_____🌾🌹🌾_____
လူတစ်ယောက် ကြီးပွားတိုးတက်ဖို့အတွက် အမှီ လို၏။ အမှီရှိမှ နည်းလမ်း ရ၏။ အမှီမရှိလျှင် နည်းလမ်း မရပေ။ ထို့ကြောင့် " ဆရာမပြ နည်းမကျ" ဟု ဆိုခဲ့ကြခြင်း ဖြစ်သည်။ ဆရာဟူသော အမှီမရှိလျှင် လမ်းကြောင်းမတည့်ဟု ဆိုလိုပေသည်။
ထို့ကြောင့် အမှီရှာရမည် ဖြစ်သည်။ သို့သော် သူများကို မှီလွန်းအားကြီးလျှင်လည်း ကိုယ့်ဘဝသည် နွယ်ပင်လို ဖြစ်သွားတော့၏။ မှန်၏။ နွယ်ပင်ဆိုသည်ကား အမှီရှိလျှင် အပေါ်တက်၏။ အမှီမရှိလျှင် အပေါ် မတက်တော့ပေ။
ထိုနည်းတူစွာ သူများကို မှီသောသူသည် နွယ်ပင်လို ဖြစ်သွားရကား ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်တော့ပေ။ ထို့ကြောင့် သူများကို အတိုင်းအတာ တစ်ခုလောက်သာ မှီပြီး ကိုယ့်လမ်း ကိုယ်ဖောက်ရမည် ဖြစ်သည်။ သို့မှသာ ကိုယ့်ဘဝသည် ကြီးပွားတိုးတက်မည် ဖြစ်ပါပေ၏။
အရှင်ဝလ္လိယ
-------------
ဘုရားလက်ထက်တော်အခါက ဝေသာလီမြို့တော်၌ လူငယ်လေးတစ်ယောက် ရှိ၏။ သူသည် မြတ်စွာဘုရားကို အလွန်ကြည်ညို၏။ ထို့ကြောင့် မြတ်စွာဘုရား ရတနသုတ် ပရိတ်တော် ဟောကြားရန် ဝေသာလီမြို့တော်သို့ ကြွလာသောအခါ မြတ်စွာဘုရားကို သွားရောက်ဖူးမျှော်လေသည်။
မြတ်စွာဘုရားက တရားဟောသောအခါ သဒ်ဓါ ထက်သန်လာပြီး အရှင် မဟာကစ္စာနထံ ရဟန်းပြုလေသည်။ ရဟန်းအဖြစ်ကို ရရှိ ပြီးနောက် စာပေ သင်ကြားလေ၏။ သို့သော် ဉာဏ်လေးသဖြင့် ဘာစာမှ ကောင်းကောင်း မရပေ။
ထို့ကြောင့် ဆရာအမျိုးမျိုးထံ ချဉ်းကပ်၍ နေရရှာ၏။ သူ့အကြောင့် သိကြသည့် အခြားရဟန်းများက " ဒီကိုယ်တော်လေးကတော့ နွယ်ပင်လိုပဲ" ဟု ပြောဆိုကြ၏။ ဤသို့ ပြောဆိုကြသည်ကို အကြောင်းပြုကာ သူ့ကို " အရှင်ဝလ္လိယ" ဟု ခေါ်ကြလေသည်။ ဝလ္လိယဟူသည် နွယ်ပင်ဟု အဓိပ်ပါယျရလသေညျ။
တနေ့တွင် အရှင်ဝလ္လိယသည် စာသင်ဖို့အတွက် အရှင်ဝေဏုဒတ္တထံ ရောက်သွား၏။ အရှင်ဝေဏုဒတ္တသည် အသင်အပြကောင်းသည့်အတွက် အဆင်ပြေသွား၏။
ထို့ကြောင့် အရှင် ဝေဏုဒတ္တထံ ချဉ်းကပ်ကာ " အရှင်ဘုရား ... တပည့်တော်အား ဖြောင့်ဖြူးသော၊ နိဗ္ဗာန်သို့ သက် ဝင်နိုင်သော အရိယာမဂ်ကို ဟောကြားပေးပါဘုရား၊ ဂင်္ဂါရေလျင်သည် မဟာ သမုဒ္ဒရာသို့ ဆိုက်ရောက်လေဘိသကဲ့သို့ တပည့်တော်သည် နိဗ္ဗာန်သို့ ဆိုက်ရောက် ပါလိမ့်မည်ဘုရား" ဟု လျှောက်၏။
ဤသို့လျှောက်ထားသောအခါ အရှင်ဝေဏုဒတ္တသည် အရှင်ဝလ္လိယအား ကမ္မဋ္ဌာန်းတရား ဟောကြားပေး၏။ အရှင်ဝေဏုဒတ္တ သင်ကြားပြသသည့်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်သောအခါ အရှင်ဝလ္လိယသည် ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေတော့သည်။
ကိုယ့်အားကိုယ်ကိုးပါ
--------------------
ဤဖြစ်စဉ်ကို ကြည့်လျှင် အရှင်ဝလ္လိယသည် ရဟန်းငယ်ဘဝက ဆရာမရှိလျှင် မဖြစ်ဟု ဆိုရလောက်အောင် ဆရာကို မှီခဲ့သော်လည်း နောက်ပိုင်းရောက်သောအခါ ကိုယ့်အားကိုယ်ကိုး၍ ကိုယ့်တရား ကိုယ်ကျင့်ခဲ့သောကြောင့် ရဟန္တာဖြစ်သွားကြောင်း တွေ့ရပေသည်။
ထို့ကြောင့် သူများကို အားကိုးခြင်းသည် ခဏပဲ ကောင်း၏။ ဘာကြောင့်နည်း၊ သူများကို မှီခိုလွန်းလျှင် ကိုယ့်အစွမ်းအစ တုံးသွားသောကြောင့်တည်း။ ထို့ကြောင့် သူများကို အမြဲတမ်း မမှီသင့်ပေ။ အတိုင်းအတာတစ်ခု အထိသာ မှီရမည် ဖြစ်သည်။ ထို့ကြောင့် ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့်ဘဝ ကိုယ်ကြိုးစားခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေသည်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment