{{{{ ဘယ်အချိန် အရုဏ်တက်ပါသလဲ ? }}}}
နိဒါန်း ~
ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု။
ဝိနည်းအဋ္ဌကထာ စကားအရ ဝိနည်းပိဋကတ်သည် သာသနာတော်၏ အသက်ဖြစ်သည်ဟု အဆက်ဆက်သော ဆရာတော်များ မိန့်ကြားခဲ့ကြသည်။
ဝိနည်း သီလတရားသည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ ရှောင်လွှဲ၍မရသော အသက်နှင့်ထပ်တူကျင့်ရမည့် သီလသိက္ခာ ကျင့်စဉ်ကြီးဖြစ်သည်။
ဗုဒ္ဓဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူချိန်မှအစ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့၏မှီရာ ဆွမ်း-သင်္ကန်း-ကျောင်း-ဆေး ပစ္စည်းလေးပါးနှင့်ဆိုင်ရာ ဝိနည့်းပညတ်တော်တို့ကို အရုဏ်နှင့် ဆက်စပ်၍ ပညတ်တော်မူသည်။
လူဒါယကာ လူဒါယိကာမများ၏ ဒါနပြုခြင်းနှင့် ဥပုသ်စောင့်ခြင်းဆိုင်ရာတို့မှာလည်း ဥပုသ်နှင့်ဆက်စပ်နေပါသည်။
ယင်းအရာများစွာ ရှိနေသည်ကို ထောက်ဆသော် ဘုရားရှင်၏ ဝိနည်းဥပဒေအရ အရုဏ်ကိစ္စသည် အရေးကြီးသော ကိစ္စတရပ်ဖြစ်ကြောင်းမှ ထင်ရှားလှပါသည်။
ရဟန်း ရှင်လူ သူတော်စင်အများစုတို့သည်
အရေးကြီးသည့် အရုဏ်တက်ချိန်ကို ကွဲပြားခြာနားစွာ အတိအကျ မသိကြပါ။
အလွယ်တကူ သိရှိနိုင်ရန်အတွက် မေတ္တာကရုဏာ ရှေ့ထား၍ ဆရာတော်ကြီးများ ရေးသာပြီးသော
ကျမ်းစာအချို့နှင့် သြဝါဒကထာတို့ကို စာအုပ်ငယ်လေးအဖြစ် ရေးသာအပ်ပါသည်။
အရှင်ဝဏ္ဏိတ
တောရကျောင်း
အစင်ရွာ၊ ရေးမြို့နယ်။
မွန်ပြည်နယ်။
၁၃၄၅-ခုနှစ်၊ တော်သလင်းလ။
နမော တဿ ဘဂဝေတာ အရဟေတာ သမ္မသမ္ဗုဒ္ဓဿ။
အရုဏ်တက်ချိန်ကိုပြရာမှာ မိမိအယူဝါဒကို ပြခြင်းထက် ဆရာတော်ကြီးများ ရေးသားပြီးသော ကျမ်းစာအချို့နှင့် သြဝါဒတို့ကို ပိုမို လေးနက်မည်ဟု ယူဆ၍ ထိုဆရာတော်ကြီးတို့၏ကျမ်းစာ အယူအဆနှင့် သြဝါဒများကို ပြပါမည်။
( အဂ္ဂမဟာပဏ္ဍိတ -ဆရာတော်အရှင်ဥက္ကံသာဘိဝံသ ) ရေးထားသော
(( အရုဏ်တက်ချိန် အဆုံးအဖြတ်ကျမ်း )) မှ
အရုဏ်တက်ချိန် -
သာဓက ။ ။ သူရိယဿ၊ နေမင်း၏။ ဥဒယကော၊ ထွက်ပေါ်လာသည်မှ။ ပုဗ္ဗေ၊ ရှေ့နား၌။ ဥဋ္ဌိတရံသိ၊ တက်လာသောအရောင်သည်။ အရုဏောနာမ၊ အရုဏ်မည်၏။ (အဘိဓာနဋီကာ-၆၅-ဂါထာ )
ဆိုလိုရင်း။ ။ နေထွက်သည်မှ ရှေ့နား (နေမထွက်သေးမီ)၌ တက်လာသောအရောင်သည် အရုဏ်မည်၏ဟု ဆိုလိုသည်။
သာဓက။ ။ အရုဏောတိစေတ္ထ၊ အရုဏော-ဟူသော ပါဠိတော်၌။
သူရိယုဂ္ဂမနဿ၊ နေထွက်ပေါ်လာခြင်း၏။
ပုရေစရော၊ ရှေ့သွားဖြစ်သော။
ဝဍ္ဎနဃနရတ္တော၊ တိုးပွားလာသော ထူထဲသော အနီရောင်ဖြစ်သော။
ပဘာဝိသေသော၊ အရောင်အထူးသည်။
အရုဏော၊ အရုဏ်မည်၏။
ဣတိ၊ ဤသို့။
ဒဋ္ဌဗ္ဗော၊ မှတ်အပ်ပါပေ၏။
( ဝိမတိ-ဋီကာ၊ ၁၊ ၃၁၁ )
ဆိုလိုရင်း။ ။ အရုဏ်ဟူသည် ထွက်ပေါ်လုဆဲဆဲသော နေ၏ ရှေ့ပြေးဖြစ်သော အနီရောင် အထပ်ထပ်တိုးပွားလာခြင်းကြောင့် တခဲနက် နီမြန်းနေသော အရောင်အထူးပင်တည်း။ (ဝါ)
အနီရောင်အပြင်ကြီးသဖွယ်ဖြစ်ပေါ်နေသော အရောင်အထူးပင်တည်း-ဟု ဆိုလိုသည်။
ထို့ကြောင့် နေ၏ အရောင်သည်သာလျှင် အရုဏ်မည်၏။
တပါးသော အရောင်သည် အရုဏ်မမည်ဟု မှတ်ရာ၏။
မှတ်ချက်။ ။ အနီရောင်အပြင်ကြီးသဖွယ်ဖြစ်ပေါ်၍နေသော အချိန်သည်ပင် အရုဏ်တက်ချိန်မည်၏။
မေး။ ။ ဤအရုဏ်သည် မျက်မြင်ဖြင့်သိအပ်သော တရားမျိုးလော။
ဖြေ။ ။ ဤအရုဏ်သည်ကား မျက်မြင်ဖြင့် သိအပ်သော ပစ္စုပ္ပန် ရူပါရုံတရားသာလျှင်တည်း။
မှန်းဆခြင်းဖြင့် သိအပ်သော တရားမျိုးမဟုတ်ပါ။
စက္ခုဝိညာဏ်၏ အာရုံဖြစ်သော အဆင်းအရောင် ရူပါရုံဖြစ်သောကြောင့် မျက်မြင့်ဖြင့် သိအပ်သော
ပစ္စုပ္ပန်တရားသာဖြစ်ပါသည်။
ဤကား ( ဝိနယာလင်္ကာရဋီကာ၊ ၁ ၊ ၂၃ ) အဖြေတည်း။
တနည်းအဖြေ
ဤအရုဏ်မည်သည်ကား မျက်မြင်ဖြင့် သိအပ်သော ပစ္စုပ္ပန် ရူပါရုံတရားမျိုးလည် ဟုတ်၏။
ဤသို့ ဖြစ်သည်ရှိသော် ဤသို့ ဖြစ်ရာ၏ဟူ၍ မှန်းဆ၍ (အဖန်ဖန်ကြံဆ၍) သိအပ်သော တရားမျိးလည်း ဟုတ်၏။
ဤအရုဏ်သည် မှန်းဆခြင်းဖြင့် သိအပ်သော တရားမျိုးလည်းဟုတ်၏ဟု ဘာ့ကြောင့် သိနိုင်သနည်း။
အကယ်၍ တောတောင်စသည်ဖြင့် မဖုံးကွယ်ရာ အရပ် ဖြစ်ငြားအံ့။ နီသောအရောင်သည် ထင်ရှား၏။ အကယ်၍ ဖုံးကွယ်ရာ အရပ်ဖြစ်ငြားအံ့။ နေဝန်းကို မြင်သောအခါမှ တစ်နာရီမျှသော်၎င်း
နှစ်နာရီမျှသော်၎င်း ထိုအချိန်အခါကို မှတ်သား၍ " ဤအခါ၌ အရုဏ်တက်သည်ဖြစ်ရာ၏ "ဟု ဤသို့မှန်းဆ၍ သိအပ်၏။
မှတ်ချက်။ ။ ဤစကားရပ်၌ တစ်နာရီ နှစ်နာရီဆိုသည်မှာ ရှေးမြန်မာနာရီကို ဆိုလိုသည်။ စက်နာရီ ၂၄-မိနစ်သည် မြန်မာနာရီ တစ်နာရီဖြစ်သည်။
ဤအမေး အဖြေကို ကောင်းစွာ နှလုံးသွင်း၍ ပညာရှိတို့သည် နီသောအရောင်ကိုသာလျှင် (အရုဏ်ရောင်)ဟူ၍ ယုံကြည်အပ်၏။ ကောင်းစွာမှတ်သားအပ်၏။
အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဦးသြဘာသာဘိဝံသ (ရေး)
သုတေသန သရုပ်ပြ အဘိဓာန်ကျမ်း-မှ
ဤ၌ ပြလတ္တံ့ သော အရုဏ်အပြားနှင့် စကားရပ်တို့ကား (ပြည်ရွှေဆဇံတော်သမိုင်းကို ရေးသားသူ ဦးဝိသုဒ္ဓ၏ဝါဒ) ဖြစ်၏။ ကျွန်ုပ်တို့လည်း နှစ်သက်၏။
ပထမ အရုဏ်သည် ဖြူသောအဆင်း ရှိ၏။
ဒုတိယ အရုဏ်သည် အဖြူရင့် အဆင်းရှိ၏။
တတိယ အရုဏ်သည် နီသောအဆင်း ရှိ၏။
စတုတ္ထ အရုဏ်သည် မြည်း၏ခံတွင်းအဆင်း ရှိ၏။
မှတ်ချက်။ ။ ဆွမ်းစားခြင်း ဆွမ်းကပ်ခြင်းကိုမူကား
ပထမအရုဏ်သည် အလွန်နုသေးသည်ဖြစ်၍ မအပ်။
ဒုတိယအရုဏ်သည် မိုက်မှောင်သေးသည်ဖြစ်၍ မလျှော်။
တတိယအရုဏ်မှ ဆွမ်းကပ်ခြင်း ဆွမ်းစားခြင်းကို ပြုအပ်၏။
စတုတ္ထအရုဏ်ကား ပြောဖွယ်မရှိ လင်းလွန်းပြီ။
*** ဤ ဆရာတော်နှစ်ပါး၏ ဝါဒလည်း နီသော အရောင်ကိုသာလျှင် အရုဏ်ရောင်-ဟူ၍ သတ်မှတ်ကြသည်။
အဂ္ဂုမဟာပဏ္ဍိတ မဟာစည်ဆရာတော်၏ သြဝါဒကထာ-မှ
အရုဏ်ရောင်ဆိုတာ နေမထွက်မီက ပေါ်လာတဲ့ နေ၏အရောင် ဖြစ်ကြောင်း အဘိဓာန်ကျမ်း စသည်မှာ (( သူရေဿာ ဒယတော ပုဗ္ဗုဋ္ဌိတရံသိ သိယာရုဏော )) စသည်ဖြင့်၎င်း၊
(( အရုဏော က်ဉ္စိ ရတ္တော ))ဟူ၍၎င်း ပြဆိုထားပါတယ်။
ဒါကြောင့် နံနက်လင်းစပြုတဲ့ အချိန်မှာ နေထွက်မည့်အရပ်ဆီသို့ စောင့်မျှော်ကြည့်နေယင်
နေမထွက်မီ မိနစ် ၅၀-ခန့်လောက်မှာ စဉ်းငယ်နီသောအရောင် ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။
*** အဲ့ဒီ စဉ်းငယ် နီတဲ့အရောင် ပီပီသသ ပေါ်လာတဲ့ အချိန်ကို အရုဏ်တက်ချိန်လို့ မှတ်ယူနိုင်ပါတယ်။ ။
အသုတ်မြို့ -ဆရာတော် ဦးသုနန္ဒ-၏ သြဝါဒကထာ မှ-
နံနက်အခါ အရှေ့အရပ်မှ ထွက်ပေါ်လာသော အလင်းရောင် အဖြူရောင်သည် အရုဏ်ရောင် မဟုတ်သေး။ အရုဏ်တက်သည် မဟုတ်သေး။
မဟုတ်ကြောင်းကို မဟာပရိနိဗ္ဗာနသုတ်ပါဠိတော်၊ ၎င်းအဋ္ဌကထာ။
စူဠဝါပါဠိတော်၊ ကင်္ခါအဋ္ဌကထာစသော ကျမ်းများမှာ ဆိုသည်။
ထိုအလင်းရောင် အဖြူရောင်သည် ပစ္စုသသမယ-ခေါ်သော မိုးသောက်ချိန်ဖြစ်သည်။
အမှောင်ပယ်ဖျောက် အလင်းရောက်စ , နေရောင်အထူးကို ပစ္စုသသမယဟုခေါ်သည်။
