________🌼🌷🌼____________
လောကမှာ ဘယ်အရာမှ ထာဝရ ဆုပ်ကိုင်ထားလို့ မရဘူး၊ ဒါကြောင့် " မရလို့ မဖြစ်ဘူး၊ ရကိုရမှ ဖြစ်မယ်၊ မရှိလို့ မဖြစ်ဘူး၊ ရှိကို ရှိမှ ဖြစ်မယ်" ဆိုပြီး တမ်းတမ်းစွဲ မဖြစ်စေနဲ့။ တမ်းတမ်းစွဲဖြစ်နေရင် မရမှာလည်း စိုးရိမ်တယ်။ ရရင်လည်း လက်လွတ်သွားမှာကို စိုးရိမ်တယ်။ ဒီတော့ စိတ်ဖိစီးမှု များသွားတယ်။
စိတ်ဖိစီးမှုများရင် လူက နေလို့ ထိုင်လို့ မကောင်းတော့ဘူး။ တချို့ဆိုရင် ရောဂါတောင် ဖြစ်သွားတယ်။ အဲဒါ ဘာကြောင့်လဲ၊ ပေါ့ပေါ့ပါးပါး မနေတတ်လို့ပါ။
ဒါကြောင့် ပေါ့ပေါ့ပါးပါးလေး နေတတ်ရမယ်။ ပေါ့ပေါ့ပါးပါးနေဆိုတာ ဖြစ်သလိုနေတာကို ပြောတာ မဟုတ်ဘူး။ "ကိုယ့်အလုပ် ကိုယ်လုပ်၊ မဆိုင်တာတွေ ခေါင်းထဲ မထည့်နဲ့" လို့ ဆိုလိုတယ်။ ဟုတ်ပါတယ်၊ မဆိုင်တာတွေ ခေါင်းထဲ ထည့်လိုက်ရင် စိတ်ရှုတ်သွားတယ်။ စိတ်ရှုတ်မှတော့ ပင်ပန်းပြီပေါ့။ ဒါကြောင့် ပေါ့ပေါ့ပါးပါး နေခြင်းဟာ စိတ်ခွန်အားတစ်မျိုးပဲ ဖြစ်ပါတယ်။
လမ်းဆိုတာ အများအတွက်
--------------------------
စစ်ကိုင်းတိုင်းအထက်ပိုင်း၌ ရွာကြီးတစ်ရွာ ရှိတယ်။ ရေခံမြေခံ ကောင်းလို့ ကောက်ပဲသီးနှံ ဖြစ်ထွန်းတဲ့ ရွာကြီးပါပဲ။ ဒါပေမဲ့ မြို့သွားဖို့ လမ်းပန်းဆက်သွယ်ရေးက မကောင်းဘူး။
ဒါကြောင့် ရွာသူရွာသားတွေက လမ်းဖောက်ပေးဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲများကို တင်ပြကြတယ်။ ဒါနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲများက လမ်းဖောက်ဖို့ ခွင့်ပြုလိုက်တယ်။ ရွာသူရွာသားတွေ ဝမ်းသာသွားကြတယ်။
အဲဒီနောက် အုပ်ချုပ်ရေးအကြီးအကဲများ ရွာကို ရောက်လာပြီး လမ်းဖောက်ဖို့ မြေတိုင်းတာကြတယ်။ မြေတိုင်းတာပြီးတဲ့နောက် ရွာထဲမှာ အသံတွေ ဆူညံသွားတယ်။ ဘာကြောင့်လဲ၊ လမ်းနယ်နိမိတ်ထဲ သူတို့ရဲ့ လယ်မြေတွေ ပါသွားကြလို့။ တချို့ဆိုရင် ငိုတောင်ငိုကြတယ်။
ရွာထဲက လူတစ်ယောက်လည်း သူ့မြေတွေ အများကြီး လမ်းထဲ ပါသွားတယ်။ ဒီတော့ သူ့ညီက " အကိုရေ ... အကို့မြေတွေတော့ လမ်းထဲ ပါသွားပြီဗျာ" လို့ ပြောလိုက်တယ်။
