စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, May 26, 2021

ရေချိုးပြီးပြီလား

ရေချိုးပြီးပြီလား
_____________

လူတွေဟာ ညစ်ပတ်နေတဲ့ ခန္ဓာကိုယ်အတွက်တော့ တစ်နေ့ကို အနည်းဆုံး ရေနှစ်ခါတော့ ချိုးကြတယ်။

ခန္ဓာကိုယ် သန့်ရှင်းမှုကို သိပ်အလေးထားပါတယ်။

ခြေထောက်တို့၊လက်တို့မှာ ဖုန်အနည်းငယ် တင်ခဲ့ရင်တောင် ရေဆေးပြီး သန့်စင်စေပါတယ်။

ရေချိုးတဲ့အခါမှာလည်း ခန္ဓာကိုယ်က အနံ့အသက်တွေ ကင်းဝေစေဖို့အတွက်နဲ့ မွှေးပျံ့နေစေဖို့အတွက် အမွှေးဆပ်ပြာကို သုံးကြပါတယ်။

အပြင်ထွက်ရင် ရေမွှေးတောင် ထပ်ဆွတ်ကြပါသေးတယ်။

လူသားတွေဟာ ခန္ဓာကိုယ်ကို သိပ်ဂရုစိုက်ကြပါတယ်။

ဒါဟာလည်း ကောင်းတဲ့လက္ခဏာ တစ်ခုပါပဲ။

ဘယ်လောက်ပဲပြင်ပြင် ဘယ်လောက်ပဲ သန့်ရှင်းရေးလုက်လုပ် ပုပ်မဲ့ခန္ဓာကတော့ ပုပ်မှာပါပဲ။

လူအများ အမြင်တင့်တယ်ဖို့နဲ့၊နှာခေါင်း မရှုံ့ဖို့ပါပဲ။

လူအတော်များများကလည်း အပေါ်ယံပဲ ကြည့်ပြီး ဆုံးဖြတ်တာများကြတော့ ဒါဟာလည်း အခွင့်အရေးတစ်ခုပါပဲ။

ညစ်ပေနေတဲ့ ခန္ဓာကိုယ်ကို ရေချိုးပြီး သန့်စင်စေသလို ညစ်နွမ်းနေတဲ့ စိတ်ကိုလည်း နေ့စဉ် ရေချိုးပြီး သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

မေတ္တာရေစင်လေး ပွားများလိုက်၊သတိပဌာန် ရေမွှေးလေး ပတ်ဖြန်းလိုက်နဲ့ ညစ်နွမ်းနေတဲ့ စိတ်ကိုလည်း သန့်ရှင်းပေးရပါမယ်။

ဘုရားရှင်ရဲ့ရှေ့မှာ တက်နိုင်သလောက် ငါးမိနစ်ဖြစ်ဖြစ်၊ဆယ်မိနစ်ဖြစ်ဖြစ် မိမိရဲ့စိတ်ကို မြတ်စွာဘုရားအား လှူ ဒါန်းပြီး သန့်ရှင်းရေး နေ့စဉ်လုပ်ပါ။

စိတ်ဆိုတာ အမြဲတမ်း ဖြစ်ပျက်နေတာဖြစ်တဲ့အတွက် နေ့စဉ် ဆေးကြောနိုင်မှ သန့်စင်မှာပါ။

ခန္ဓာကိုယ် သန့်ရှင်းနေပြီး စိတ်ပုပ်နေရင် အလကားပါပဲ။

ပုပ်နေတဲ့စိတ်ဟာ ခန္ဓာကိုယ် နည်းတူပဲ ကြာလာလေ နံလာလေပါပဲ။

ဒါ့ကြောင့်နေ့စဉ် သန့်ရှင်းဖို့ လိုအပ်တာပါ။

ခန္ဓာကိုယ်ကိုလည်း သန့်ရှင်း၊စိတ်ကိုလည်း ဆေးကြော။

အရင်ကထက်ပိုပြီး လူ၀င်ဆံ့လာပါလိမ့်မယ်။

ရေချိုးတိုင်း မိမိကိုယ်ကို မေးပါ။

"ရေချိုးပြီးပြီလား"လို့ …… ။

လေးစားစွာဖြင့်..


Credit.အလင်းသစ်(သဲကုန်း)

No comments:

Post a Comment