ထိုခရီးသည် တောင်ကျမြစ်တစ်စင်း စီးဆင်းနေသကဲ့သို့ ရပ်နားခြင်းမရှိဘဲ တရစပ်သွားနေသော ခရီးဖြစ်၍ သားသတ်ရုံသို့ အဆွဲခံရသော နွားမ၏ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းသည်
သေခြင်းနှင့်ပို၍ နီးနီးသွားသကဲ့သို့
မိမိတို့မှာလည်း တစ်စထက်တစ်စ
သေခြင်းနှင့် ပို၍ နီးနီးလာသည်။
မနှစ်ကထက် ဒီနှစ်ပိုနီးလာသည်။
အရင်လကထက် ဒီလ ပိုနီးလာသည်။
မနေ့ကထက် ဒီနေ့ ပိုနီးလာသည်။
စောစောကထက် အခု ပိုနီးလာသည်။
ခရီးလက်ကျန် ဘယ်လောက်ဟူ၍လည်း မသိနိုင်။ ဒီခရီး၏ လမ်းဆုံးက ဘယ်နား
ဟူ၍လည်း မှန်းဆ၍ မရ။
ဒီဘဝခရီး၏ အဆုံးတွင် နောက်ဘဝခရီးကိုတောက်လျှောက်ဆက်၍ သွားရပြန်ဦးမည်။
ဒီဘဝခရီး၏ အဆုံးသတ်အခြေအနေ ကောင်းမှသာ နောက်ဘဝခရီးက
အဆင်ပြေနိုင်မည်။ ဘဝခရီးမှန်သမျှ ပင်ပန်းဆင်းရဲခြင်းသာဖြစ်၍
ဘယ်ခရီးမှ ကောင်းသည်ဟု မဆိုနိုင်။ သို့သော်လည်း အပါယ်လေးပါးခရီးနှင့် နှိုင်းစာလျှင် လူ နတ် ဗြဟ္မာခရီးက တော်သေးသည်ဟု ဆိုရမည်။
ထို့ကြောင့် ဉာဏ်အမြော်အမြင် ရှိသူမှန်လျှင် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးကို ရည်ရွယ်၍ " ဒါန သီလ သမာဓိ ပညာ ကုသိုလ်ကောင်းမှုများကို စွမ်းအားရှိသမျှ ပြုလုပ်နေကြရမည်သာဖြစ်သည်။
No comments:
Post a Comment