စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, July 31, 2019

ရက်ကန်းသည်မလေး

ပေသ ကာရ ဓီတာ (ရက်ကန်းသည်)
🌺🌺 🌺🌺 🌺🌺 🌺🌺 🌺🌺

     မြတ်စွာဘုရား အဂ္ဂါဠဝစေတီ၌ နေတော်မူသောအခါ အာဠဝီပြည်သားတို့သည် ဘုရားရှင်ကို ပင့်၍ ဆွမ်းလုပ်ကျွေးကုန်၏။ ဘုရားရှင်သည် ဆွမ်းသုံးပြီးသော အဆုံး၌ အနုမောဒနာ မပြုဘဲ မရဏာနုဿတိကို ပွားလေ့ရှိသော ရက်ကန်းသည် သမီးငယ်တစ်ယောက်ကို ငံ့လင့်တော်မူ၍ ဆိတ်ဆိတ်နေလေ၏။

     သတို့သမီးသည် အိမ်မှရက်ဖောက်ရောက်၍ လာပြီးလျှင် ” ရက်ဖောက်တောင်းကို အဘထံသို့ ပို့ချေဦးအံ့။ ပြန်မှတရားတော်ကိုနာအံ့..” ဟု ကြံ၍သွားမည်ရှိရာတွင် ဘုရားရှင်သည် သတို့သမီးသွားသည်ရှိသော် ကတိမမြဲသော ပုထုဇဉ်အဖြစ်ဖြင့် သေရလတ္တံ့ သည်ကို မြင်တော်မူ၍ လည်ဆန့်ပြီး ချမ်းမြေ့ကြည်လင်သော မျက်စိဖြင့် သတို့သမီးကို ကြည့်တော်မူလျှင် သတို့သမီးသည် အလိုလိုသိ၍ ရှေ့တော်သို့ လာ၍ ရှိခိုးလျက်နေရာ ဘုရားရှင်မေးတော်မူ၏...

” သတို့သမီးငယ် သင် ဘယ်မှလာသနည်း။”
”တပည့်တော် မသိပါဘုရား”

”အဘယ်ကိုသွားမည်နည်း”
” မသိပါဘုရား ”

”သင် မသိသလော ”
” တပည့်တော်မသိပါတယ် ဘုရား. ”

”သင် သိ၏လော ”
” မသိပါ ဘုရား ” ဟု လျှောက်၏။

     ပရိတ်သတ်တို့သည် သတို့သမီးငယ်ကို ကဲ့ရဲ့ကုန်၏။
ထိုအခါ ဘုရားရှင်က သတို့သမီးကိုခေါ်၍ ” သင် ဖြေအပ်သော စကားလေးခွန်းကို အသေအချာလျှောက်အုံးလော့” ဟု မိန့်တော်မူသည်။

     အရှင်ဘုရား အကျွန်ုပ်သည် အဘယ်ဘဝကလာခဲ့သည်လဲ မသိပါ။
     အဘယ်ဘဝသို့ သွားရမည်လဲ မသိပါ။
     သေရမည်ဟု ဧကန်သိပါ၏။
     နေ့သေမည်၊ ညသေမည်၊ အဘယ်ကာလဝယ် သေရမည်လဲ မသိပါ ဘုရား..”ဟု လျှောက်၏။

     ထိုအခါ ဘုရားရှင်သည် ချီးမြှောက်တော်မူ၍ တရားဟောတော်မူသည်။

     ဤလောက (လူအပေါင်း)သည် မျက်ကန်းအတိသာဖြစ်၏။ ဤလောက၌ အနည်းငယ်မျှသောသူသည် မြင်၏။ ပိုက်ကွန်မှလွတ်သော ငှက် နည်းသကဲ့သို့ နတ်ရွာနိဗ္ဗာန်သို့ သွားသောသူ နည်းလှစွာ၏။

                 🌺🌺 ဓမ္မပဒ ဂါထာ🌺🌺
                            လောက ဝဂ္ဂ

ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု။
🌹        🌹       🌹      🌹       🌹
🙏        🙏       🙏      🙏       🙏

Wednesday, July 24, 2019

စရိုက်ကိုပြုပြင်ပေးပါ

🔽 စရိုက်ကို ပြုပြင်ပါမှ ( ပါချုပ်ဆရာတော်ဘုရားကြီး)

📌၁့ စရိုက်။
📊 စရိုက်ဆိုသည်မှာ တစ်ဦးတစ်ယောက်တွင် ရှိသော အပြုအမူ၊ စိတ်နေ
      သဘောထား၊ အဖြစ်များတဲ့ အခြေအနေတွေကို ဆိုလိုပေသည်။

📌 ၂့ စရိုက် ၆မျိုး။
(က) မကောင်းတဲ့စရိုက်။
📊 ဟိုဟာလိုချင် သည်ဟာလိုချင် တပ်မက် နှစ်သက် အကောင်းကြိုက်တတ်
      အလှအပမက်မောတဲ့ လောဘစရိုက်။
📊 စိတ်တို စိတ်ဆတ် မကျေမနပ်ဖြစ်လွယ်၊ ထစ်ခနဲရှိ ဒေါသထွက်လွယ်တဲ့
      ဒေါသစရိုက်။
📊 ပြောရင် လုပ်ရင် တွေးရင် ကိုးရိုးကားရား ကြောင်းကျိုး ဆီလျော်မှု
      မရှိတဲ့ မောဟစရိုက်။

(ခ) ကောင်းတဲ့စရိုက်။
📊 ကုသိုလ်ရေး စိတ်ဝင်စားပြီး ပြုလုပ်တတ်တဲ့ စရိုက်။ အလှု သီလ တရား
       နာ ပြုချင် ပြုတဲ့အလေ့ဖြစ်ပါတယ်။
📊 ဘယ်ကိစ္စဖြစ်ဖြစ် အလေးအနက်ထားတတ်တဲ့စရိုက်။ မဆင်မခြင် မလုပ်ဘူး။
📊 ဘာဖြစ်ဖြစ် တွေးနေတတ်တဲ့စရိုက်။ တွေးတောမှု အလွန်များတယ်။

📌 ၃့ စရိုက်က ဘယ်လို ဖြစ်လာရတာလဲ?
📊 စရိုက်ဆိုတာ ဘ၀ပေါင်းများစွာက ဖြစ်လာခဲ့ရတာ။ အတိတ်ဘဝက
      လေ့ကျင့်ခဲ့တာနဲ့ အဖြစ်များခဲ့တာတွေနဲ့သက်ဆိုင်တယ်လို့ အဋ္ဌာကထာ
      ဆရာကြီးများက ဆိုကြပါတယ်။
📊 အရှင်ဗုဒ္ဓဃောသ ကတော့ ပဋိသန္ဓေကို ဖြစ်စေတဲ့ ကံတရားဟာ စရိုက်ကို
       ဖြစ်စေချင်ရဲ့ အကြောင်းတရားပါပဲတဲ့။

📌 ၄့ စရိုက်ဖြစ်စေလာဖို့ ( အရှင်ဗုဒ္ဓဃောသ)
အတိတ်ဘဝက........
📊 ကုသိုလ်ဒါနပြုရာမှာ လိုချင်တောင်းတမှု ဘွဲ့ထူးတွေရချင်၊ အကျိုးတွေ
       ရချင် နံမည်ရချင်လို့ လှုခဲ့ရင် ရာဂစရိုက် ဖြစ်လာမယ်။
📊 ဒါနပြုရမှာ စိတ်တို မကျေလည် ဖြစ်နေခဲ့ရင် ဒေါသစရိုက် ဖြစ်လာမယ်။
📊 ကုသိုလ်ပြုရာမှ ဘာမှန်းမသိ ဇဝေဇဝါဖြင့် သူများလုပ်လို့ လိုက်လုပ်တာလား။
      ဒါဆို မောဟစရိုက် ဖြစ်လာပါမယ်။

📌 ၅့ စရိုက်ကို ဖြစ်စေသည့် ဘုံများ( ယေဘုယျအားဖြင့်)
📊 ချမ်းသာတဲ့ နတ်ဘုံဘ၀က ရောက်လာရင် လောဘစရိုက်ကြီးတယ်။
📊 ငရဲပြည်က လာရင် ဒေါသကြီးတယ်။
📊 တိရစ္ဆာန်ဘဝကလာရင် မောဟစရိုက်ကြီးတယ်။

📌 ၆့ စရိုက်၏ အမူအကျင့်များ။
📊 လှလှပပ၊ သပ်သပ်ယပ်ယပ်၊ သေသေသပ်သပ်  နေထိုင် ဝတ်စားခြင်းဟာ
      ရာဂ စရိုက်ပါပဲ။
📊 စိတ်တိုတယ်၊ ပစ်စလက်ခတ်ထားတယ်၊ ခြေနင်းကြမ်းတယ်၊ အမူအယာ
      ရမ်းတာ ဒေါသစရိုက်ပါပဲ။
📊 ဘာလုပ်လုပ် သေသေသပ်သပ် မရှိဘူး။ ကိုးရိုးကားရားတွေများတာ မောဟ
      စရိုက်ပါပဲ။

📌 ၇့ ကိုယ့်မှာ ဘာစရိုက်ရှိလည်းဆိုတာ လေ့လာဖို့ လိုတယ်။
📊 အိပ်ချိန်ကို ဖယ်ထားပြီး ကျန်တဲ့အချိန်မှာ ကိုယ့်မှာ ဘာစရိုက်တွေ ဖြစ်
       နေလဲဆိုတာ လေ့လာ သုံးသပ် ဆန်းစစ်ဖို့ လိုပါတယ်။
📊 ဒါမှ မကောင်းတံ့စရိုက်တွေကို ဖယ်ရှားပြီး ကောင်းတဲ့စရိုက်တွေ တိုးပွား
      လာအောင် ပြုပြင် ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။
⚠ တကယ့်လက်တွေ့မှာတော့ ကိုယ့်စရိုက်ကိုပင် မသိသူက အလွန်များကြပါ
      တယ်။

📌 ၈့ စရိုက်ကို သိမှ။
📊 ကိုယ့်မှာရှိနေတဲ့ စရိုက်ကို သေသေချာချာ မသိရင် ကမ္မဋ္ဌာန်းတရားအား
      ထုတ်ရာမှာ ဘဝလမ်းလျှေက်ရာမှာ မလွယ်ကူ၊ အခက်အခဲ၊ ပြဿနာတွေနဲ့
      တွေ့ဆုံကြဖို့ သေချာလှပါတယ်။

📌 ၉့ လူညံ့တွေက အလွန်များ။
📊 ကိုယ်အကြောင်းကိုယ် မသိတဲ့လူဆိုတာ အလွန်ညံ့တဲ့သူတွေပါပဲ။
📊 ဒါပေမဲ့ လက်တွေ့မှာ မသိကြသူက အလွန်များပါတယ်။

