စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, July 31, 2019

ရက်ကန်းသည်မလေး

ပေသ ကာရ ဓီတာ (ရက်ကန်းသည်)
🌺🌺 🌺🌺 🌺🌺 🌺🌺 🌺🌺

     မြတ်စွာဘုရား အဂ္ဂါဠဝစေတီ၌ နေတော်မူသောအခါ အာဠဝီပြည်သားတို့သည် ဘုရားရှင်ကို ပင့်၍ ဆွမ်းလုပ်ကျွေးကုန်၏။ ဘုရားရှင်သည် ဆွမ်းသုံးပြီးသော အဆုံး၌ အနုမောဒနာ မပြုဘဲ မရဏာနုဿတိကို ပွားလေ့ရှိသော ရက်ကန်းသည် သမီးငယ်တစ်ယောက်ကို ငံ့လင့်တော်မူ၍ ဆိတ်ဆိတ်နေလေ၏။

     သတို့သမီးသည် အိမ်မှရက်ဖောက်ရောက်၍ လာပြီးလျှင် ” ရက်ဖောက်တောင်းကို အဘထံသို့ ပို့ချေဦးအံ့။ ပြန်မှတရားတော်ကိုနာအံ့..” ဟု ကြံ၍သွားမည်ရှိရာတွင် ဘုရားရှင်သည် သတို့သမီးသွားသည်ရှိသော် ကတိမမြဲသော ပုထုဇဉ်အဖြစ်ဖြင့် သေရလတ္တံ့ သည်ကို မြင်တော်မူ၍ လည်ဆန့်ပြီး ချမ်းမြေ့ကြည်လင်သော မျက်စိဖြင့် သတို့သမီးကို ကြည့်တော်မူလျှင် သတို့သမီးသည် အလိုလိုသိ၍ ရှေ့တော်သို့ လာ၍ ရှိခိုးလျက်နေရာ ဘုရားရှင်မေးတော်မူ၏...

” သတို့သမီးငယ် သင် ဘယ်မှလာသနည်း။”
”တပည့်တော် မသိပါဘုရား”

”အဘယ်ကိုသွားမည်နည်း”
” မသိပါဘုရား ”

”သင် မသိသလော ”
” တပည့်တော်မသိပါတယ် ဘုရား. ”

”သင် သိ၏လော ”
” မသိပါ ဘုရား ” ဟု လျှောက်၏။

     ပရိတ်သတ်တို့သည် သတို့သမီးငယ်ကို ကဲ့ရဲ့ကုန်၏။
ထိုအခါ ဘုရားရှင်က သတို့သမီးကိုခေါ်၍ ” သင် ဖြေအပ်သော စကားလေးခွန်းကို အသေအချာလျှောက်အုံးလော့” ဟု မိန့်တော်မူသည်။

     အရှင်ဘုရား အကျွန်ုပ်သည် အဘယ်ဘဝကလာခဲ့သည်လဲ မသိပါ။
     အဘယ်ဘဝသို့ သွားရမည်လဲ မသိပါ။
     သေရမည်ဟု ဧကန်သိပါ၏။
     နေ့သေမည်၊ ညသေမည်၊ အဘယ်ကာလဝယ် သေရမည်လဲ မသိပါ ဘုရား..”ဟု လျှောက်၏။

     ထိုအခါ ဘုရားရှင်သည် ချီးမြှောက်တော်မူ၍ တရားဟောတော်မူသည်။

     ဤလောက (လူအပေါင်း)သည် မျက်ကန်းအတိသာဖြစ်၏။ ဤလောက၌ အနည်းငယ်မျှသောသူသည် မြင်၏။ ပိုက်ကွန်မှလွတ်သော ငှက် နည်းသကဲ့သို့ နတ်ရွာနိဗ္ဗာန်သို့ သွားသောသူ နည်းလှစွာ၏။

                 🌺🌺 ဓမ္မပဒ ဂါထာ🌺🌺
                            လောက ဝဂ္ဂ

ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု။
🌹        🌹       🌹      🌹       🌹
🙏        🙏       🙏      🙏       🙏

No comments:

Post a Comment