ထိုပစ္စုသသမယ မိုးသောက်ချိန်သည် နေမထွက်မီ စက်-၁-နာရီ ၃၆-မိနစ်၌ ဖြစ်သည်။
ထိုအချိန်သည် ဝိနည်းတော် အလိုအားဖြင့် တဘက်သောနေ့သို့ မကူးသေးသော နောက်ဆုံး
ပစ္ဆိမယာမ်မျှသာ ရှိသေးသည်။ အရုဏ်တက်ချိန် မဟုတ်ပါ။
ထို့နောက် နီသောအရောင်သို့ ရောက်လာသောအခါမှ ပစ္ဆိမယာမ်ကုန်ဆုံး၍ တဘက်သောနေ့သို့ ကူးပြောင်းသွားသည်လည်းမည်၏။
ဝိမတိဋီကာ၌ ( အရုဏောတိ စေတ္ထ သူရိယုဂ္ဂမနဿ ပုရေစရော ဝဍ္ဎနဃနရတ္တေဂ ပဘာဝိသေသောတိ ဒဋ္ဌဗ္ဗော ) ဟူသည်နှင့်အညီ တခဲနက်နီသော အရောင်ပေါ်လာမှ အရုဏ်တက်သောအရောင်ဟု မှတ်အပ်သည်။
အဘိဓာန်ဋီကာ၌လည်း ( အရုဏောနာမ ယထာ မစ္ဆဿ အက္ခိ )ဟူ၍ ငါးကြင်းမျက်စိကဲ့သို့ နီသောအရောင်သို့ရောက်မှအရုဏ်တက်သည် မည်၏ဟုဆို၏။
ဤကား မျက်မြင် အရုဏ်တက်ချိန်ဖြစ်သည်။
{{ အရုဏ် တက်ခဲစေ။ မွန်းတည့် လွယ်စေ }}ဆိုသော ပညာရှိများ မိန့်ဆိုထားသည့်အတိုင်း ပညာဖြင့်စဉ်းစားနှိုင်ချိန်ပြီးလျှင် ဝိကာလဘောဇနသိက္ခာပုဒ်မှစ၍ ဆောက်တည်ထားကြသော သိက္ခာပုဒ်တို့ကို ရဟန်းရှင်လူ သူတော်စင်တို့သည် ချမ်းသာစွာ ကျင့်နိုင်ကြပါစေသောဝ်။ ။
မေး။ ။ ဘယ်အချိန်အရုဏ်တက်ပါသလဲ ?
ဖြေ။ ။ အရှေ့အရပ်က အနီရောင် , အနီရင့်ရောင် ပီပီသသ ပေါ်လာတဲ့ အချိန်မှာ အရုဏ်တက်ပါသည်။
ဆိုလိုရင်း။ ။ အနီရင့်ရောင်သည် အောက်ခြေမှာနေခဲ့ပြီး အလင်း အဖြူရောင်ကြီးကသာ
ကောင်းကငပြင်ကြီး တခုလုံးလိုမှာ လင်းဖြူလျက်ရှိသော အချိန်ကို ဆိုလိုသည်။
ဤကား မျက်မြင်အရုဏ်တက်ချိန်ဖြစ်သည်။
မျက်ကွယ် အရုဏ်တက်ချိန်ကို စံချိန် အရုဏ်ဇယားကွက်တွင် ကြည့်ရှုပါ။ ။
ဤသို့သော သြဝါဒလာ စကားတို့ကို ဖတ်ရှုပြီးသော ရဟန်း လူ ရှင် သူတော်စင်အပေါင်းတို့သည်
ဆရာတော်ကြီးများကို လေးစားသော အားဖြင့်၎င်း။
ဓမ္မဝိနယ ခေါ် တရားတော်ကို အလေးဂရုထားသောအားဖြင့်၎င်း။
အရုဏ်တက်ချိန်ကို အထူးသတိထားကြပါ။
အရုဏ်တက်ချိန်ကို သိရှိပြီးသော သူတော်ကောင်းအပေါင်းတို့သည် မိမိ-မိမိတို့ သိသည့်အတိုင်း အရုဏ်တက်ချိန်ကို သတိထား၍ -
သပ္ပုရိသဒါန သူတော်ကောင်းအလှူ။
သပ္ပရိသသီလ သူတော်ကောင်းသီလတရားများဖြစ်အောင် ပြုနိုင် ကျင့်နိုင်ကြပါစေကုန်သတည်း။
No comments:
Post a Comment