စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, July 19, 2019

ဆဲရေးခြင်းနှင့် မြတ်ဗုဒ္ဓ၏ ဥပမာ

ဆဲရေးခြင်းနှင့်မြတ်ဗုဒ္ဓ၏ဥပမာ
👄👄👄👄🌺👄👄👄👄

အက္ကောသဘာရဒွါဇမည်သော ဗြဟ္မဏ
တစ်ယောက်သည် မိမိသားချင်းဖြစ်သော
ဘာရဒွါဇဂေါတ္တဗြဟ္မဏသည် ရှင်ဂေါတမ
ထံ၌ ရဟန်းပြုသတဲ့ဟုကြား၍ဗုဒ္ဓမြတ်စွာ
ကို ဆဲဆိုရေရွတ်မြည်တွန်မောင်းမဲသော
ဟူ၏။ ဗုဒ္ဓမြတ်စွာသည် သည်းခံတော်မူ၍
မိန့်ကြားတော်မူပုံကို အသင်တို့သတိပြု၍
ရှုစမ်းလော့။

က။ ဗြဟ္မဏ အသင့်ထံသို့ ဆွေမျိုးသားချင်း
မိတ်ဆွေသင်္ဂဟများ တစ်ခါတစ်ရံလာတတ်
ကြသည် မဟုတ်ပါလား။

လာတတ်ကြပါတယ် အရှင်ဂေါတမ။

ခ။ အသင့်ထံသို့လာကြသော သားချင်းမိတ်ဆွေ
တို့အား စားသောက်ဖွယ်ရာများကို ကျွေးမွေးပေး
ကမ်းဖူးပါသလား။

မှန်ပါ။ ကျွေးမွေးပေးကမ်းဖူးပါသည်။

ဂ။ အသင်ကျွေးမွေးပေးကမ်းသော စားသောက်
ဖွယ်တို့ကို ထိုလူများက အကယ်၍ မစားကြမယူ
ကြလျှင် ထိုစားသောက်ဖွယ်တို့သည် ဘယ်သူ့
ပစ္စည်းများဖြစ်ပါသလဲ။

ထိုလူများ မစားမယူကြလျှင် အကျွန်ုပ်၏ပစ္စည်း
သည် အကျွန်ုပ်ပစ္စည်းသာဖြစ်ပါသည် အရှင်
ဂေါတမ။

အိုဗြဟ္မဏ ဤဥပမာကဲ့သို့ပင် အသင်သည်ဆဲရေး
ခြင်း မရှိသော ငါတို့ကို ဆဲရေး၏။ ချုပ်ခြယ်ခြင်း
မရှိသော ငါတို့ကို ချုပ်ခြယ်၏။ ငြင်းခုန်ခြင်းမရှိသော
ငါတို့ကို ငြင်းခုန်ဘိ၏။ ဆဲရေးခြင်းစသည်တို့ကိုငါတို့
သည် လက်မခံကြကုန်။ မဆောင်ယူကြကုန်။ အသင့်
ပစ္စည်းတို့သာဖြစ်ပေသည်။

ဗြဟ္မဏ အကြင်သူသည် မိမိအား ဆဲရေးသောသူကို
ပြန်လှန်ဆဲဆိုခဲ့အံ့။ ချုပ်ခြယ်သောသူကို ပြန်လှန်
ချုပ်ခြယ်ခဲ့အံ့။ ငြင်းခုန်သောသူအား ပြန်လှန်ငြင်းခုန်
ခဲ့အံ့။ ထိုသူသည် ဆဲရေးမှုစသည်တို့ကို လက်ခံယူ
ဆောင်သည်မည်၏။ ငါတို့သည်ကား လက်ခံခြင်း
မပြုကြ။ ယူဆောင်ခြင်းမပြုကြ။ အသင့်ပစ္စည်းသည်
အသင်၏ပစ္စည်းသာဖြစ်တော့၏ဟု မိန့်ကြားတော်
မူလေ၏။ ဘာရဒွါဇဗြဟ္မဏသည် ဤတရားစကား
ကိုကျေနပ်နှစ်သက်၍ ဘုရားရှင်ထံ၌ ကိုယ်တိုင်
ရဟန်းပြုရာ နောက်ကာလမကြာမှီ ရဟန္တာအဖြစ်
သို့ဆိုက်ရောက်သည်ဟူသတည်း။

တေဿဝ တေနပါပိယော၊ ယော ကုဒ္ဓံ ပဋိကုဇ္ဈတိ။
ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော၊ သင်္ဂါမံ ဇေတိ ဒုဇ္ဇယံ။

စိတ်ဆိုးပြစ်မှားသောသူကို ပြန်လှန်စိတ်ဆိုးတတ်
သောသူသည် ပထမစိတ်ဆိုးသူထက် ယုတ်ညံ့
မိုက်မဲရာရောက်၏။ စိတ်ဆိုးပြစ်မှားလာသူကို
အတုန့်အပြန်စိတ်မဆိုးတတ်သောသူသည်အောင်
နိုင်ခဲသောစစ်ကိုသော်လည်း အောင်မြင်တတ်၏။

ရွှေဟင်္သာဆရာတော်ဘုရားကြီး၏
ပရာဘ၀သုတ္တန် မြန်မာဋီကာမှ

No comments:

Post a Comment