📌 ၁၀့ ကိုယ့်အကြောင်းကိုယ်သိအောင် ဘယ်လိုလုပ်ရမလဲ?
📊 ကိုယ့်အကြောင်းကိုယ် သိဖို့ဆိုတာက သတိနဲ့ သမ္ပဇဉ် ရှိဖို့လိုပါတယ်။
📊 သမ္ပဇဉ်ဆိုတာ အိမ်သာတက်တာမှအစ လှုပ်ရှားမှုအရာအားလုံးမှာ သတိ
      နဲ့ သိနေခြင်းကို ဆိုလိုပါတယ်။
📊 သတိမပါပဲနဲ့ သမ္ပဇဉ်လည်း မဖြစ်နိုင်ဘူး။
📊 ကြည့်ရာ၊ စားရာ၊ ဝတ်ရာ၊ သွားရာ၊ ပြောရာ၊ အိပ်ရာ၊ နိုးရာတွေမှာ သတိ
      သမ္ပဇဉ်ရှိဖို့  မြတ်စွာဘုရားရှင်က ညွှန်ကြားထားပါတယ်။ လက်ကလေး
      ကွေးတာက အစ ရှိနေဖို့ အရေးကြီးပါတယ်။

📌 ၁၁့ အသိဉာဏ်ရှိဖို့က အလွန်အရေးကြီးတယ်။
📊 သတိမပါရင် အသိဉာဏ်ဆိုတာ ဖြစ်မလာနိုင်ပါဘူး။
📊 သတိနဲ့ သမ္ပဇဉ်ကို တွဲလေ့ကျင့်ပေးမှ ဉာဏ်ကတက်လာမယ်။ မိမိစရိုက်
      တွေကိုလည်း သိရှိလာနိုင်မှာ ဖြစ်တယ်။

📌 ၁၂့ သတိ သမ္ပဇဉ် မရှိကြ။
📊 စားနေပေမဲ့ တွေးချင်ရာ တွေးနေကြတာ။ အသိစိတ်ကပ်နေကြတာ
      အင်မတန်ရှားတယ်။
📊 တရားပွဲထဲ တရားနာတာတောင် စိတ်က တစ်ခြား ရောက်နေတတ်ကြတာ။

📌 ၁၃့ စရိုက်ကို ပြင်ရင်ပြင်။
📊 စရိုက်ကို လေ့လာ ဆင်ခြင် သုံးသပ်ပြီး ပြင်ရင်ပြင် မပြင်ရင် စရိုက်ဆိုး
      တွေဟာ ဘဝသံသရာမှာ လိုက်ပါသွားနိုင်တယ်။
📊 သည်စရိုက်တွေက လူမှာပုံပေါ်နေတယ်။

📌 ၁၄့ စရိုက်ပေါ်လွင်စေရန် ဆရာတော်ကြီး ပေးတဲ့ ဥပမာ။
⬇ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းက ခွေးရယ်၊ အပြင်က ရောက်လာတဲ့
      ခွေးလေခွေးလွင့်ရယ်ဆိုရင် အကောင် ၃၀ကျော်လောက် ရှိပါတယ်။
       လေ့လာကြည့်တဲ့အခါ........
📊 အချို့ခွေးတွေက အနေအထိုင် သန့်တယ်၊ ပြောင်နေတဲ့လမ်းမှာ မစင်
      သွားမစွန့်ဘူး။ ဝေးတဲ့အမှိုက်ပုံတို့၊ တောထဲ သွားစွန့်တယ်။
📊 အချို့ခွေးက လမ်းအလယ်ခါင်မှ လာပုံတယ်။ ခြေသုတ်ခုံမှာလည်း
       လာစွန့်တယ်။ တစ်ခါတစ်လေ ဘုရားရင်ပြင်မှာ လာစွန့်သွားတယ်။
📊 ကိုရင်တွေ ဆွမ်းခံပြီး ပြန်လာတဲ့အခါ လိုက်လာတဲ့ ခွေးမလေးတစ်ကောင်
       ရှိတယ်။ ဝဝတုတ်တုတ် ရုပ်ချောချောလေး။ အကြားလေးမို့ မိချောလို့
       အမည်ပေးထားတယ်။ သဘောအလွန်ကောင်းတယ်၊ ဘယ်သူလာလာ
       အမြီးပြုတ်မတတ် ယမ်းရှာပြီး လူတွေကို မေတ္တာရှိကြောင်းပြနေတာ။
📊 တစ်ကောင်က ရုပ်ကဆိုး လူမြင်ရင် မျက်စောင်းထိုး၊ ကျောင်းကဘုန်းကြီး
      တွေပါ ပြန်ဟောင်တတ်တယ်။ ကျောင်းက ဘုန်ကြီးပြန်ဟောင်တာ ဘယ်
      လိုလုပ် ကောင်းတော့မှာလည်း။
📊 ဒါတွေဟာ စရိုက်တွေပဲ ဖြစ်ပါတယ်။ မတူညီကြဘူး။
📊 ကျောင်းစဆောက်ခါစက ခွေး ၂ကောင်ရှိတယ်။ တစ်ကောင်ဟာ ဆွမ်းချက်
      ပြီဆိုရင် တာဝန်မပေးပဲ ဌက်တွေ လူစိမ်းတွေလာရင် ဟောင်တော့တာပဲ
      ဧည့်သည်လာရင်လည်း ပြန်လိုက်ပို့ပေးရမှ။
📊 အခြားတစ်ကောင်က သူစားနေတုန်း အခြားအကောင်တွေလာစားရင်
      ဖယ်ပေးတယ်။ စားလို့ဝရင် ပိုတဲ့ ထမင်းခဲကို မြေကြီးထဲ မြှုပ်ထားတယ်။

📌 ၁၅့ လူတွေမှာလည်း။
📊 လူတွေမှာလည်း ပျင်းတဲ့လူ၊ ကြိုးစားတဲ့လူ၊ သဘောကောင်းတဲ့လူ၊
      သဘောဆိုးတဲ့လူ၊ ဒေါသကြီးတဲ့သူတွေအဖြစ် စရိုက်အမျိုးမျိုးရှိကြတယ်။
📊 စစ်ကိုင်းမှာ ဘုန်ကြီးတစ်ပါးဆိုရင် ထိန်းမရအောင် စိတ်တိုတတ်တယ်။
      ထစ်ခနဲဆို စိတ်တိုတော့တာပါပဲ။

📌 ၁၆့ ကိုယ်စရိုက် ကိုယ်ပြင်မှ။
📊 လောဘစရိုက်အားကြီးရင် အသုဘကမ္မဋ္ဌာန်းကို ပွားများရမယ်။ ဒွါရ ၉
      ပေါက်မှာ ထွက်လာတာ အညစ်အကြေးတွေချည်းပဲ။ ဒါကို ရေမွှေူနဲ့ဖုံးရ
      အမျိုးကာနေရတာ။
📊 ဆံပင်ဟာ ခေါင်းပေါ်မှာ ရှိတော့ ပြင်လိုက် ဆင်လိုက်ရတာ၊ ထမင်းပန်းကန်
      ထဲလည်း ကျရော စိတ်ဆိုးလိုက်ကြတာ။ တကယ်တော့ သည်ဆံပင်က
      သည်ဆံပင်ပဲ၊ အတူတူပါပဲ။ သေရင် ဒေါသကြီးတဲ့ ကျား ခြင်္သေ့ မြွေ နဂါး
      တွေ ဖြစ်မယ်။ အဲ့ဒီဘဝက လူပြည်ရောက်လာရင်လည်း ဒေါသ ကြီးတတ်
      ကြတယ်။
📊 ဒေါသစရိုက်ကြီးသူက မေတ္တာပွားပြီး လျော့ချရမယ်။
📊 မောဟကြီးသူက ဉာဏ်အားကောင်းလာအောင် လေ့ကျင့်ပေးရမယ်။

သန်းဝင်း

Credit...

Sunday, July 21, 2019

စီးပွားအောင်မြင်ကြောင်းတရား

#ဗုဒ္ဓဟောကြားစီးပွားအောင်မြင်ကြောင်းတရား ‬(၄)ပါး

လူတွေဟာချမ်းသာချင်ကြတယ်။ အခုမှမဟုတ်ပါဘူး။
ရှေးတုန်းကတည်းကပါ။
အင်္ဂုတ္တရနိကယ်မှာ ဒီလိုဟောထားပါတယ်။
.
ဗုဒ္ဓလက်ထက်တော်၊ ကောလိယတိုင်း၊ ကက္ကရပတ္တမြို့မှာ
ဒီဃဇာဏုဆိုတဲ့အမျိုးသားဟာ ဒီဘဝမှာ
ချမ်းချမ်းသာသာ နေချင်ပါတယ် ။အဲဒီလို ဖြစ်နိုင်တဲ့ အခြေအနေ
ကောင်းများ ရှိပါသလားလို့ မေးလျှောက်ခဲ့ပါတယ်။
.
ဗုဒ္ဓက ရှိတယ်၊ ဒီဘဝအတွက် ဟိတသုခ အခြေအနေကောင်း
တွေနဲ့ ချမ်းသာသုခကိုရစေနိုင်တဲ့ အချက်လေးမျိုးရှိတယ်။

(၁) #ဥဋ္ဌာနသမ္ပဒါ

ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့
ကြိုးကြိုးစားစား တက်တက်ကြွကြွ လုပ်ကိုင်ရမယ်။
ကြိုးစားတိုင်းရသလားဆိုတော့ မရနိုင်ဘူး။

ဒက္ခ - လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်။

အနလသ - ဇွဲကောင်းမှုရှိရမယ်။

ဥပါယဝီမံသ - နည်းပညာရှိရမယ်။

ကြိုးစားမှုရှိရုံတစ်ခုတည်းနှင့်တော့ မရဘူး။
ကြိုးစားမှုဆိုတဲ့ထဲမှာ အရေးကြီးတဲ့ အချက်၃ချက် ပါတယ်။
ကြိုးတော့ကြိုးစားတယ်၊ လုပ်ငန်းက မကျွမ်းကျင်ဘူး မအောင်မြင်နိုင်ဘူး။
ကြိုးစား တော့ကြိုးစားတယ် ဇွဲမကောင်းဘူး မအောင်မြင်နိုင်ဘူး။
ကြိုးစားတယ်၊ နည်းပညာက နိမ့်ကျနေတယ်၊စီမံခန့်ခွဲနိုင်တဲ့
စွမ်းအားတွေမရှိဘူး။ မအောင်မြင်နိုင်ပါဘူးတဲ့။
ဒါလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က ဗုဒ္ဓကစီးပွားရေးမှာေ
အောင်မြင်ဖို့ နည်းလမ်းညွှန်ပြပေးထားတာပါ။
ပိဋကတ်တော်တွေထဲမှာ ပါတဲ့ တရားပါ။
လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲကောင်းမှု၊ နည်းပညာ အဲဒီ  ကြိုးပမ်းအားထုတ်မှု ရှိ၇မယ်တဲ့။

(၂) #အာရက္ခသမ္ပဒါ

ထိန်းသိမ်းစောင့်ရှောက်မှု ရှိရမယ်။
လောကမှာ စီးပွားဥစ္စာတွေနဲ့ ငွေကြေးဓနမြောက်မြားစွာ
ထုတ်လုပ်နိုင်တယ်။ သို့သော် မထိန်းသိမ်းဘူးဆိုရင် အလေအလွင့်
တွေများပြီးတော့ စီးပွားဥစ္စာ တိုးသင့်သလောက် မတိုးဘူး။
အလုပ်လုပ်ပြီး ရလာတဲ့ ပစ္စည်းကို ရေကြောင့် မီးကြောင့်
ရန်သူမျိုးငါးပါးကြောင့် မပျက်စီးအောင် အလေအလွင့် မရှိအောင်
သေချာစောင်ရှောက်မှုဆိုတဲ့ အာရက္ခသမ္ဗဒါ တရားရှိဖို့လိုသေးတယ်။
ဒါလည်း ဒုတိယအချက်အနေနဲ့ အခုလက်ရှိဘဝမှာ စီးပွားတက်ဖို့
မြတ်ဗုဒ္ဓကဟောထားတာ။
ဒါလည်း အင်မတန်လိုအပ်တဲ့ အကြောင်းတရားပါ။

