(ဥပုသ်ကျိုးခြင်းနှစ်မျိုး)
ဥပုသ်ကျိုးခြင်းသည် ခံယူဆောက်တည်မှုပျက်အောင် ကျိုးခြင်းတစ်ပါး ,အကျိုးအာနိသင်သိမ်ဖျင်းရုံ ကျိုးခြင်းတစ်ပါးဟု နှစ်ပါးရှိ၏။ ထိုနှစ်ပါးတို့တွင်-------ထိုထိုသိက္ခာပုဒ်တို့၌ ပြအပ်သောအပျက်အင်္ဂါပြည့်စုံအောင် လွန်ကျုးမှုသည် ခံယူဆောက်တည်မှုပျက်အောင်ကျိုးခြင်းမည်၏၊၊ ပြဆိုခဲ့ပြီးသောမေထုန်ငယ်(၇)ပါးတွင် တစ်ပါးပါးနှင့်ငြိစွန်းမှု ပြဆိုခဲ့ပြီး ပါပဓမ္မတို့တွင် တစ်ပါးပါးနှင့်ငြိစွန်းမှုသည် အကျိုးအာနိသင်သိမ်ဖျင်းရုံမျှ ပျက်ခြင်းမည်၏၊၊ ဂေလညမရှိပဲ နေလွဲကွမ်းစား ဆေးဝါး ဆေးသောက်မှုသည် ထိုအမှုကိုသာယာသော ကိလေသာအမှုပင်ဖြစ်ချေသည်။ထို့ကြောင့် အညိုးအစုတွင်ပါဝင်ရာသော အခွင့်ရှိသည်ဖြစ်၍ အနောရောဂါဟူသော ဂေလညအကြောင်းမရှိပဲ နေ့လွဲ ကွမ်းစားဆေးဝါး ဆေးသောက်မှုကို ပြုခဲ့သည်ရှိသော် ဝိကာလဘောဇနသီလဥပုသ် ညိုးသည်။အကျိုးအာနိသင်ညံ့သည်ဟု ဆိုရပေမည်၊၊
ထိုမှတစ်ပါးလည်း--------- “အပ္ပိစ္ဆတာ သန္တုဋ္ဌိတာ သလ္လေခတာဒီနံစ ဂုဏာနံ ဥပ္ပတ္တိယာ သင်္ဂဟိတော"ဟူသော ဝိသုဒ္ဓိမဂ်နှင့်အညီ အလိုနည်းခြင်း ရောင့်ရဲခြင်း ခေါင်းပါးခြင်း စသော ဂုဏ်တို့နှင့် ယှဉ်သောသီလမှ အကျိုးအပေါက်လွတ်သည် ထိုဂုဏ်တို့နှင့်မယှဉ်မူ၍ မဟိစ္ဆတာစသောအပြစ်တို့နှင့် ယှဉ်ခဲ့ပြန်မူ အကျိုးအပေါက်မလွတ်သည်သာ ဖြစ်၏ ၊၊
မဟိစ္ဆတာ၊မိမိအကျင့်ကို သူတစ်ပါးကို သိကြားစေလို ထင်ရှားစေလိုသောကြောင့် ဥပုသ်ကျိုးခြင်း၊၊
အသန္တုဋ္ဌိတာ၊ယုတ်ညံ့သောအဝတ် အစား မြက်အခင်း သစ်ရွက်အခင်းစသည်တို့၌ ရောင့်ရဲခြင်းကို မပြုမူ၍ အဝတ်ကောင်း အစားကောင်း ညောင်စောင်းမွေ့ရာ ကမ္ဗလာကော်ဇောစသော အိပ်ရာနေရာကောင်းများကို သာယာ၍ ဥပုသ်ကျိုးခြင်း၊၊
အသလ္လေခတာ၊သိက္ခာပုဒ်အပျက်အင်္ဂါလွတ်ရုံမျှ အားရ၍ ထို့ထက်အလွန်ခြိုးခြံမှု မရှိမူ၍ ဥပုသ်ကျိုးခြင်း၊၊
သင်္ဂဏိကာရာမတာ၊အပေါင်းအဖော်၌ မွေ့လျော်၍ ဥပုသ်ကျိုးခြင်း၊၊
ဘဿာရာမတာ၊သူတော်ကောင်းတရားမှ လွတ်သော စကား၌ မွေ့လျော်၍ ဥပုသ်ကျိုးခြင်း ဤသို့စသဖြင့် ဥပုသ်ညိုးမှုသည် ပေါများလှပေသည်၊၊
ဤစကားရပ်တို့ဖြင့် ဥပုသ်ခံယူပြီးသောနောက်၌ သစ်ခေါက်ဆိုး သစ်ရွက်ဆိုး ဖန်ရည်ဆိုးသောအဝတ်မျိုးမှတစ်ပါး ပိတ်ဖြူပိုးဖဲစသော အဝတ်ကောင်း အထည်ကောင်းမျိုး ,သင်ဖြူးကော်ဇောစသော အိပ်ရာနေရာကောင်းမျိုး, နေမလွဲမီ ဆေးကောင်းကွမ်းကောင်း လဖက်ကောင်းမျိုး ,နေလွဲသောအခါ ဆေးကွမ်းမျိုးအဖုံဖုံတို့၌ သန္တုဋ္ဌီသလ္လေခကင်းကွာ၍ သာယာစွာသုံးဆောင်သမျှသည် ဥပုသ်ကျိုးမှုချည်းဖြစ်သတည်း၊၊
အဋ္ဌကထာ၌ ခဏ္ဍသဒ္ဒါနှင့် လာသောကြောင့် အကျိုးဟူ၍ ဆိုလေသည်၊အကျိုးဆိုသော်လည်း အပျက်အကျိုးမဟုတ် အညိုးကျိုးစုသာတည်း။
လယ်တီဆရာတော်ကြီး
No comments:
Post a Comment