
သထုံမြို့မှာ မင်းကွန်း
ဇေတဝန် ဆရာတော်ဘုရားကြီးက
ဒီသတိပဋ္ဌာန် ကမ္မဋ္ဌာန်းဟောကြား
ညွှန်ပြနေတယ်ဆိုတာကို
ဘုန်းကြီးရဟန်း ရှစ်ဝါ
(၁၂၉၃-ခုနှစ်)တုန်းက ကြားသိရပါတယ်။
အဲဒီတုန်းက
ဘုန်းကြီး စဉ်းစားဝေဖန်
ကြည့်ခဲ့ပါတယ်၊
သွားလျှင် သွားတယ်လို့
မှတ်ရ မယ်ဆိုပါကော၊
ရပ်လျှင်လဲ ရပ်တယ်၊
ထိုင်လျှင်လဲ ထိုင်တယ်၊
အိပ်လျှင်လဲ အိပ်တယ်လို့
မှတ်ရမယ်ဆိုပါကော၊
ကွေးလျှင်လဲ ကွေးတယ်၊
ဆန့် လျှင်လဲဆန့်တယ်၊
စားလျှင်လဲစားတယ်လို့
မှတ်ရမယ်ဆိုပါကော၊
ရုပ်တရားနာမ်တရားဆိုတဲ့
သဘာဝဓမ္မအမည်လဲ မပါဘူး၊
အနိစ္စ၊ဒုက္ခ၊အနတ္တ ဆိုတာတွေလဲမပါဘူး၊
တော်တော်ဆန်းတာပဲလို့ ဝေဖန်ပြီးတော့
မယုံကြည်ဘဲရှိနေခဲ့ပါတယ်။
သို့ပေမယ့် နောက်ထပ်လဲ စဉ်းစားဆင်ခြင်
မိပြန်တယ်၊
“တရားအားထုတ်ပုံက ဆန်းတော့ဆန်းတာပဲ၊
ဒါပေမယ့် ဒီဆရာတော်ကြီးဟာ
စာတတ်ပေတတ်ပဲ၊
သူကိုယ်တိုင် ကျကျနန အားထုတ်ပြီးမှ
ဟောတာဆိုတော့
ဟုတ်ချင်လဲဟုတ်ပေလိမ့်မယ်၊
အဲဒီတော့ စမ်းကြည့်ပြီး
ဆုံးဖြတ်မှတော်မယ်”လို့ အကြံရလာခဲ့တယ်။
ဒါနဲ့ ဘုန်းကြီးက အစမ်းသဘောနဲ့
အဲဒီဆရာတော်ဘုရားကြီးထံမှာ
ကပ်ရောက်ပြီး အားထုတ်ခဲ့ပါတယ်။
ကိုယ်တိုင်အားထုတ်ကြည့်တဲ့အခါ
*********************************
အဲဒီလို
အားထုတ်ကြည့်တဲ့အခါမှာလဲ
အရက်(၂၀)ကျော် တစ်လလောက်
အတွင်းမှာတော့ ဘုန်းကြီးက
တရားအကြောင်း သဘော မပေါက်သေးပါဘူး၊
ဘယ်သဘောပေါက်မှာလဲ ကောင်းကောင်းမှ
အားမထုတ်သေးပဲဟာကို။
ယခု ဘုန်းကြီးများထံမှာ
လာပြီးအားထုတ်ကြတဲ့ ဒကာ၊
ဒကာမတွေဟာ
အချို့က ဘာမှ ဗဟုသုတ မရှိရှာကြပါဘူး။
ဒါပေမယ့် သူတို့မှာ အားထုတ်လို့
လေးငါးခြောက်ရက်လောက်ဆိုရင်
သမာဓိဉာဏ် တွေ အတော်တက်ကုန်ပြီ၊
ရုပ်နာမ်သဘောတွေ၊
အဖြစ်အပျက် အနိစ္စ၊ဒုက္ခ၊အနတ္တ
သဘောတွေကို
သူတို့ တော်တော် သိကုန်ပြီ။
ဘုန်းကြီးမှာဖြင့်
အဲဒီအားထုတ်ခါစတုန်းက
ဒီလို လေးငါးခြောက်ရက် မပြောနဲ့
တစ်လလောက်ကြာတာတောင်
ဘာမှ ဉာဏ်က မတက်သေးဘူး၊
သုညကပဲ ရှိသေးတယ်၊
ဘာကြောင့်တုန်းဆိုရင်
ကောင်းကောင်းမယုံလို့၊
ကောင်းကောင်း အားမထုတ်လို့ ပါပဲ။
မယုံတာက
ယုံမှားမှု ဝိစိကိစ္ဆာ နီဝရဏပဲ၊
သူက ဝိပဿနာဉာဏ်ပညာမဖြစ်နိုင်အောင်၊
မဂ်ဖိုလ်ကိုမရောက်နိုင်အောင်
တားမြစ်တတ်ပါတယ်၊
အဲဒါကို ပယ်ရှားနိုင်ဖို့ရာ
အလွန်အရေးကြီးပါတယ်။
ဘုန်းကြီးမှာတော့
အဲဒီတုန်းက ယုံမှားမှုကို
အကောင်းထင်နေလို့ လျှောက်ပြီး
တွေးတောနေခဲ့ပါတယ်၊
သွားတယ်၊ကွေးတယ်၊ဆန့်တယ်-
ဒီလို မှတ်နေရတာတွေက ပညတ်တွေပဲ၊
အထည်ဒြပ် ပညတ်တွေကို ရှုနေတာပဲ၊
ပရမတ်ကို မရောက်သေးပါဘူး၊
ဒါတွေကိုမှတ်ဖို့ ဆရာတော်ကြီးက
ပေးထားတာဟာ အခြေခံအနေနဲ့
ပေးထားတာဖြစ်မှာပဲ၊
နောက်ကျတော့မှ
ရုပ်တွေ၊နာမ်တွေ
အသေးစိတ်ခွဲပြဦးမှာနဲ့ တူတယ်
စသည်ဖြင့် မျှော်တွေး
စဉ်းစားနေခဲ့ပါတယ်။
ကောင်းကောင်းလဲ
အားမထုတ်ခဲ့ပါဘူး၊
ဒါကြောင့် အရက်(၂၀)ကျော်
တစ်လလောက်ကြာပေမယ်လို့
ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ဖူး၊
နောက်ကျမှ
အားထုတ်ရင်း၊ အားထုတ်ရင်းနဲ့
အလိုလိုသဘော ပေါက်လာတယ်။
“အင်း-သွားတယ်၊
ကွေးတယ်၊ဆန့်တယ် စသည်ဖြင့်
ကိုယ်အမူရာ၊စိတ်အမူရာတွေကို
ဖြစ်တိုင်းဖြစ်တိုင်း လိုက်မှတ်နေတာဟာ
အစအခြေခံတွင် မဟုတ်ဘူး၊
အစလဲဟုတ်တယ်၊
အလယ်လဲ ဟုတ်တယ်၊
အဆုံးထိလဲ ဟုတ်တယ်၊
သိစရာတွေ အားလုံးကုန်နေပြီ၊
ဘာမျှမကြံတော့ဘူး။
ဒါကြောင့်
မြတ်စွာဘုရားက ဒီသတိပဋ္ဌာန်ကို
“ဧကာယနော မဂ္ဂါ-တစ်ခုတည်းသောလမ်း၊
တစ်ကြောင်းတည်းသောလမ်းလို့
ဟောထားပေတာပဲ”လို့
သဘောပေါက်လာပါတယ်။
သမာဓိဉာဏ်ရင့်လာတော့
**************************
အားထုတ်ခါစမှာတော့
သွားတယ်၊ ကြွတယ်၊လှမ်းတယ်၊ချတယ်၊
ကွေးတယ်၊ဆန့် တယ်စသည်ဖြင့်
ဒီလိုအကြမ်းစားအတိုင်းသာ
ရှုမှတ် နေရပါတယ်။
နောက်သမာဓိဉာဏ်ရင့်လာတော့
ဒွါရခြောက်ပါးက
ပေါ်တိုင်း ပေါ်တိုင်းသော
ရုပ်နာမ်တွေကို အကုန်လုံး သိလာပါတယ်၊
စိတ်ကလေးတွေများ
တစ်ခုပြီးတစ်ခု ကုန်ကုန် ပျောက်ပျောက်
သွားလိုက်တာဟာ
ပုတီးစေ့ကလေးတွေ တစ်စေ့ပြီးတစ်စေ့
ကျကျ သွားသလိုပဲ
ထင်ထင်ရှားရှား သိရပါတယ်။
အာရုံ တစ်ခုခုက ပေါ်လာလိုက်၊
အဲဒါကိုသိတဲ့ စိတ်ကလေးက ပေါ်လာလိုက်၊
အဲဒါကို ရှုမှတ်ပြီး သိတာကလေးက
ပေါ်လာလိုက်နဲ့
ရှေ့ဆင့်နောက်ဆင့် ပေါ်ပေါ်ပြီး
ပျောက်ပျောက်သွားတာကလေးတွေကို
အဆင့်ဆင့် တွေ့သိနေရတယ်။
ရှေ့က အာရုံပျောက်သွား၊
နောက်က အသိကလေး ပျောက်သွား၊
ရှေ့က အာရုံပျောက်သွား၊
နောက်ကအသိကလေးပျောက်သွားနဲ့
အာရုံရော၊အသိရော
ပျောက်ပျောက်သွားတာကလေးကို
တစ်ချို့က နှစ်ဆင့်၊နှစ်ဆင့်
တွေ့နေရတယ်။
ဒီတော့ မြဲတယ်လို့လဲ
စွဲလမ်းစရာမရှိဘူး၊အတ္တကောင်၊
ငါကောင်လို့ လဲ စွဲလမ်းစရာ မရှိတော့ဘူး၊
ဒါဟာ မြတ်စွာဘုရားဟောတော်မူတဲ့
သတိပဋ္ဌာန်လမ်းပဲ၊
တကယ့်ကို ကောင်းတဲ့လမ်းပါပဲ။
ထုတ်နှုတ်၍ ဓမ္မဒါနပြုပါသည်။
သတ္တဝါဟူသရွေ့၊တရားတွေ့၊
ချမ်းမြေ့သာယာရှိပါစေ။
+++++++++++++++++++
No comments:
Post a Comment