(၃) #ကလျာဏမိတ္တသမ္ပဒါ

မိတ်ဆွေကောင်း ရှိရမယ်။
စီးပွားရေးနဲ့ ပတ်သက်ပြီး အကြံပေးမည့်သူ၊
အကျင့်စာရိတ္တကောင်းတဲ့သူ၊ အသိပညာရှိတဲ့သူ၊ စွန်လွှတ်နိုင်တဲ့သူ၊
ယုံကြည်ရတဲ့လူ၊ ဒီလိုမိတ်ဆွေကောင်းတွေ အင်မတန်မှလိုအပ်ပါတယ်။
ဒီကနေ့ခေတ်ကြည့် စီးပွားဥစ္စာ တိုးတက်နေတဲ့ ပဂ္ဂိုလ်တွေတိုင်းဟာ
ဒီအခြေနေကောင်းတွေ ရှိနေပါတယ်။
ကြိုးပမ်းအားထုတ်မှုကြောင့် ပစ္စည်း ဥစ္စာတွေ ရရှိလာမယ်။
ထိန်းထိန်းသိမ်းသိမ်း ရှိတတ်လို့ စုမိဆောင်းမိလည်း ရှိလာမယ်။
သိုသော် မိတ်ဆွေကောင်းမရှိဘူးဆိုရင် အဲဒီ ပစ္စည်းဥစ္စာတွေဟာ
သဲထဲရေသွန်သလိုအသုံးအဖြုန်းနဲ့ တစ်ခါတည်း
ပျက်စီးဆုံးရှုံးသွားနိုင်တယ်။

(၄) #သမဇီဝိတသမ္ပဒါ

နောက်ဆုံးစီးပွားရေးနဲ့ ပတ်သတ်ပြီး တကယ်လဲ အရေးကြီးဆုံး
တစ်ချက်ကတော့ ရလာတဲ့ စည်းစိမ်ဥစ္စာအပေါ် ကိုယ်ထုတ်လုပ်တဲ့
ပစ္စည်းကိုယ့်ရဲ့ ဝင်ငွေ ထွက်ငွေနဲ့ ပတ်သက်ရင် စာရင်းဇယားခိုင်ခိုင်
မာမာထားပြီးတော ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း မျှမျှတတ
ဖြစ်နေဖို့ အရေးကြီးတယ်။
သမဇီဝိတဆိုတဲ့သဘောက ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း
ညှိပြီးတော့ သုံးစွဲတဲ့ အခုခေတ် စီပွားရေပညာလိုပဲ။
ဝင်ငွေကများပြီးတော့ သုံးငွေနည်းနေလို့ မဖြစ်ဘူး။
သုံးငွေက များပြီးတော့ ဝင်ငွေတွေက နည်းနေလို့လည်း မဖြစ်ဘူး။
ထို(၂)ခုဟာ မျှမျှတတ ဖြစ်နေဖို့လိုတယ်။

မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ကျော်ကတည်းက
ကြိုးပမ်းမှု ၊ အားထုတ်မှု ၊ အလေအလွင့်မရှိအောင်
ထိန်းသိမ်းမှု ၊ မိတ်ဆွေကောင်းရှိမှု ၊
ဝင်ငွေထွက်ငွေမျှမျှတတ သုံးစွဲမှု ၊
ဆိုတဲ့အချက်ကြီး(၄)ချက်ကို ဟောခဲ့ပါတယ်။

ဘယ်သူပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး။
ဒီစည်းကမ်းအတိုင်းဆောင်ရွက်မယ်ဆိုရင်
စီးပွားရေးက တိုးတက်လာမှာပဲ။
အများကြီးမတိုးတက်တောင် ပျက်စီးမသွားတော့ဘူး။
ဒါ ဒီဘဝမှာ ကောင်းတဲ့ အခြေအနေတွေနဲ့
ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက် (၄)ချက်ပါပဲ။

အဂ္ဂမဟာပဏ္ဍိတ အရှင် #နန္ဒမာလာဘိဝံသ(Ph.D)
Posted by #Dhammamàmaka
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

Friday, July 19, 2019

ဥပုသ်ကျိုးခြင်း

(ဥပုသ်ကျိုးခြင်းနှစ်မျိုး) 

ဥပုသ်ကျိုးခြင်းသည် ခံယူဆောက်တည်မှုပျက်အောင် ကျိုးခြင်းတစ်ပါး ,အကျိုးအာနိသင်သိမ်ဖျင်းရုံ ကျိုးခြင်းတစ်ပါးဟု နှစ်ပါးရှိ၏။ ထိုနှစ်ပါးတို့တွင်-------ထိုထိုသိက္ခာပုဒ်တို့၌ ပြအပ်သောအပျက်အင်္ဂါပြည့်စုံအောင် လွန်ကျုးမှုသည် ခံယူဆောက်တည်မှုပျက်အောင်ကျိုးခြင်းမည်၏၊၊     ပြဆိုခဲ့ပြီးသောမေထုန်ငယ်(၇)ပါးတွင် တစ်ပါးပါးနှင့်ငြိစွန်းမှု ပြဆိုခဲ့ပြီး ပါပဓမ္မတို့တွင် တစ်ပါးပါးနှင့်ငြိစွန်းမှုသည် အကျိုးအာနိသင်သိမ်ဖျင်းရုံမျှ ပျက်ခြင်းမည်၏၊၊    ဂေလညမရှိပဲ နေလွဲကွမ်းစား ဆေးဝါး ဆေးသောက်မှုသည် ထိုအမှုကိုသာယာသော ကိလေသာအမှုပင်ဖြစ်ချေသည်။ထို့ကြောင့် အညိုးအစုတွင်ပါဝင်ရာသော အခွင့်ရှိသည်ဖြစ်၍ အနောရောဂါဟူသော ဂေလညအကြောင်းမရှိပဲ နေ့လွဲ ကွမ်းစားဆေးဝါး ဆေးသောက်မှုကို ပြုခဲ့သည်ရှိသော် ဝိကာလဘောဇနသီလဥပုသ် ညိုးသည်။အကျိုးအာနိသင်ညံ့သည်ဟု ဆိုရပေမည်၊၊  

  ထိုမှတစ်ပါးလည်း--------- “အပ္ပိစ္ဆတာ သန္တုဋ္ဌိတာ သလ္လေခတာဒီနံစ ဂုဏာနံ ဥပ္ပတ္တိယာ သင်္ဂဟိတော"ဟူသော ဝိသုဒ္ဓိမဂ်နှင့်အညီ အလိုနည်းခြင်း ရောင့်ရဲခြင်း ခေါင်းပါးခြင်း စသော ဂုဏ်တို့နှင့် ယှဉ်သောသီလမှ အကျိုးအပေါက်လွတ်သည် ထိုဂုဏ်တို့နှင့်မယှဉ်မူ၍ မဟိစ္ဆတာစသောအပြစ်တို့နှင့် ယှဉ်ခဲ့ပြန်မူ အကျိုးအပေါက်မလွတ်သည်သာ ဖြစ်၏ ၊၊

  မဟိစ္ဆတာ၊မိမိအကျင့်ကို သူတစ်ပါးကို သိကြားစေလို ထင်ရှားစေလိုသောကြောင့် ဥပုသ်ကျိုးခြင်း၊၊

အသန္တုဋ္ဌိတာ၊ယုတ်ညံ့သောအဝတ် အစား မြက်အခင်း သစ်ရွက်အခင်းစသည်တို့၌ ရောင့်ရဲခြင်းကို မပြုမူ၍ အဝတ်ကောင်း အစားကောင်း ညောင်စောင်းမွေ့ရာ ကမ္ဗလာကော်ဇောစသော အိပ်ရာနေရာကောင်းများကို သာယာ၍ ဥပုသ်ကျိုးခြင်း၊၊

အသလ္လေခတာ၊သိက္ခာပုဒ်အပျက်အင်္ဂါလွတ်ရုံမျှ အားရ၍ ထို့ထက်အလွန်ခြိုးခြံမှု မရှိမူ၍ ဥပုသ်ကျိုးခြင်း၊၊

သင်္ဂဏိကာရာမတာ၊အပေါင်းအဖော်၌ မွေ့လျော်၍ ဥပုသ်ကျိုးခြင်း၊၊

ဘဿာရာမတာ၊သူတော်ကောင်းတရားမှ လွတ်သော စကား၌ မွေ့လျော်၍ ဥပုသ်ကျိုးခြင်း ဤသို့စသဖြင့် ဥပုသ်ညိုးမှုသည် ပေါများလှပေသည်၊၊

  ဤစကားရပ်တို့ဖြင့် ဥပုသ်ခံယူပြီးသောနောက်၌ သစ်ခေါက်ဆိုး သစ်ရွက်ဆိုး ဖန်ရည်ဆိုးသောအဝတ်မျိုးမှတစ်ပါး ပိတ်ဖြူပိုးဖဲစသော အဝတ်ကောင်း အထည်ကောင်းမျိုး ,သင်ဖြူးကော်ဇောစသော အိပ်ရာနေရာကောင်းမျိုး, နေမလွဲမီ ဆေးကောင်းကွမ်းကောင်း လဖက်ကောင်းမျိုး ,နေလွဲသောအခါ ဆေးကွမ်းမျိုးအဖုံဖုံတို့၌ သန္တုဋ္ဌီသလ္လေခကင်းကွာ၍ သာယာစွာသုံးဆောင်သမျှသည် ဥပုသ်ကျိုးမှုချည်းဖြစ်သတည်း၊၊

  အဋ္ဌကထာ၌ ခဏ္ဍသဒ္ဒါနှင့် လာသောကြောင့် အကျိုးဟူ၍ ဆိုလေသည်၊အကျိုးဆိုသော်လည်း အပျက်အကျိုးမဟုတ် အညိုးကျိုးစုသာတည်း။

လယ်တီဆရာတော်ကြီး

အရုဏ်တက်ချိန်

ဝါဆိုလဝယ်   လေးသုးံဆယ်  မှတ်ဖွယ်အာရုဏ်တည်း။    မုန်းတပေါင်းဝယ်ငါးတစ်ဆယ်  မှတ်ဖွယ်အာရုဏ်တည်း။   နတ်တော်တွဲဝယ်  ငါးနှစ်ဆယ်   မှတ်ဖွယ်အာရုဏ်တည်း။     ပြာသိုလဝယ်  ငါးသုးံဆယ်   မှတ်ဖွယ်အာရုဏ်တည်း  ။             

ကိုယ့်ရဲ့စိတ်ကိုကြာပန်းလိုလေ့ကျင့်ပါ

ကိုယ်ရဲ့စိတ်ကို ရွှံ့ညွှန်ထဲက ကြာပန်းလို့ လေ့ကျင့်ပါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

★ အနောက်နိုင်ငံ လေဆိပ်တိုင်းမှာ တွေ့နိုင်တဲ့စာအုပ် Mindfulness - သတိပဋ္ဌာန်၊ Harvard တက္ကသိုလ်ထွက် Harvard မှာ Ph.D လုပ်တဲ့ ဆရာကြီးနှစ်ယောက် အခုတော့ တခြားတက္ကသိုလ်မှာ professor ဖြစ်နေတယ်။ The Science of Meditation တဲ့။

★ The science of meditation ဆိုတာ  တရားထိုင်တာကို သူတို့က science လို့ပြောတာပေါ့။ ဘာဖြစ်လို့တုန်းဆိုတော့ Neurology နဲ့လည်း လေ့လာတယ် တရားထိုင်တဲ့ ဆရာတော်တွေ Clinical psychology နဲ့လည်း လေ့လာတယ်။ အဲလို လေ့လာတဲ့အခါကျတော့ hard science က evidence ရှိတယ်။ အဲဒါလေး လုပ်ထားတယ်။

★ ဒါ ဒီထဲက ဆရာနှစ်ယောက်ထဲက တစ်ယောက် Professor Richard Davidson ဆို Wisconsin တက္ကသိုလ်က The Emotional Life of Your Brain – Emotion က ဘယ်အခြေအနေမျိုးဖြစ်ရင် ဦးနှောက်က ဘယ်လိုပြောင်းတယ်။

★  ဒါတွေဟာ Scientist တွေ ရေးထားတာ။ အပြင်လူအနေနဲ့ လေ့လာတယ်၊ လေ့လာတဲ့အခါကျတော့ အနောက်နိုင်ငံမှာ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လို အသုံးပြုနိုင်တုန်း သူတို့ သိလာတယ်။

★ ဥပမာ ၁၉၇၆-ခုနှစ်တုန်းက MIT ဆေးတက္ကသိုလ်က ဆရာကြီးတစ်ယောက်က သူရဲ့လူနာတွေ chronic pain ရှိနေတဲ့လူနာတွေ နာတာရှည်ဝေဒနာရှိတဲ့ လူနာတွေ pain killer တွေ အနာပျောက်စေတဲ့ဆေးကို ပေးတယ်။

★ ဝေဒနာအမြဲတမ်းရှိနေတော့ ဆေးအမြဲတမ်း သောက်နေရတယ်။ အမြဲတမ်းသောက်ရင် ဆေးများများသောက်ရင် kidney ဘာဖြစ်တုန်း၊ ထိခိုက်တယ်၊ kidney ပြန်ကုရပြန်ရော။

★ အဲဒီတော့ ဝေဒနာ ရှိတိုင်း pain killer ပေးတာလည်းပဲ အဖြေမဟုတ်သေးဘူး။ အဲတော့ pain နဲ့ ပတ်သတ်ပြီးတော့ ဝေဒနာနဲ့ ပတ်သတ်ပြီးတော့ ဘာတွေများ ရှိသေးတုန်း သူတို့လေ့လာကြတယ်။

★ အဲဒါနဲ့ Mindfulness Based Stress Reduction – MBSR, google ထဲမှာ ရှာနိုင်တယ်။ Mindfulness Based Stress Reduction - အဲဒီ clinic ကို ပထမဆုံး MIT ဆေးရုံမှာ စတင်တယ်။ သတိပဋ္ဌာန်ရှိရင် ဝေဒနာရှိတယ်ဆိုတာကို ကိုယ်က ကြိုပြီးတော့ မျှော်လင့်ထားတယ်။

★ နောက်ပြီးတော့ ဒီဝေဒနာကို ကိုယ်က fighting မလုပ်ဘူးဆိုရင် Charles Darwin က ရေးထားတာ ရှိတယ်လေ Hard Scientist က ရေးထားတဲ့ဟာ The Expression of Emotions in Human and Animals အဲစာအုပ်လေး နှစ်-၂၀၀ ကျော်ပြီ။ လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ emotion ကို သူလေ့လာတာ။

★ ဒီနေ့ကျတော့ အဲ subject ကို နှစ်-၂၀၀ ကျော်တဲ့အခါမှာ ဒီ subject ကို advance လုပ်တာ အဝေးကိုရောက်သွားတယ်။ အဲထဲမှာ ဒီစာအုပ်တွေပါတယ်။ အဲတော့ ဘာတွေ့ရတုန်းဆိုတော့ အဲဒီ clinic မှာ ဝေဒနာကို ဆေးနဲ့ မဟုတ်ဘဲနဲ့ စိတ်နဲ့ အတိုင်းအတာ တော်တော်များများထိ control လုပ်နိုင်တယ် ဒါလေးတွေ့သွားတယ်။

★ နည်းနည်းပဲ ရှိတဲ့ ဝေဒနာကို စိတ်က multiply လုပ်လိုက်တော့၊ ဒီဝေဒနာ ခံရခက်နေတာလည်းပါတယ်။ ဒါကြောင့် Emotional training အဲဒါတွေကို သူတို့စပြီးလုပ်လာတယ်။

★ ဒါပေမဲ့ Emotional training ကို အနောက်နိုင်ငံကလည်းပဲ သက္ကရာဇ် ၂၀၀၀ တုန်းက ဟားဗဒ် professor သူ research လုပ်ကြည့်တာ သုတေသန လုပ်ကြည့်တာ Psychology မှာ positive psychology နဲ့ negative psychology -

Negative ဖြစ်တဲ့ ပြဿနာတွေကို ကြည့်တာ လေ့လာပြီး စာအုပ်ရေးတာနဲ့ positive ဖြစ်တာ ကိုရေးတာ ဘယ်လောက်ရှိတုန်းဆို 21 : 1, ၂၁ နဲ့ ၁ ratio က၊ negative ဖြစ်တဲ့ဟာက စာအုပ် ၂၁-အုပ်ဆိုရင် positive ဖြစ်တဲ့ဟာ ၁-အုပ်ပဲ ရှိတယ်။

★ အဲဒီဟာကို translate လုပ်မယ်ဆိုရင် လူတစ်ယောက်က ၂၁-ရက် စိတ်ညစ်ပြီးမှ ၁-ရက်ပဲ ပျော်ရွှင်တယ်။ ၂၁-နှစ် စိတ်ညစ်ပြီးမှ ၁-နှစ် ပျော်ရွှင်နိုင်တယ်လို့ အဓိပ္ပါယ်ရတယ်။ သူတို့ study subject ကိုလေ့လာကြည့်မယ်ဆိုရင်။ ဒါကြောင့်မို့ Positive psychology ဆိုတာ အခု သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှာ ပိုပြီးတော့ အားကောင်းလာတယ်။

★ အဲတော့ ကရုဏာဆိုတဲ့ compassion ကို focus လုပ်တယ်ဆိုရင် သူက Positive quality ဖြစ်တယ်။ လူတစ်ယောက် ကိုယ့်မကောင်းတာပြောတယ် ကိုယ့် jealous ဖြစ်တယ် ကိုယ့်ကို ဟိုပြောဒီပြောပြောတယ်၊ ကိုယ့်ကို compare လုပ်တယ် ယှဉ်ပြိုင်တယ် လာပြီးတော့ ကြွားတယ်။

★ အဲဒါမျိုးဖြစ်တဲ့အခါမှာ ကိုယ်ရဲ့အတွေးက positive မဖြစ်ဘူးဆိုရင် ကိုယ် အလူးအလဲခံရတယ်၊ အရမ်း အလိုလိုနေရင်းနဲ့ destruction များတယ်၊ အဲတော့ အဲလိုလုပ်တဲ့လူကို အော် ဒီပုဂ္ဂိုလ်ကတော့ သူ စိတ်ဒုက္ခရောက်နေတယ် သူ စိတ်ထဲမှာ ဒုက္ခရောက်နေတယ်။

★ ဒုက္ခဆိုတဲ့ စကားလုံး အသုံးပြုနိုင်တယ်။ စိတ်ထဲမှာ ဒုက္ခဖြစ်နေတယ်။ အဲလို အသုံးပြုတဲ့အခါကျတော့ သူ့ကို ကိုယ်က ဒေါသဖြစ်မယ့်အစား ဒေါသမဖြစ်ဘဲနဲ့ သနားတဲ့စိတ်ဖြစ်တယ်။

★ သနားတယ်ဆိုတဲ့ ကရုဏာဖြစ်တာ။ ကရုဏာက positive ဖြစ်သွားတယ်။ သူရဲ့ behavior က negative ဖြစ်တယ် အဲဒီ negative ဖြစ်တဲ့အရာကို ကြည့်ပြီးတော့ positive ဖြစ်တယ်ဆိုတော့ ဒါ transformation ဖြစ်သွားတယ်။

★ ရွှံ့ထဲမှာ နေတဲ့    ကြာပန်း ရွှံ့ကနေ အဆက်အသွယ် ရှိနေတယ်။ ရွှံ့ဆီကနေပြီးတော့ Engrgy တွေ ယူနေတယ်။ ဒါပေမဲ့ ဒီ ကြာပန်းက negative မဖြစ်တော့ဘူး၊ ရွှံ့ပေါ်ကိုရောက်ပြီ ရေရဲ့အပေါ်လည်းရောက်ပြီ၊ ရေအပေါ်ရောက်ပြီးတော့ သူ့မှာ နေရောင်ရပြီး ပွင့်လာတယ်။

★ ဒီတိုင်းပါပဲ ဘ၀မှာ Negative ဖြစ်တဲ့ အတွေ့အကြုံတွေ နေ့တိုင်း တွေ့ရတယ်၊ တက္ကသိုလ်မှာလည်း တွေ့ရမယ် အိမ်မှာလည်း တွေ့ရမယ် လမ်းမှာလည်း တွေ့ရမယ် အလုပ်ခွင်လောကမှာလည်း တွေ့ရမယ်။ အဲလိုတွေ့တယ်ဆိုရင် အဲဒီ negative behaviour တွေ negative attitude တွေ မိမိရဲ့ energy အတွက် ဖြစ်ပါစေ။

★ ကိုယ်ရဲ့စိတ်ကို lotus flower ကြာပန်းလို ဖြစ်အောင် train လုပ်ပါ။ အဲလို train လုပ်တယ်ဆိုရင် transformation က ဘယ်ကနေဆို ရွှံ့ကနေ ကြာပန်းအထိ ရောက်သွားတယ် transport လေ ဓမ္မစကြာ ဆိုတာ transport,  Philosophy က ဒီထဲမှာ။

★ ဒါကြောင့် ကြာပန်းကိုပဲကြည့်ကြည့် ဓမ္မစကြာကိုပဲ ကြည့်ကြည့် ဒီအတွေးအခေါ်ရအောင်ယူပါ။ ဒီ အတွေးအခေါ်နေ့စဉ် အသုံးပြုပါ။

အားလုံးကျန်းမာချမ်းသာကြပါစေ။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

(၁၁.၁.၂၀၁၈) မန္တလေးတက္ကသိုလ် တွင် ဟောကြားတော်မူခဲ့သော "ဓမ္မစကြာ" တရားတော်မှ ရေးသားပူဇော်ပါသည်။

Credit..