ချမ်းသာကြောင်းအကျင့်
________🌼🌷🌼_______
ဘဝဟာ ပင်လယ်နှင့် တူတယ်။ လောကဓံဟာ မုန်တိုင်းနှင့် တူတယ်။ လူသားတွေဟာ လှေသမားနှင့် တူတယ်။ ကျွမ်းကျင်တဲ့ လှေသမားဟာ မုန်းတိုင်းနှင့် တွေ့ပေမဲ့ လှေမမြုပ်အောင် လှော်ခတ်သွားတယ်။ ဒီလိုပဲဉာဏ်ရှိသူတွေဟာလည်း ဘယ်လိုလောကဓံနှင့် တွေ့တွေ့ လိုရာခရီးကို အရောက်ချီတက် သွားကြတယ်။
လိုရာခရီးကို အရောက်ချီတက်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို ထိန်းကျောင်းရမယ်။ ကိုယ့်ကိုယ်ကို ထိန်းကျောင်းနိုင်ဖို့အတွက် ရှောင်ရန် ဆောင်ရန်တွေကို သိဖို့ လိုတယ်။ ဒါမှ အဆင်ပြေပြေ လျှောက်လှမ်းနိုင်မှာ မဟုတ်လား။
#သူတပါးကို မနှိမ်မိစေနဲ့
--------------------
လောကကြီးမှာ ကိုယ်ချင်းစာတရားဟာ အရေးကြီးတယ်။ ကိုယ်ချင်းစာတရား မရှိရင် သူတပါးကို နှိမ်တတ်တယ်။ တကယ်တော့ နှိမ်တယ်ဆိုတာ သူတပါးကို မထီမဲ့မြင် လုပ်လိုက်တာပဲ။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်မှ သူတပါးကို မနှိမ်ရဘူး။
သူတပါးကို နှိမ်တဲ့သူဟာ ဖြစ်လေရာ ဘဝတိုင်းမှာ မြေနိမ့်ရာ လှံစိုက်ခံရတတ်တယ်။ အရှင်စူဠပန် ဉာဏ်ထိုင်းရခြင်းဟာ သူတပါးကို နှိမ်ခဲ့လို့ပဲ။ ဒါကြောင့် ဘယ်သူ့ကိုပဲဖြစ်ဖြစ် လေးလေးစားစား ဆက်ဆံ၊ အဲဒါ အကောင်းဆုံးပဲ။
#ဆန္ဒ သိပ်မစောပါနဲ့
----------------------
လပြည့်နေ့ဖြစ်ပေမဲ့ မိုးတိမ်ရှိနေရင် မှောင်မှာပဲ။ မှောင်နေလို့ဆိုပြီး လမင်းကို " မြန်မြန်လင်းပါ" လို့ အတင်းအကျပ် လင်းခိုင်းလို့ မရဘူး။ မိုးတိမ်ကင်းမှ လမင်းက လင်းမှာ မဟုတ်လား။
ဘဝမှာလည်း အလောတကြီး ဖြစ်ချင်လို့ မရဘူး။ ကံဉာဏ် ဝီရိယ အကြောင်းသုံးပါး ပြည့်စုံမှ ကိုယ်ဖြစ်ချင်တာ ဖြစ်မှာ မဟုတ်လား။ အရေးကြီးတာက ရပ်မနေဖို့ပါပဲ။ ဒါကြောင့် ဘာပဲလုပ်လုပ် ပုံမှန်လေး ကြိုးစား၊ အဲဒါ အကောင်းဆုံးပဲ။
#ငါးကြီးကြီး ရချင်ရင် ပင်လယ်ထဲသွားပါ
------------------------------
ရွှေဆိုတာ အပူပေးမှ " လှပတဲ့ လက်ဝတ် ရတနာလေး" ဖြစ်လာတာပါ။ ကျောက်တုံးဆိုတာလည်း ကျောက်ဆစ်ဆရာက နာနာ ထုဆစ်ပေးမှ " လှပတဲ့ ရုပ်တုလေး " ဖြစ်လာတာပါ။
ဘဝဆိုတာလည်း ဒုက္ခနှင့်ရင်းမှ သုခရတာပါ။ ငါးကြီးကြီး ရချင်ရင် ပင်လယ်ထဲ သွားရမှာ မဟုတ်ပါလော။ ဒါကြောင့် အခက်အခဲ တွေ့တဲအခါ မဖြစ်ဖြစ်အောင် ကျော်ဖြတ်မယ်လို့ နှလုံးသွင်း၊ အဲဒါ အကောင်းဆုံးပဲ။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
______________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment