"ဉာဏ်လှေကားထစ်များ ဖြည်းဖြည်းချင်းတက်ကြပါ"
တရားနာတယ်ဆိုတာ ကုသိုလ်ရရုံမနာပါနဲ့၊ ကိုယ့်ဒုက္ခ ကိုယ်သိမ်းဖို့၊ ကိုယ့်သံသရာ ကိုယ်ဖြတ်ဖို့ လုပ်နေတာဆိုပြီးနာပါ။ နားမလည်လည်းနာပါ ကိလေသာပါးတယ် ဒီဉာဏ်တရားကို မနာရလို့ရှိရင် ဒီဘဝ လူဖြစ်ကျိုး မနပ်သေးဘူး ဒီနေ့ကစပြီး ငယ်မှတ်တွေ အကုန်ဖြုတ် ဘုရားဟောတာနဲ့ ဆရာသမားပြောတာကို ယုံပေတော့ ။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးလူတစ်ယောက်ကို ချွတ်တော့မယ်ဆိုရင် သူ့အစဉ်ရှိတယ်
နံပါတ်တစ်
ဒါနပြုကွ ဟောချလိုက်တယ် ဒါနဆိုတာ လူချမ်းသာ
နတ်ချမ်းသာ ပို့နိုင်ရောက်နိုင်တယ်ဆိုပြီး သူ့အကျိုးပေးတွေ ဟောလိုက်တယ်။
ပန်းလှူလို့ လှပုံ၊ ကျောင်းလှူလို့ ဘုံပေါက်ပုံ၊ ရေတွင်းရေကန်လှူလို့ ဥယျာဉ် ဗိမာန်အကျိုးပေးပုံ ဒါတွေဟောပါတယ်။
ဒါတွေက အကျိုးပေးသော်လည်း အသက်မရှည်ရင် အလကားပဲ။
နှစ်ချက်တိုးပြီးတော့
အသက်ရှည်ချင်ရင် သီလလုပ်ကွ။ သီလကြောင့် အသက်ရှည်တဲ့ နတ်ကြီးဖြစ်ပြီး၊ စီးပွားဥစ္စာ ရတနာနဲ့ အပြည့်အစုံကွ၊ ဘယ်လောက် ကောင်းသတုံး။
ဒါနကထာ၊
သီလကထာ၊
သက္ကကထာ၊ ဟောပါတယ်။
ပြီးတော့မှ
"ကာမာနံ အာဒီနဝကထာ" မင်းဟောဒီ အကျိုးပေးတဲ့ ဥစ္စာတွေအားလုံးဟာ၊ ငါးပါးအာရုံကာမဂုဏ်တွေကွ ဘာမှအသုံးမကျဘူး။ မျောက် မီးရှူးပန်းကိုင်ထားသလို ကိုယ့်ချည်းလောင်တာပဲကွ။ အမဲသားရတဲ့ ကျီးလိုပဲကွ၊ သည့့်ပြင် ကျီးတွေက အမဲသားတစ် လိုက်လုတာနဲ့ ဘယ်သူမှ ချမ်းသာခွင့် မရဘူးကွ။
ဒီလို အပြစ်ပြဟောတဲ့
"ကာမာနံ အာဒီနဝကထာ" ဟောချလိုက်တယ်၊ ဘုရားဟောနော်။ ဘုန်းကြီး လုပ်ကြံဟောတာ မဟုတ်ဘူး၊
ခင်ဗျားတို့ "ဘာဝနာ"မှာ အားငယ်မှာစိုးလို့၊ ဘာဝနာမပါဘဲကိစ္စပြီးနေတယ် ထင်မှာစိုးလို့ ပြီးတော့မှ "နိက္ခမကထာ" ကာမမှ ...ထွက်ဆိုတော့ အလုပ်လုပ်တော့လို့ပြောတာ၊ ကာမမှထွက်ဆိုတော့ ခင်ဗျားတို့၊ ကာမအာရုံတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ မရှုရင် ကာမမှ ထွက်နိုင်ပါမလား၊ မထွက်နိုင်၊ ဝိပဿနာ စလုပ်ဆိုတာ မလာဘူးလား ဒါ ဘုရားဟောစဉ်။
"ဉာဏ်နားကို ဆောင်၍ ထောင်နိုင်အောင် ထောင်လိုက်ကြပါ"
ခင်ဗျားတို့က ကံကောင်းချိန် ဉာဏ်ကောင်းချိန် တွေကိုတော့၊ ကာမဂုဏ် အာရုံတွေထဲ အသုံးချခဲ့ကြပြီး အခုလို အိုကြီးချက်မ ထုံထိုင်းပြီး အချိန်တွေလွန်ကာမှ ဒီဘုန်းကြီးဆီ ပြေးလာကြ၊ ဟောချင်စရာတောင် မရှိဘူး။ ဒီဘုန်းကြီးမို့ ပေဟောနေတာ၊ ဘုန်ကြီးတရား မကြိုက်လည်း ပေနာကြ၊ တို့မကြိုက်တာ ကလေးစိတ်ရှိလို့မှတ် ဆက်နာ ကြာတော့ လူကြီးစိတ်ပေါက်လာပြီး ဒါမှ တရားစစ် တရားမှန်တွေ ပါကလားဆိုပြီး ကြိုက်လာတာပဲ။
ဒီတရားက တဏှာနားနဲ့ ထောင်လို့မရဘူး၊ ဉာဏ်နားနဲ့ ထောင်မှရတယ်။ ဘုန်းကြီးများကလည်း၊ အဲဒီ ဓမ္မခန္ဓာတွေကို ကြည့်ပြီးသကာလ ကိုယ်တိုင်ကြိုးစား၊ သူတစ်ပါးကိုလည်း ဟောဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ချီးမြှောက်နေတာပါ၊ ဒီ ဓမ္မခန္ဓာတွေက သူ့ဟာသူစာအုပ် ပုရပိုက်နဲ့ ကျောက်စာတွေပေါ်မှာ နေတဲ့အတွက် လာပြောဖော် ဆိုဖော်မရပါဘူး။
ဘုန်းကြီးတို့က ဒါတွေကိုကြည့်ပြီး သကာလ အသံထွက်သဘောနဲ့ ပြန်ပြောရတယ်လို့ ဆိုတော့ ဪ ဒို့အတွက် သာသနာ မကွယ်သေးဘူးမှတ်ပါ၊ သစ္စာထိုက်တဲ့ အဆုံးအမရရင် ဒီအတိုင်းခင်ဗျားတို့ကလည်း လိုက်နာရင် သာသနာ မကွယ်သေးဘူး ရှင်းရဲ့လား။
မြို့ထဲမှာ တောင်ကလူက မြောက်၊မြောက်ကလူက တောင်၊အရှေ့ကလူက အနောက်၊ အနောက်ကလူက အရှေ့၊အို ခြေချင်းကို လိမ်နေတာဘဲ၊ ဘာလုပ်နေကြတာလဲဆိုတော့ "ပရိယေသန"ပေါ့ဘုရားတဲ့။
ဘယ်နှယ်ကြောင့် ဒီလူတွေ အရူးအနှမ်းဖြစ်ပြီး၊ တောင်ကမြောက်ပြေး၊ မြောက်က တောင်ပြေးနဲ့၊ မအားအောင် ဖြစ်နေကြပါလိမ်မတုံး ဆိုတော့၊ "တဏှာ"အုပ်ချုပ်နေလို့ ဘယ်နှယ်ကြောင့် တဏှာကျွန်ဖြစ်ရပါလိမ့်မတုံးလို့ တစ်ခါ လက်သည်ရှာဦး၊
ဝေဒနာကို ဝိပဿနာ မရှုမိလို့ တဏှာကျွန်ဖြစ်ရတယ်၊ကျွန်စျေးကောင်းလို့ ခါးတောင်ကြိုက် မပြုတ်ရတာကိုများ သူ့မှာ လာဘ်ကြီး ဝင်နေတယ် ထင်နေတာ၊ ဒါ သံဝေဂ ရအောင်လို့ ဟောနေတဲ့တရား မဟုတ်ဘူး၊ မိုက်ပြစ်ဖော်တဲ့ တရားပါ။
ဪ...နိဗ္ဗာန်များ၊ ဘုန်းကြီးကလည်း အနီးကလေး ဟောတယ်၊ကိုရှုတဲ့နေရာမှာလည်း ဗြုန်းခနဲ့ မပေါ်လာ၊ ဘာကြောင့်များ ပါလိမ့်မတုံးလို့၊ ဘာသက်သေမှ ထူမနေနဲ့၊ မိမိမိုက်ပြစ်ပဲ၊ ခန္ဓာခင်တဲ့တဏှာ မချုပ်သေးလို့ (နိဗ္ဗာန်)မပေါ်လာတာ။
ဒါဖြင့် ဒကာ ဒကာမတို့...
နိဗ္ဗာန်မမြင်သေး ရှုလျှက် ပွားလျှက် ဖြစ်ပျက်တွေမြင်ရက်နဲ့...နိဗ္ဗာန်ကြီး ပေါ်မလာ သေးတာဟာဖြင့် ကိုယ်ရဲ့တဏှာအမျှင်မပြတ်သေးလို့ပဲ။
ကြိုးစားရင် မပေါ်မရှိပါဘူး၊ သူများ ပြောသံကြားကို နားမယောင်ပါနဲ့။ ဘုန်းကြီးက ဘုရား၏ ကိုယ်စားလှယ် လုပ်ပြီးတော့ ဟောနေတာ၊ ဆရာဘုန်းကြီး ဆုံးဖြတ်ချက်ချ တာကို ယုံရလိမ့်မယ်။
တရားနာကြပါလို့...ဘုန်းကြီးကပြောတော့၊ခင်ဗျာတို့က ဘုန်ကြီးဆီမှာ၊ တရားနာ များအောင်လို့ ထင်လိမ့်မယ်၊ လွဲလိုက်တဲ့ ဖြစ်ခြင်း၊ ခင်ဗျားတို့ကိုမဟောရရင်၊ ဘုန်းကြီးဟာ ဘုန်းကြီးကျင့်နေဖို့ပဲ။
အဆုံးစွန်သောဘဝ နိဗ္ဗာန်ရရပါလို၏ ဆိုတဲ့... ရှေးမူတွေ ဖျက်ကြပေတော့၊ လူ့ပြည်က အပ်တစ်စင်းနဲ့၊ ဗြဟ္မာပြည်က အပ်တစ်စင်း အသွားချင်း ထိစရာက ထိသေးတယ်...လူဘဝရဖို့ ဒါထက် ခဲ့ယဉ်းတယ်။
ခဲတစ်လုံး ကောင်းကင်မြှောက်သလိုပဲ ၊လူ့ဘဝရတာသည်က.. ခဲလုံး ကောင်းကင်မှာ ရပ်သလောက်ပဲကြာတယ်၊ အပါယ်မှာ နေရတာက. ခဲ မြေကြီးမှာ နေသလောက်ကြာတယ်။ အပါယ်ဒုက္ခအကြောင်းပြောရရင် ဘုရားစဖြစ်တဲ့နေ့က ပြော.. ပရိနိဗ္ဗာန်စံတဲ့ အထိတောင် ပြောလို့ မဆုံနိုင်ဘူးတဲ့့။
ကိုယ်ကိုယ်ကို ခံရမယ့် ဒုက္ခကြီးကို၊ကိုယ်ကိုယ်တိုင် ဉာဏ်နဲ့သိမ်းဖို့ အရေးကြီးတယ်၊ ဒါလောက် ကြီးကျယ်တဲ့ ကိစ္စကြီးကို သာမည မှတ်မနေကြပါနဲ့။ မနက်ဖြန်များ သေသွားရင် .သာသနာနဲ့ငါ၊ အိုးစားကွဲတာပဲလို့မှတ်၊ အခုရှိတဲ့ ကိုယ့်သက်တမ်းဟာ. .သာသနာပဲ။ ။
No comments:
Post a Comment