စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, December 19, 2023

လောဘမီးမလောင်စေနဲ့

လောဘမီးမလောင်စေနဲ့
_______🌹🌼🌹________

လောဘသည် နှစ်မျိုး ရှိ၏။ တရားသော လောဘနှင့် မတရားသော လောဘတို့ ဖြစ်၏။ မတရားသောလောဘကို " ဝိသမလောဘ" ဟု ခေါ်၏။ အရေးကြီးသည်ကား ဝိသမလောဘ မရှိဖို့ပင်။ ဘာကြောင့်နည်း၊ ဝိသမလောဘ ဖြစ်လာလျှင် ဒုစရိုက် လုပ်ဖို့ ဝန်မလေးသောကြောင့်တည်း။

ဝိသမလောဘ ဆိုသည်မှာ အတင်းအဓမ္မ လိုချင်သော စိတ်၊ သူများပစ္စည်းကို အချောင်လိုချင်သော စိတ်ပင် ဖြစ်သည်။ ဝိသမလောဘသည် စိတ်ကို ပူလောင်စေသောကြောင့် မီးတစ်မျိုးပင် ဖြစ်သည်။ ထို့ကြောင့် "လောဘမီး" ဟု ဆိုကြခြင်း ဖြစ်သည်။

ကမ္ဘာမှာ အစဆုံးဖြစ်သော ဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင် ဖြစ်၏။ ယင်းဒုစရိုက်သည် မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်ပင် ဖြစ်သည်။ ထို့ကြောင့် ဝိသမလောဘသည် ကြောက်စရာ အလွန်ကောင်းသည့် ကိလေသာတရားဆိုးပင် ဖြစ်သည်။

ဆရာဝန်ကြီးနှင့် ဖိုးထိန်
--------------------

နယ်မြို့လေးတစ်မြို့မှာ လူပျိုကြီး ဆရာဝန်ကြီးတစ်ယောက် ရှိ၏။ နာမည်က ဦးကျော်လှ၊ ဇာတိက ရန်ကုန်က ဖြစ်၏။ သို့သော် ဆရာကြီးသည် ထိုမြို့လေးမှာ အနေကြာသည့်အတွက် အခြေချဖို့ ဆုံးဖြတ်လိုက်လေ၏။

ဆရာဝန်ကြီးသည် လူပျိုကြီး ဖြစ်သည့်အတွက် ဖိုးထိန်ကို အိမ်မှာ ခေါ်ထားလိုက်၏။ ဖိုးထိန်ကလည်း လူငယ်ဖြစ်သည့်အတွက် သွက်သွက်လက်လက် ရှိ၏။ ထို့ကြောင့် ဆရာကြီးသည် ဖိုးထိန်ကို သားတစ်ယောက်လို သံယောဇဉ် ဖြစ်နေ၏။ ထမင်းလည်း ချက်၏။ အဝတ်လည်း လျှော်၏။ သန့်ရှင်းရေးလည်း လုပ်၏။ ထို့ကြောင့် ဆရာကြီးက ဖိုးထိန်ကို အားကိုး၏။ ဖိုးထိန် မရှိလျှင် မနေတတ်သလိုပင် ဖြစ်နေတော့၏။

ဆရာကြီးသည် ထိုမြို့လေးမှာ အခြေချဖို့ ဆုံးဖြတ်ထားသည့်အတွက် ရန်ကုန်က သူ့ခြံကြီးကို ရောင်းမည်ဟု ကြေညာလိုက်သည်။ ဖိုးထိန်ကိုလည်း " ရန်ကုန်က ခြံကြီးကို ရောင်းမယ်ကွာ" ဟု ဝမ်းသာအားရနှင့် ပြောပြလေ၏။

ဆရာကြီး ပြောပြီး မကြာခင်မှာပဲ ဆရာကြီးထံ စာတိုက်ကနေ ပါဆယ်ထုပ် ရောက်လာ၏။ ရှေ့နေက ပို့လိုက်သော ပါဆယ်ထုပ် ဖြစ်သည်။ ဖိုးထိန်ကို ခေါ်ပြီး ပါဆယ်ထုပ်ကို အိမ်ထဲ သိမ်းခိုင်းလိုက်၏။ ယင်းပါဆယ်ထုပ်ထဲတွင် အရောင်းအဝယ် မဖြစ်ကြောင်းစာနှင့် စာချုပ်စာတမ်းများ ပါ၏။ သို့သော် ဖိုးထိန်က ငွေထည့်ထားသော ပါဆယ်ထုပ်ဟု ထင်သွား၏။ ထို့ကြောင့် လောဘဇော ဖြစ်ပြီး ထိုငွေများကို အပိုင်ကြံဖို့ စိတ်ကူးလေတော့သည်။ ဝိသမလောဘကား ကြောက်စရာ အလွန်ကောင်း၏။

တစ်ခုသော ညတွင် ဖိုးထိန်သည် သူ့စိတ်ကူး အကောင်ထည် ဖေါ်ဖို့အတွက် ဆရာကြီးကို အခန်းတံခါး ဖွင့်ခိုင်းလေသည်။ ဆရာကြီးကလည်း အခန်းတံခါးကို ဖွင့်ပေးလိုက်၏။ ထိုအချိန်မှာပဲ ဖိုးထိန်သည် အသင့်ယူလာသော ဓားဖြင့် ဆရာကြီးကို ထိုးလိုက်လေသည်။ ဆရာကြီးသည် ကံကောင်းသည်ဟု ပြောရမည် ဖြစ်သည်။ ဒဏ်ရာက မပြင်းထန်သဖြင့် အသက်ချမ်းသာရာ ရရှိသွားလေသည်။

ဖိုးထိန်သည် ဆေးရုံတက်နေသော ဆရာကြီးထံ ရောက်လာပြီး " ဆရာကြီး ကျွန်တော်ကို ခွင့်လွှတ်ပါ၊ ပါဆယ်ထုပ်ကို ပိုက်ဆံထုပ် ထင်ပြီး လောဘ ဖြစ်သွားပါတယ်၊ ဒါကြောင့် အခုလို လုပ်လိုက်ပါတယ် ဆရာကြီး" ဟု တောင်းပန်လေသည်။ ဆရာကြီးကလည်း စိတ်သဘောထား ကြီး၏။ ထို့ကြောင့် မည်သည့်ရဲစခန်းမှ မတိုင်ကြားပဲ အမှုကို ကျေအေး ပေးလိုက်လေသည်။

ဤဖြစ်စဉ်ကို ကြည့်လျှင် မတရားလောဘ ဖြစ်လာလျှင် အသိပျောက်သွားကြောင်း တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် ဖိုးထိန်သည် ကျေးဇူးရှင်ကို ဓားနှင့် ထိုးလိုက်ခြင်း ဖြစ်သည်။ မမြင်ရသည့်မီးကား ကြောက်စရာ အလွန်ကောင်း၏။ ထို့ကြောင့် " ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရ" ဆိုသည့်အတိုင်း မည်သူ့ကိုမှ ဘဝကို ပုံအပ်ပြီး မယုံရဟု နားလည်ရမည် ဖြစ်သည်။

ရရင်ကျေနပ်ပါ
------------------

လောကကြီးမှာ ဘယ်သူမှ တဝမ်းစာထက် ပိုစားလို့ မရပါ။ ဘယ်သူမှလည်း တစ်ကိုယ်စာထက် ပိုဝတ်လို့ မရပါ။ သို့သော် တချို့လူများသည် ဘယ်လောက်ရရ မကျေနပ်ပေ။ " လိုသေးတယ်, လိုသေးတယ်" ဟု ဖြစ်နေတော့၏။ မရလို့ မကျေနပ်သည်ကား နားလည်ပေးလို့ ရ၏။ ရပါလျက် မကျေနပ်သည်ကတော့ အတော်ခက်သွားတော့၏။

ထို့ကြောင့် ကိုယ့်မှာ ဘယ်လောက်ရရ ရလျှင် ကျေနပ်ဖို့ လို၏။ နည်းနည်းရလည်း ကျေနပ်ရမည် ဖြစ်၏။ များများရလည်း ကျေနပ်ရမည် ဖြစ်၏။ ဤသဘောတရားကို ရောင့်ရဲခြင်းဟု ခေါ်၏။ ရောင့်ရဲမှလည်း လောဘကို အနားသတ်နိုင်မည် ဖြစ်၏။

လောဘကို အနားသတ်နိုင်မှလည်း ဝိသမလောဘကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ဝိသမလောဘကို ထိန်းချုပ်နိုင်မှလည်း အကုသိုလ်ဒုစရိုက်ကို ရှောင်နိုင်မည် ဖြစ်၏။ အကုသိုလ်ဒုစရိုက်ကို ရှောင်နိုင်မှလည်း ကံသုံးပါးစင်ကြယ်မည် ဖြစ်၏။ ကံသုံးပါး စင်ကြယ်မှလည်း ဘဝသည် ငြိမ်းချမ်းသာယာမည် ဖြစ်ပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
___________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment