🌼🌼🌼🌼🌼🌹🌹🌹🌼🌼🌼🌼🌼
နတ်ပြည် ၆-ထပ်ထဲမှာ ပဉ္စမနတ်ပြည်ကို နိမ္မာနရတိလို့ခေါ်ပါတယ်။ အဲဒီနတ်ပြည်မှာရှိတဲ့ နတ်တွေဟာ ဖန်ဆင်းပြီးပျော်ကြတယ်လိုဆိုတယ်။ ကံက ပေးထားတဲ့ ပင်ကိုယ်ရှိပြီးသား စည်းစိမ်ထက် အလွန်အကဲ ခံစားစံစား ပျော်ရွှင်လိုတဲ့အခါ မိမိစိတ်တိုင်းကျ ကိုယ့်တန်ခိုးနဲ့ ဖန်ဆင်းပြီး မွေ့လျော်ပျော်ရွှင်တတ်ကြပါသတဲ့။ လူတွေလည်း ပင်ကိုယ်သဘာဝ ပျော်စရာမရှိတော့ ဖန်တီးပြီးပျော်ကြရတာပဲ။ ဖန်တီးမှပဲ ပျော်စရာ တွေ့ကြတာဖြစ်လို့ နိမ္မာနရတိ လူသားတွေလို့ ခေါ်မယ်ဆိုခေါ်လို့ဖြစ်ပါတယ်။ ဖန်တီးပုံက လောကနည်း၊ ဓမ္မနည်းလို့ နှစ်မျိုးရှိပါတယ်။
လောကလူသားတွေက လောကနည်းနဲ့ အဝိဇ္ဇာတဏှာရှေ့ထားပြီး ပျော်ကြတယ်။ က, တတ် သူကို အကခိုင်း၊ ဆိုတတ်သူကို သီချင်းဆိုခိုင်း၊ တီးမှုတ်တတ်သူကို တီးမှုတ်ခိုင်းပြီး ကြံကြံဖန်ဖန် ဖန်တီးပျော်ကြတယ်။ ဒီတိုင်း ငုတ်တုတ်ထိုင်နေတော့လည်း ပျော်စရာမရှိတော့ ဖန်တီးပျော်ကြရတာပေါ့။ ဒါပေမယ့် အတုတွေပါ။ အတုနောက်မှာ ပူစရာတွေရှိနေပါတယ်။
ပြီးတော့ လောကလူသားတွေဟာ အသုဘခန္ဓာကို သုဘ၊ အနိစ္စကို နိစ္စ၊ ဒုက္ခကို သုခ၊ အနတ္တကို အတ္တလို့ ပြောင်းပြန်ဖန်တီးပြီး စိတ်ကူးနဲ့ အတုလုပ်ပျော်ကြပါတယ်။ အတုများဖြစ်လို့ နောက်ဆုံးတော့ ငိုကြရတာပဲ။
ဓမ္မလူသားတွေကတော့ ဓမ္မနည်းနဲ့ သတိပညာရှေ့ထားပြီး ပျော်တတ်ကြပါတယ်။ အသုဘ ခန္ဓာအပေါ် သီလသမာဓိအားနဲ့ ဖန်တီးပျော်ကြတယ်။ အနိစ္စ ဒုက္ခ အနတ္တ ခန္ဓာအပေါ် ဝိပဿနာနဲ့ ဖန်တီးပြီး ငြိမ်းချမ်းစွာ ပျော်တတ်တယ်။ အစစ်အပျော်ဆိုတော့ စွမ်းအားပဲ တိုးတက်လာတယ်။ ငိုစရာပူစရာ ဘာမှမပါပါဘူး။
ဓမ္မလူသားတွေဟာ ကျွမ်းကျင်တဲ့ ဖန်တီးရှင်များဖြစ်လို့ ပစ္စည်းတွေရှာပြီး ပစ္စည်းကို ဒါန သီလ သမာဓိ ဝိပဿနာဖြစ်အောင် ဖန်တီးပျော်နိုင်ကြတယ်။ ပစ္စည်းတွေ သုံးမဖြစ်တော့လို့ အမှိုက်ပုံးထဲ အမှိုက်ပစ်တာ တောင်မှ ဝိပဿနာနဲ့ ဖန်တီးပျော်လိုက်သေးတယ်။ ပစ္စည်းတွေ သူခိုး ခိုးခံရလို့ ပျောက်သွားတာတောင်မှပဲ ပျော်စရာ ဝိပဿနာဖြစ်အောင် ဖန်တီးလိုက်သေးတယ်။ လောကလူသားတွေ ငိုစရာအားလုံးဟာ ဓမ္မလူသား တွေအတွက်တော့ ငြိမ်းချမ်းတဲ့ ပြုံးစရာ ပျော်စရာ များ ဖြစ်သွားရပါတယ်။ အိုထုပ်၊ နာထုပ်၊ သေထုပ်ဖြစ်တဲ့ မိမိခန္ဓာအပေါ်မှာလည်း သီလ၊ သမာဓိ၊ ဝိပဿနာပုံစံနဲ့ ဖန်တီးပျော်တတ်ပါတယ်။
တိပိဋကဓရ ယောဆရာတော်ကြီး
No comments:
Post a Comment