ဒီတော့ သူက ပြန်ပြောတယ်။ " ဘာတတ်နိုင်မှာလဲကွာ၊ လမ်းဆိုတာ အများအတွက်ပဲ၊ ငါ့မြေတွေ လမ်းထဲ ပါသွားလို့ မွဲမသွားပါဘူး၊ ကျန်တဲ့မြေနှင့် လုပ်စားရမှာပေါ့" တဲ့။
လူတော်လူကောင်းလို့ ဆိုရမှာပါ။ ဘာကြောင့်လဲ၊ သူ့မြေတွေ လမ်းထဲပါသွားပေမဲ့ စိတ်ဓာတ်မကျဘူး၊ သောက မဖြစ်ဘူး။ သူပြောလိုက်တဲ့ စကားက မှတ်သားစရာ။ " လမ်းဆိုတာ အများအတွက်ပဲ" တဲ့။ ဒီလိုစိတ်ထားတတ်လို့လည်း သူ့မှာ သောက မဖြစ်တာ။
ခေါင်းအေးစေ ခြေထောက်နွေးစေ
------------------------
ရှေးလူကြီးတွေက ပြောကြတယ်။ " ခေါင်း အေးစေ ခြေထောက်နွေးစေ" တဲ့။ ခေါင်းအေးစေဆိုတာ သောကကို အကြာကြီး သိမ်းမထာနဲ့လို့ ဆိုလိုတယ်။ သောကဖြစ်လွန်းအားကြီးရင် ခေါင်းပူသွားတယ်။ ဒီတော့ လူက နေလို့ထိုင်လို့ မကောင်းတော့ဘူး။ ဒါကြောင့် ပေါ့ပေါ့ပါးပါး နေတတ်ဖို့ လိုတယ်။
#ဘာပဲလုပ်လုပ် လုပ်စရာရှိတာကို လုပ်နိုင်သလောက် အေးအေးဆေးဆေး လုပ်ပါ။ ဆန္ဒမစောရဘူး။ အလုပ်လုပ်ပြီးရင်လည်း အေးအေးဆေးဆေး အနားယူရမယ်။
#အလုပ်လုပ်ရင်လည်း အားစိျုကျပွီး လုပ်ရမယ်။ ဒါပေမဲ့ လောဘ မကြီးရဘူး၊ ဖြစ်ရင် ဖြစ်သလောက်ပဲ ကျေနပ်ပါ။ နည်းနည်းရရ များများရရ ကျေနပ်ရမယ်။
#ဘယ်အရာမဆို အကြောင်းစုံမှ ဖြစ်တာပါ။ ကံမရှိ ဉာဏ်ရှိတိုင်းမွဲဆိုတာလို ကံမပါရင် ဘာမှ အလုပ်မဖြစ်ဘူး။ ဒါကြောင့် အလုပ်လုပ်ပါလျက် မဖြစ်ခဲ့ရင် ကံမပေးသေးလို့ပဲလို့ နှလုံးသွင်းရမယ်။
#တခါတရံ ပြဿနာတစ်ခုခုကြောင့် စိတ်ဖိစီးမှုတွေ များပြီး သောကဖြစ်တတ်တယ်။ စားလည်း ဒီစိတ် သွားလည်း ဒီစိတ်နဲ့ မေ့လို့ မရဘူး ဖြစ်နေတယ်။ ဒီတော့ အာရုံလွှဲလိုက်ပါ။ စာပဲဖတ်ဖတ် တရားပဲ နာနာ ပုတီးပဲစိပ်စိပ် တရားပဲထိုင်ထိုင်၊ တစ်ခုခု လုပ်လိုက်ပါ။
ဒီလိုစိတ်ထားတတ်ရင် ဘာသောကမှ ဖြစ်စရာ အကြောင်း မရှိဘူး။ သောကမဖြစ်ရင် လူက ပေါ့ပေါ့ပါးပါးလေး ဖြစ်သွားတယ်။ ပေါ့ပါးမှ လွတ်လပ်မယ်။ လွတ်လပ်မှလည်း ဘဝက ငြိမ်းချမ်းမှာ မဟုတ်လား။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment