အလုပ်ထဲမှာစိတ်နှစ်ပါ
_______🌷🌼🌷____________
ဒေါသဆိုတာ မီးနှင့်တူတယ်။ မီးက အပူဓာတ် ထုတ်လွှင့်သလို ဒေါသကလည်း အပူဓာတ် ထုတ်လွှင့်တာပဲ။ ဒါကြောင့် ဒေါသဖြစ်လာရင် အပူသည် လုံးလုံး ဖြစ်သွားတယ်။ ဒေါသဖြစ်နေသူလည်း စိတ်ဆင်းရဲတယ်။ မြင်ရတဲ့သူတွေလည်း စိတ်ဆင်းရဲတယ်။
ဒေါသဖြစ်တဲ့သူတွေကို ကြည့်လိုက်ပါ၊ မျက်မှောင်ကြီးက ကုပ်သွားတယ်။ နဖူးကြောတွေက တင်းလာတယ်။ စကားပြောရင်လည်း အာကြမ်းလျှာကြမ်းကြီး ဖြစ်သွားတယ်။ တချို့ဆိုရင် မကြားဝံ့မနာသာ ဆဲတော့တာပဲ။
လူတွေဟာ စိတ်တော့ ချမ်းသာချင်ကြတယ်။ ဒါပေမဲ့ စိတ်ချမ်းသာအောင် မနေကြဘူး။ ဒေါသဆိုတာ စိတ်ကို ပူလောင်စေတဲ့ ကိလေသာတရားဆိုးပဲ။ ဒါကြောင့် စိတ်ချမ်းသာချင်တယ်ဆိုရင် ဒေါသ မဖြစ်အောင် ကိုယ့်စိတ်ကို ထိန်းပေးရမယ်။
ကားဆရာရဲ့ဒေါသ
-----------------
တနေ့က ဆွမ်းစားပင့်လို့ အိမ်တစ်အိမ် သွားတယ်။ ကားကလည်း ကျပ်နေတယ်။ ကားက ကျပ်တော့ ကားဆရာက စိတ်ရှုတ်နေဟန်တူပါရဲ့၊ အဲဒီအချိန်မှာပဲ ရှေ့ကားက မီးမပြဘဲ ကွေ့လိုက်တယ်။
ဒီတော့ ကားဆရာက ဒေါသဖြစ်ပြီး " သေနာကောင်ကလဲ ကွေ့တာတောင် မီးလေး မပြဘူး" လို့ ဆဲလိုက်တယ်။
ဒီတော့ မိမိက ကားဆရာကို မေးလိုက်တယ်။
"ကားဆရာရေ မင်း ဆဲတာကို ရှေ့က ကားဆရာက ကြားရဲ့လား"
"မကြာပါဘုရား" ။
" သူ မကြားရင် ငါမှားလို့အဆဲခံရတာလို့ သူ သိပါဦးမလား"။
"မသိနိုင်ပါဘုရား" ။
" မသိရင် သူ့အတွက် ဘာထူးလဲ"။
"ဘာမှ မထူးပါဘူး ဘုရား"။
" အေး ဟုတ်ပြီ၊ အခုလို ဆဲလိုက်သည့်အတွက် သူ့အတွက် မထူးဘူး၊ မင်းအတွက်ကော ထူးရဲ့လား"။
"ဘာမှ မထူးပါဘူးဘုရား"။
" မထူးဘဲနဲ့ ဘာဖြစ်လို့ ဆဲရတာလဲ"။
" ဒေါသဖြစ်လို့ ဆဲလိုက်တာဘုရား"။
" ငါ မေးမယ်ကွာ၊ မင်း စိတ်ဆင်းရဲတာနှင့် စိတ်ချမ်းသာတာ၊ ဘယ်ဟာကို သဘောကျလဲ"။
"စိတ်ချမ်းသာတာကို သဘောကျတာပေါ့ဘုရား"။
"သေချာရဲ့လား"။
"သေချာပါတယ်ဘုရား"။
"အေး ဟုတ်ပြီ၊ ဒီတော့ ဒေါသဖြစ်ရင် စိတ်ချမ်းသာရဲ့လား"။
"စိတ်မချမ်းသာပါဘုရား"။
" မင်း မှတ်ထား၊ စိတ်ချမ်းသာချင်ရင် ဒေါသမဖြစ်အောင် ထိန်းရမယ်၊ တကယ်လို့ ဒေါသဖြစ်ရင်လည်း အကြာကြီး ဖြစ်ခွင့်မရအောင် ထိန်းပေးရမယ်" ။
" မှန်ပါဘုရား"
" ဒေါသ မဖြစ်ဖို့အတွက် စိတ်ကို ကိုယ့်အလုပ်ထဲမှာ နှစ်ထားရတယ်၊ အခုတော့ မင်းက သူများအလုပ်ထဲ စိတ်ကို ပို့လိုက်တာကိုး၊ ဒါကြောင့် ဒေါသ ဖြစ်သွားတာ" ။
" မှန်ပါ၊ သဘောပေါက်ပါပြီဘုရား" ။
မိမိက ရှင်းပြလိုက်တော့မှ ကားဆရာလေးဟာ ခေါင်းလေးတငြိမ့်ငြိမ့်နဲ ဖြစ်သွားပါတော့တယ်။
ဒေါသဖြစ်ရတာ တန်ရဲ့လား
---------------------------
ဒေါသမဖြစ်ဖို့အတွက် ကိုယ့်စိတ်ကို အလုပ်ထဲ နှစ်ထားရမယ်။ ဒေါသဖြစ်တယ်ဆိုတာ သူများအပြစ်ကို မြင်နေလို့ပါ။ သူများအပြစ်ကို မြင်တယ်ဆိုတာလည်း စိတ်ကို အလုပ်ထဲ နှစ်မထားလို့ပါ။ အရေးကြီးတာက ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။
ဘဝဆိုတာ နေချင်သလောက် နေလို့ မရဘူး။ အကန့်အသတ်နှင့် နေနေရတယ်။ အကန့်အသတ်နှင့် နေရတဲ့အချိန်လေးမှာ ဒေါသ အာဃာတဖြစ်ရတာ မတန်ပါဘူး။ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးရာ ရောက်ပါတယ်။
ဒါကြောင့် ဘာပဲလုပ်လုပ် စိတ်ကို အလုပ်ထဲ နှစ်ထားရမယ်။ စိတ်ကို အလုပ်ထဲနှစ်ထားရင် ဘယ်သူ့ကိုမှ အပြစ် မမြင်တော့ဘူး။ ဒါဆိုရင် ဒေါသလည်း မဖြစ်တော့ဘူး။ ဒေါသမဖြစ်မှလည်း ဘဝက ငြိမ်းချမ်းမှာ မဟုတ်ပါလား။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ
No comments:
Post a Comment