~~~~~~~~~~~~~~~~~~~~~~~~~~~
ပေါရာဏဒီပင်္ကရာဘုရားရှင် လက်ထက်မှာ ဘုရင့်သမီးတော်လေးတစ်ပါး ရှိသတဲ့။ သူ့ကို ဘုံခုနှစ်ဆင့်ရှိတဲ့ ပြသဒ်ထဲမယ် သူ့ကို တပင်တိုင်မြနန်း ထားတယ်ပေါ့။ ရှေးတုန်းကတော့ တပင်တိုင်မြနန်းလို့ ရှိသေးတယ်။
ပြင်ပလူတွေ၊ ယောက်ျားလေးတွေ မဝင်ရဘူး။ မိန်းကလေးတွေချည်း ထားတယ်။ နောက်တက်မယ့်မင်းရဲ့ မိဖုရားဖြစ်အောင်လို့ သူ့ကို တပင်တိုင်မြနန်းနဲ့ ထားတယ်။ အဲဒီ မင်းသမီးလေးက ဟိုးအထက်ဆုံး အထပ်ကနေပြီးတော့ ဒီလိုလေး လှည့်ပတ်ပြီးတော့ မြို့ကိုကြည့်တာ ညနေကြီး ဦးဇင်းလေးတစ်ပါး ဆွမ်းခံလို့တဲ့ဗျာ။
ဟိုက ဦးဇင်းလေး ညနေကြီး ဆွမ်းခံနေတယ်၊
သွား..သွား၊ ပင့်ချေ ဆိုတော့ ပင့်လိုက်လို့ ရောက်လာတော့
ဦးဇင်းလေး သူများတွေက မနက် ဆွမ်းခံတာ ဦးဇင်းလေးက ညနေကြီး ဆွမ်းခံသလား။ ညဆွမ်း စားသလားလို့ မေးသတဲ့။
သမီးတော်လေးရယ်၊ ကြည့်ပါ ဆိုပြီးတော့ သပိတ်ကို လှပ်ပြတယ်။
သပိတ်ထဲမယ် ဆီတွေဘဲ ပါတယ်။ ဆွမ်းတွေ၊ ဆွမ်းရံတွေ မပါဘူးလို့ ပြသတဲ့။
ဘာလို့ ဆီတွေဘဲ အလှူခံတာတုန်း။
သူများ ချက်ပြီး၊ ပြုတ်ပြီးသား စားနေတာ ဆီတွေက ဘာလုပ်ဖို့တုန်း။
အဲဒီတော့ ဦးဇင်းလေးက သမီးတော်လေးရယ်၊
ညကျတော့ ကျောင်းတိုက်ထဲ မှောင်လို့ပါ၊ ဆီမီးလေး ပူဇော်ပြီးတော့ ဦးဇင်းတွေ၊ ကိုယ်တော်တွေ သွားတဲ့၊ လာတဲ့ ပုဂ္ဂိုလ်တွေ လင်းအောင်လို့ ထွန်းပေးတာပါ။
ပေါရာဏဒီပင်္ကရာဘုရားရှင် နားလေးလည်းဘဲ ဆီမီး ပူဇော်တာပါလို့ ပြောသတဲ့။
အော် - ဒီလိုဆိုရင် ပေးပေး၊ သပိတ်ပေး ဆိုပြီး သပိတ်ယူပြီး အဲဒီသပိတ်ထဲကို မုန်ညင်းဆီတွေ၊ မုန်ညင်းဆီရော သိကြလား။ မုန်ညင်းစေ့လေးတွေကို ကြိတ်လိုက်တော့ မုန်ညင်းဆီ ရတာပေါ့။ နှမ်းတွေ ကြိတ်တော့ နှမ်းဆီတွေ ရတာပေါ့။ မြေပဲတွေ ကြိတ်လိုက်တော့ မြေပဲဆီ ရတာပေါ့။
အဲဒီလို မုန်ညင်းစေ့လေးတွေ ကြိတ်လိုက်တော့ မုန်ညင်းဆီတွေရ၊ အဲဒီ မုန်ညင်းဆီတွေ သပိတ်နဲ့အပြည့် လှူလိုက်တော့ ဦးဇင်းလေးက မေးသတဲ့။
သမီးတော်လေး ဘာဆုများ ပန်တုန်း။
တပည့်တော်မ က ဘုရား ဖြစ်ချင်တာပါဘုရားလို့ လျှောက်သတဲ့။
အော်..ကောင်းပ..ကောင်းပ လို့ ပြောပြီး၊ သာဓု..သာဓု...သာဓု လို့ ခေါ်သွားတယ်။
ညကျတော့ မြတ်စွာဘုရားက ဆီမီးပူဇော်တဲ့ ဦးဇင်းလေးကို ခေါ်တယ် ဆိုတော့ ရောက်လာတယ်။
ဦးဇင်းလေး
ဒီနေ့ ဆီမီးတွေ မြိုင်လှချည်လား။ ဘယ်က ဆီ ရသတုန်း။
သမီးတော်လေးဆီကပါ ဘုရား။
ဘုရင့်သမီးတော်လေးဖြစ်တဲ့ အရှင်ဘုရား နှမတော်လေးက ဘုရား ဆီမီးပူဇော်ဖို့ မုန်ညင်းဆီတွေ သပိတ်အပြည့် လှူပါတယ်ဘုရား။
အဲဒီသမီးတော်လေးနဲ့ ပေါရာဏဒီပင်္ကရာဘုရားရှင် တို့က ဖအေတူမအေကွဲ မောင်နှမ တော်သတဲ့။
ဒါကြောင့် အရှင်ဘုရားနှမလေးက မုန်ညင်းဆီတွေ အပြည့် လှူလိုက်လို့ပါ ဘုရား။
အော်...သမီးတော်လေးက ဘာဆုပန် သတဲ့တုန်း။
တပည့်တော်လည်း မေးကြည့်တယ် ဘုရား၊
သမီးတော်လေး ဘာဆုပန်တုန်း မေးတော့ ဘုရားဖြစ်ချင်တယ်လို့ ပြောပါတယ် ဘုရား။
အော်..ဒါဆိုရင် နက်ဖြန်ခါ ပြန်ပြောအုံး၊
မိန်းကလေးဘဝနဲ့ ဘုရားဆု မပန်ရဘူး။ နောက်ဘဝ ယောက်ျားလေး ဖြစ်ပါစေ၊ ယောက်ျားလေးဖြစ်မှ ကျင့်ကြံပါရမီတွေနဲ့ ဒါနစတဲ့ ပါရမီတွေ လုပ်ရင် ဘုရားဖြစ်လိမ့်မယ် လို့ ပြောပါ။
ကောင်းပါပြီ ဘုရား။
တပည့်တော် နက်ဖြန်ခါ ပြန်ပြောပါ့မယ်ဘုရား။
ကဲ...ကဲ ထားတော့။
ဦးဇင်းလေးကရော ဘာဆုပန်တုန်း။
တပည့်တော်က အရှင်ဘုရားအားကျလို့ ဘုရား။
အရှင်ဘုရားဒီပင်္ကရာ ဆိုသလို ဒီပင်္ကရောတိ ဒီပင် ဆီမီးက ရောတိ ပြုတက် ပူဇော်တတ်၏။ ထို့ကြောင့် ဒီပင်္ကရော ဒီပင်္ကရာ မည်၏။ ဆီမီးပူဇော်တာက တပည့်တော် အရှင်ဘုရားအားကျပြီးတော့ တပည့်တော် ဘုရားဆုပန်ပါတယ် ဘုရား။ ဘုရားဖြစ်တဲ့ အခါလည်း ဘုရားဘွဲ့က ဒီပင်္ကရာ ဆိုတဲ့ ဘွဲ့ လိုချင်ပါတယ်ဘုရား လို့ ဆိုသတဲ့။
အဲဒါနဲ့ ပေါရာဏဒီပင်္ကရာဘုရားရှင်က အဘိညာဉ်တန်ခိုးနဲ့ ကြည့်လိုက်တော့
အော်...ဦးဇင်းလေး သင် နောက် (၁၆)သင်္ချေ ကြာတဲ့အခါ ဘုရားဖြစ်လိမ့်မယ် လို့ ဗျာဒိတ် ပေးသတဲ့။
ဘုရားက ဗျာဒိတ်ပေးတော့ ဟာ...ငါ ဘုရားလောင်းဖြစ်ပြီ၊ မြတ်စွာဘုရား ဗျာဒိတ် ပေးပြီးပြီ။ ည၊ ည အိပ်မပျော်ဘူး တဲ့၊ ဝမ်းသာလွန်းလို့။
အဲဒီ နောက်နေ့ကျတော့ ညနေ လေးနာရီလောက် မြို့ထဲ(နန်းတွင်းထဲ) ဆွမ်းခံ သွားပြန်ရော။ ဆီဆွမ်း ခံပေါ့။
သမီးတော်လေးကလည်း ဘုံခုနှစ်ဆင့် ရှိတဲ့ ပြဿဒ်ကနေ လှည့်ပတ် ကြည့်လိုက်တော့
ဟာ...မနေ့က ဦးဇင်းလေးနဲ့ တူတယ်။
ဆွမ်းခံနေတယ်၊ သွားသွားပင့်အုံး ဆိုတော့ သွားပင့်တယ်။
ရောက်လာတော့
ဦးဇင်းလေး မနေ့ကလည်း ဆွမ်းခံ၊ ဒီနေ့လည်းဆွမ်းခံ၊ နေတိုင်းပဲ ဆွမ်းခံသလား။
အော်...သမီးတော်လေးရယ်၊
ကျုပ်က ဘုရားလောင်း။ မနေ့က ဘုရားရဲ့ ဗျာဒိတ် ရပြီးပြီ။ နောက် (၁၆)သင်္ချေ ကြာတဲ့အခါ ကျုပ်က ဒီပင်္ကရာဘုရား ဖြစ်မှာ။
ဘုရားလောင်းဆိုတာ တစ်နေ့တည်း ကုသိုလ်လုပ်ပြီးတော့ ဆုပန်လို့ ဘယ်ရမတုန်း။ နေ့တိုင်း၊ နေ့တိုင်း ဒါန ပြုရတယ်၊ သီလ ဆောက်တည်ရတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဝိပဿနာ တရားတော်တွေ ပွားရတယ် သမီးတော်လေးရဲ့။
အော်...ဒီလိုလား ဘုရား။
မသိလို့ပါ ဘုရား။ ဒီလိုဆိုရင် ပေးပေး၊ သပိတ်ပေး ဘုရား ဆိုပြီးတော့ သပိတ်ထဲ မုန်ညင်းဆီတွေ ထည့်၊ ထည့်ပြီးတော့ လှူတယ်။
အရှင်ဘုရားကို တပည့်တော်မ ပါရမီ ဖြည့်ပေးမယ် ဘုရား။
အရှင်ဘုရား နေ့တိုင်း၊ နေ့တိုင်း မြို့ထဲမယ် လှည့်ပြီး ဆွမ်းခံရတာ ပင်ပန်းတယ်၊ အဲ့ဒီတော့ ဘယ်မှ မသွားနဲ့၊ တပည့်တော်မဆီ ဒီပြဿဒ်ကိုသာ တန်းလာခဲ့။ တပည့်တော်မ နေ့တိုင်း၊ နေ့တိုင်း မုန်ညင်းဆီ တစ်သပိတ်၊ တစ်သပိတ် အပြည့်လှူပါမယ် ဘုရား။
ကောင်းပကောင်းပ၊.သာဓုသာဓုသာဓု။
မနေ့တုန်းက မြတ်စွာဘုရားက မှာလိုက်သေးတယ်။
ဘယ်လိုမှာတုန်း ဘုရား။
သမီးတော်လေးက ဘုရားဆုပန်တယ် လို့ ဦးဇင်းက ပြောလိုက်တဲ့ အခါကျတော့ မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့ မပြည့်ဘူး။ နောက်ဘဝ ယောက်ျားလေး ဖြစ်ပါရစေ လို့ ဆုတောင်းလို့ မှာလိုက်တယ်။
အော်...အဲဒီလိုလား ဘုရား။
ဒီလိုဆိုပြီး သပိတ်လေးကို ကပ်၊ ဘုရားတပည့်တော် မုန်ညင်းဆီလှူရတဲ့ ကုသိုလ်ကြောင့် နောင်ဘဝ ယောက်ျားလေး ဖြစ်ပါရစေဘုရားလို့ ဆုပန်တယ်။
အဲဒီလို ဆုပန်တဲ့အတွက် နောက်ဘဝ ယောက်ျားလေး ဖြစ်တယ်။
(၁၆)သင်္ချေကို နှစ်ပုံ၊ ပုံလိုက်တော့ ဘုရားဆုပန်လို့ စိတ်ထဲကနေ ဆုတောင်းတာက ကမ္ဘာပေါင်း (၇) သင်္ချေ။ စိတ်ထဲကနေ ဆုတောင်းတာ မတင်းတိမ်တော့လို့ ဘုရားတပည့်တော် ဘုရားဖြစ်ပါရစေ ဘုရားလို့ နှုတ်မှ ဖွင့်ဟ၍ အကျယ်ကြီး ဆုတောင်းတာက (၉)သင်္ချေ။ (၇)သင်္ချေ နဲ့ (၉)သင်္ချေ ပေါင်းလိုက်ရင် (၁၆)သင်္ချေ။
ပထမ (၇)သင်္ချေတွင် ဘုရားပေါင်း ဘယ်လောက်ပွင့်သလဲဆိုရင် ဘုရားပေါင်း ၁၂၅,၀၀၀ ဆူ။ အဲဒီ ဘုရားပေါင်း ၁၂၅,၀၀၀ ဆီမှာ ကုသိုလ်ကောင်းမှုတွေ ပြုပြီးတော့ စိတ်ထဲတွင် သူက ဘုရားဆုပန်တာက ဘုရားပေါင်း ၁၂၅,၀၀၀ ဆူ။
နောက်ထပ် (၉)သင်္ချေ ကြတော့ စိတ်ထဲကနေ ဆုတောင်းရုံနဲ့ မတင်းတိမ်တော့ဘူး တဲ့။ သူက ကုသိုလ်ကောင်းမှု ပြုပြီးရင် ဘုရားတပည့်တော် ဒီကုသိုလ်စေတနာကြောင့် ဘုရားဖြစ်ပါရစေ ဘုရားလို့ နှုတ်မှ ဖွင့်၍ အကျယ်ကြီး ဆုတောင်းတယ်။ အဲဒီလို နှုတ်နဲ့ အကျယ်ကြီးဆုတောင်းတဲ့ အချိန်ကာလက (၉)သင်္ချေ။ ဘုရားပေါင်းက ၃၈၇,၀၀၀ ဆူ။
ခုနက ၁၂၅,၀၀၀ နဲ့ ခု ၃၈၇,၀၀၀ ပေါင်းလိုက်တော့ ၅၁၂,၀၀၀ နော်။
အေး ဒွါဒသဉ္စ သဟဿကေ ပဉ္စသတ သဟဿာနိ ၅၁၂,၀၀၀ သော ဘုရားရှင် တို့ကို တပည့်တော် ရှိခိုးပါ၏။ ဟုတ်လား။
အဲလိုနဲ့ ဘုရားဆု ပန်လာလိုက်တာ သုမေဓာရသေ့ ဘဝရောက်၊
သုမေဓာရသေ့ ဘဝမှာ သူက တောထဲမယ် တရားကျင့်နေတာ။ ရသေ့တွေ ဆိုတော့ တောထဲမယ် အကြာကြီး မနေရဘူးတဲ့။ တောထဲမယ် အကြာကြီးနေရင် အိုင်အိုဒင်းဆားဓါတ် နည်းပြီးတော့ လည်ပင်းကြီးရောဂါ ဖြစ်တတ်တယ်။
အဲဒီရောဂါကို အိုင်အိုဒင်းဆား စားလိုက်ရင် ပျောက်တယ်။ သုမေဓာရသေ့က ကဲ...ငါလည်းဘဲ တော်ကြာ လည်ပင်း ကြီးနေလိမ့်မယ် ဆိုပြီးတော့ ကောင်းကင်ကနေ ဈာန်နဲ့ ပျံလာ၊ အောက်မှာ လူတွေ တအုံးအုံးနဲ့ လူတွေ တပျော်တပါးကြီး အလုပ်လုပ်နေတာ မြင်တော့ ဆင်းပြီးတော့ သူက မေးတယ်။
ဟေ့...မင်းတို့ ဘာလုပ်နေကြတာတုန်း၊ တပျော်တပါး ကြီးပါလား။
လောကသုံးပါး ဘုရား ပွင့်ပြီလေ။ ဒီပင်္ကရာဘုရား ပွင့်ပြီ။ နောက်တော်ပါ ရဟန်း လေးသိန်းနှင့်အတူ အခု ဆွမ်းခံ ကြွမှာ။ မိုးတွေရွာလို့ ဒီမှာ ဗွက်တွေ ပြင်နေတာ၊ ကျုပ်တို့ ဗွက်တွေ ဖို့နေတာဗျ လို့ ပြန်ပြောတယ် တဲ့။
ဟာ...ဒီလိုဆိုရင် ငါလဲဘဲ ကုသိုလ် ပါဝင်အုံးမယ်ကွ။ ငါ့ကိုတစ်နေရာပေးလို့ ပြောတယ် တဲ့။
ဦးရသေ့ကြီး၊ ခင်ဗျားက မြေလျှိုးမိုးပျံ တန်ခိုးတွေ ရနေတော့ ဗွက်တွေ ထူတဲ့နေရာ ခင်ဗျားယူ ဆိုပြီး ဗွက်ထူတဲ့နေရာကို ပေးတယ် တဲ့။
ပေးတော့လည်း အေးပါကွာ၊ ဘယ်နေရာရရ ငါရသမျှ လုပ်မယ် ဆိုပြီးတော့ နီးတဲ့အိမ်လေးတစ်အိမ်က ပေါက်ပြားလေး တစ်လက်၊ တံရွင်း တစ်ချောင်း၊ တောင်း တစ်လုံး ငှားပြီး မြေကြီးတွေ တူးပြီးတော့ သူက ဖို့တာပေါ့။ ဖို့တော့ ပြီးခါနီး တစ်လံ လောက်ကလေးလဲ ကျန်ရော
ဒီပင်္ကရာဘုရား နောက်တော်ပါ ရဟန်း လေးသိန်းနဲ့ ဆွမ်းခံကြွလာပြီ ခင်ဗျား။ ဆွမ်းလောင်းဖို့ ပြင်ကြပါလို့ နိဗ္ဗာန်ဆော်က ကြေးစည်လေးတီးပြီး ရှေ့ကနေ ဟစ်သတဲ့။
ဟာ..ဘုရား ကြွလာပြီ၊ ဘုရား ကြွလာပြီ ဆိုပြီး ပြေးကြ၊ လွှားကြ၊ ဆွမ်းတွေ၊ ဆွမ်းရံတွေ ပြင်ဆင်ကြ ပေါ့လေ။
သုမေဓာ ရသေ့လေးကျတော့ သူ့ကို ဘယ်သူမှ ဂရုမစိုက်၊ ကူဖော်လောင်ဖက်လည်း မရှိဘူး။
ငါလည်း ခက်နေပြီ၊ ဒီလောက်ကလေးကျမှ ကျန်နေတယ်။ ခက်ပြီ...ဘယ်လို လုပ်ရပါ့မတုန်း ဆိုပြီးတော့ သူက သင်္ကန်းကြီး ဖြန့်ခင်း၊ အဲဒီပေါ်မယ် ဝမ်းယားမှောက်၊ ဘုရားကြွလာတဲ့ဘက် ခေါင်းပြုပြီးတော့
မြတ်စွာဘုရား၊ တပည့်တော် ကျောပေါ် သံဃာတော် လေးသိန်းနှင့်တကွ နင်းလျှောက်ပါ ဘုရား။ ဗွက်ထဲကို မနင်းပါနဲ့ ဘုရား။ တပည့်တော်ကျောပေါ် နင်းပါ ဘုရားလို့ သူကအော်ပြီး လျှောက်တယ်။
အော်လျှောက်တော့၊ ဟာ...အာဂယောက်ျားဘဲ ဟေ့။
သံဃာတော် လေးသိန်းနဲ့ တက်နင်းရင် သူသေမှာ၊ အသေ ခံရဲတယ်။ တကယ့်ယောက်ျား၊ ဘယ်လို ပုဂ္ဂိုလ်လဲ ဟဲ့လို့ ကြည့်လိုက်တော့မှ
အော်...လွန်ခဲ့တဲ့ တစ်ဆယ့်ခြောက်သင်္ချေတုန်းက ဘုရင့်သမီးတော်လေး ဖြစ်ပြီးတော့ ငါ့ကို နေ့တိုင်း၊ နေ့တိုင်း မုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ပုဂ္ဂိုလ်လေးဘဲလို့ ဒီပင်္ကရာဘုရားရှင် က သိသွားတယ်။
အေး.. သုမေဓာရသေ့လေး ဆိုပြီးတော့ ခုန ဘုရင့်သမီးတော်လေးအကြောင်း ပြန်ပြောင်းဟော၊ ဟောပြီးတော့ မင်းကျောပေါ် မလျှောက်ပါဘူးကွာ၊ တို့ကောင်းကင်က ကြွမယ် ဆိုပြီးတော့ တန်းခိုးနဲ့ ကြွ၊ ကြွပြီးတော့ သင်ဟာ ဒီကုသိုလ်စေတနာကြောင့် လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်းကြာတဲ့အခါ ဂေါတမဘုရား ဖြစ်လိမ့်မယ်လို့ ဗျာဒိတ် ပေးသတဲ့။
သင်ဟာ ငါဦးဇင်းလေး ဘဝတုန်းက နေ့တိုင်း၊ နေ့တိုင်း မုန်ညင်းဆီ တစ်သပိတ်လှူတဲ့ကုသိုလ်စေတနာကြောင့် သင့်နောက်ဆုံး လူ့ဘဝ နာမည်က သိဒ္ဓတ္တ မင်းသားလို့ ဖြစ်လိမ့်မယ်။ သိဒ္ဓတ္တ ဆိုတာ မုန်ညင်း တေလဆိုတာက ဆီ။ သိဒ္ဓတ္တတေလ ဆိုတော့ မုန်ညင်းဆီ။
မုန်ညင်းဆီ တစ်သပိတ်၊ တစ်သပိတ် လှူခဲ့တဲ့အတွက် အဲဒီစေတနာကအကျိုးပေးပြီးတော့ သင့်ရဲ့နောက်ဆုံး လူပုဂ္ဂိုလ် နံမည်သည် ဘာဖြစ်လိမ့်မတုန်း။ သိဒ္ဓတ္တမင်းသား လို့ ဖြစ်လိမ့်မယ်လို့ဘုရားရှင်ကဗျာဒိတ် ပေးတယ်။
အေး...အဲဒီ မုန်ညင်းဆီလှူတဲ့ ကုသိုလ်စေတနာကံသည် ကမ္မပစ္စည်း၊ ဒီဘက်ဘဝမယ် သိဒ္ဓတ္တ လို့ နံမည်လေးရ၊ ဘုရားဖြစ်တာက ကမ္မပစ္စည်းရဲ့ ပစ္စယုပ္ပန်။
ဘဝပေါင်းက ကမ္ဘာပေါင်း သင်္ချေ (၂၀)နဲ့ ကမ္ဘာပေါင်း တစ်သိန်း ကြာတယ်။
No comments:
Post a Comment