စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, December 1, 2023

ဒေါ်လာတစ်သန်းတန်ပန်းချီကား

ဒေါ်လာတစ်သန်းတန်ပန်းချီကား
__________🌹🌼🌹______________

လောကီအလုပ်ဖြစ်စေ, လောကုတ္တရာအလုပ်ဖြစ်စေ အလုပ်တစ်ခု အောင်မြင်ဖို့အတွက် ခဏတဖြုတ် လုပ်လို့ မရပေ၊ အချိန် ကြာမြင့်စွာ ကြိုးစားရ၏။ အချိန်ကြာမြင့်စွာ ကြိုးစားအားထုတ်ခြင်းကို "စိရကာလ ဘာဝနာ" ဟု ခေါ်သည်။

စိတ်ကလည်း ခက်၏။ ဘာပဲလုပ်လုပ် အစပိုင်းမှာတော့ စိတ်ပါလက်ပါ လုပ်၏။ ကြာတော့ ငြီးငွေ့သွား၏။ ငြီးငွေ့လျှင် " ဖြစ်မှာ မဟုတ်ပါဘူး" ဆိုပြီး နောက်ဆုတ်သွားတော့၏။ 

ယင်းသို့ နောက်ဆုတ်သွားသည့်အတွက် အလုပ်လည်း မပြီးတော့ပေ။ ထို့ကြောင့် အလုပ်တစ်ခု အောင်မြင်ဖို့အတွက် အချိန်ပေးရမည် ဖြစ်သည်။ ပန်းတို့သည် ချက်ခြင်း ပွင့်လာကြသည် မဟုတ်။ အသီးတို့သည်လည်း ချက်ခြင်း သီးလာကြသည် မဟုတ်ပေ။ ထို့ကြောင့် " လွယ်လွယ်နှင့် စပါယ် မပွင့်ဘူး" ဟု ဆိုခဲ့ကြခြင်း ဖြစ်သည်။

ပီကာဆိုနှင့် အမျိုးသမီးကြီး
---------------------------

တနေ့တွင် ပန်းချီဆရာကြီးပီကာဆိုသည် အိမ်မှ အပြင်ထွက်၍ လမ်းလျှောက်လေသည်။ အမျိုးသမီး တယောက်သည် ဆရာကြီးကို မြင်သောအခါ  အပြေးလေး လိုက်လာပြီး ဆရာကြီးကို ပန်းချီ ဆွဲခိုင်းလေ၏။

 "ဆရာကြီး ကျွန်မဟာ ဆရာကြီးရဲ့ ပန်းချီကားတွေကို အသည်းစွဲ ကြိုက်သူ တယောက်ပါ၊ ကြုံတုန်းလေး ကျွန်မကို ပန်းချီ ဆွဲပေးပါလား၊ မေတ္တာရပ်ခံပါတယ်ရှင်" ။

"အမကြီးခင်ဗျား၊ ကျွန်တော့်မှာ ပန်းချီဆွဲဖို့ ဘာမှလည်း ပါမလာဘူးခင်ဗျာ့၊ ဒါကြောင့် နောက် ကြုံတော့မှပဲ ဆွဲပေးပါ့မယ်" ။

"မဟုတ်ပါဘူး ဆရာကြီးရယ်၊ ဆရာကြီးနှင့် ဘယ်တော့မှ ပြန်ဆုံရမယ် ဆိုတာ မသေချာပါဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီး ခုပဲ ဆွဲပေးပါရှင်"။

ဆရာကြီးလည်း သူ့အိတ်ထဲက မှတ်စုစာအုပ်ကို ဆွဲထုတ်လိုက်ပြီးတော့ ပါလာသော ဘောပင်နှင့် ဆွဲလိုက်လေသည်။  
ကောက်ကြောင်းနှင့် ပုံဖော်ပြီး ရေးဆွဲပေးလိုက်လေသည်။ ပန်းချီဆွဲချိန် ၁၀ စက္ကန့်ပဲ ကြာ၏။ ပုံဆွဲပြီးသောအခါ မှတ်စုစာရွက်ကို ဆုတ်ဖြဲပြီး အမျိုးသမီးကြီးကို ပေးလိုက်လေသည်။

ဆရာကြီးသည် စာရွက်ပေးရင်း "ရော့ အစ်မကြီး၊ ဒေါ်လာသန်းချီ တန်မယ့်ပုံပဲ" ဆိုပြီး ရယ်ရယ်မောမောနဲ့ ပြောလိုက်သေး၏။

အမျိုးသမီးကြီးလည်း ဆရာကြီး ဆွဲပေးသည့် စာရွက်ကို ပန်းချီပြခန်းကို ယူသွားပြီး ပြသေလ၏။ ပန်းချီပြခန်းက ပီကာဆိုလက်ရာ အစစ်အမှန် ဖြစ်ကြောင်း သိရေသာအခါ ဒေါ်လာ တစ်သန်း ပေးလေသည်။  အမျိုးသမီးကြီးသည် " ဆရာကြီး ပြောတာ တကယ်ပါလား" ဟု အံ့အားသင့်သွားလေသည်။ 

ထို့နောက် အမျိုးသမီးကြီးသည် ဆရာကြီး၏ နေသည့် နေရာကို ရှာဖွေလေတော့သည်။ ယင်းသို့ ရှာရင်းနှင့် ဆရာကြီးကို တွေ့သွားလေတော့သည်။ ဆရာကြီးကို တွေ့သောအခါ ဝမ်းသာအားရနှင့် ပြောလေတော့၏။

"ဆရာကြီးရှင်၊  ၁၀ - စက္ကန့်နှင့် အပြီး ဆွဲပေးလိုက်တဲ့ ပန်းချီကားဟာ တကယ်ပဲ ဒေါ်လာ တသန်း တန်နေပါတယ်၊ အံ့သြစရာ ကောင်းလိုက်တာရှင်၊ ၁၀ စက္ကန့်နှင့်  ဒေါ်လာတသန်း ရှာနိုင်တယ် ဆိုတာ မလွယ်ပါဘူး၊ ဒါကြောင့် ပန်းချီပညာ တတ်ချင်ပါတယ်၊ ကျွန်မကို ပန်းချီပညာတွေ သင်ပေးပါလားရှင့်" ။

 "အမကြီး၊ ကျွန်တော် ၁၀ စက္ကန့်နဲ့ ဆွဲပေးလိုက်တဲ့ ပန်းချီကားဟာ ဒေါ်လာ တသန်းတန်ဖို့ ကျွန်တော့် ဘဝကိုနှစ်ပေါင်း ၃၀ လောက် ရင်းနှီး မြှုပ်နှံခဲ့ရတယ်၊ အခက် အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်၊ နှစ် ၃၀ လောက် ရင်းပြီးမှ ၁၀ စက္ကန့်ကို ဒေါ်လာသန်းချီ တန်သွားတာပါ။ အမကြီး ဘယ်နှစ်နှစ်လောက် အချိန်ပေးနိုင်မလဲ" ။

ဆရာကြီးက မေးသောအခါ အမျိုးသမီးကြီးသည် စကားတခွန်းမှ မပြောနိုင်တော့ပေ။ အံ့အားသင့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားလေတော့၏။

ကြိုးစားမှအောင်မြင်မယ်
----------------------

မည်သည့်နယ်ပယ်မှာ ဖြစ်ဖြစ် အောင်မြင်မှု ရဖို့အတွက် ကြိုးစားအားထုတ်ရစမြဲပင် ဖြစ်သည်။ စစ်မှန်သော အောင်မြင်မှုတွင် ဖြတ်လမ်းဆိုသည်မှာ မရှိပါ။ ထို့ကြောင့် ခိုင်မာသော စိတ်ဓာတ်ဖြင့် ပုံမှန် ကြိုးစားဖို့ လို၏။

" အနာခံမှ အသာစံရမည်" ဆိုသည့်အတိုင်း အောင်မြင်ဖို့အတွက် ကြိုးစားရစမြဲ ဖြစ်သည်။ ထို့ကြောင့် ဘာပဲလုပ်လုပ် "ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်" ဆိုသကဲ့သို့ နောက်မဆုတ်တမ်း ကြိုးစားရမည် ဖြစ်၏။ ယင်းသို့ ကြိုးစားမှလည်း အောင်မြင်မှု ရရှိမည် ဖြစ်ပါပေ၏။

သံကောင်းသည့်ဓား၊ ဖြစ်တုံငြားလည်း၊ 
ကျောက်သားထက်တွင်၊ မပြုပြင်က၊
သံပင်ကောင်းလျှက်၊ ဓားမထက်နိုင်။

ဉာဏ်စွမ်းဉာဏ်ဆ၊ ရှိတုံကလည်း 
လုံ့လနတ္ထိ၊ ဇွဲမရှိက၊ လိုရာခရီး၊
အချည်းနှီးတည်း။

သီဟမည်ခေါ်၊ ခြင်္သေ့သော်လည်း၊ 
အိပ်ပျော်၍သာ၊ နေခဲ့ပါမူ ၊
ဘယ်မှာစားဖွယ်၊ ခံတွင်းလယ်သို့၊
သားငယ်သမင်၊ ဝင်လာအံ့နည်း။ 
(မန်လည်ဆရာတော်)

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment