(လူဝင်စား ရွှေသီ၏ ရေအလှူဖြစ်ရပ်မှန်)
"သား . . .
အမေဟာ ဒီအကြောင်းကိုပြောရင်
နေမကောင်းချင်ဘူး။ ဒါ့ကြောင့်မို့ ဒီအကြောင်း
ဘယ်သူ့ကိုမှ အမေ မပြောဘူး
ဒါပေမယ့် သားက ရန်ကုန်ပြောင်းမှာမို့
သားအကျိုးကိုငဲ့ပြီး အမေ ပြောရတာပေါ့ ကဲ . . .
သေသေချာချာ နားထောင်။
အဆိုပါပြောဆိုမှုအချိန်ကား 1959ခုနှစ်ဒီဇင်ဘာလမှာဖြစ်ပြီးနေရာမှာ စစ်ကိုင်းတိုင်းကသာမြို့နယ်
မိုးတားမြို့မှာဖြစ်ပါတယ်။
"ဟို . . .
အရင်တုန်းက အမေတို့ မိုးတားမြို့ဦး အရှေ့စူးစူး
တောင်ကုန်းမြင့်ပေါ်က ဗောဓိကျောင်းဆိုတာ ရှိတယ်သားရဲ့ ကျောင်းခြေရင်းကနေပြီး
ဧရာဝတီမြစ်ထဲကို ဆင်းတဲ့
သစ်သားလှေကား တံတားကြီးကလဲ
အရှည်ကြီးပဲ ဆောက်လုပ်ထားကြတယ်
ဒီတံတားက အခုလဲရှိနေတာ
သားအမြင်ပဲလေ အမေပြောချင်တာက
ဟို . . . ရှေးရှေးတုန်းက အဲဒီတံတားထိပ်က
အိမ်ကလေးတစ်အိမ်မှာ ရွှေသီဆိုတဲ့ မိန်းကလေးတစ်ယောက် ရှိခဲ့ဖူးတယ် ။ အဲဒီအချိန်က
သူ့အသက် ၁၄ နှစ်လောက်ပဲ ရှိဦးမယ်"
ကျွန်ုပ်၏ မွေးသည့်မိခင် ကျေးဇူးရှင်ကြီးသည်
ရန်ကုန်သို့ နှစ်ရှည်လများ ခွဲခွာသွားရမည့်
သားဖြစ်သူ ကျွန်ုပ်အား ကြည့်လိုက်
တစ်စုံတစ်ရာ လေးလေးနက်နက်
စဉ်းစားလိုက်နှင့် ပြောဆိုနေ၏။
ကျွန်ုပ်မှာ တစ်စုံတစ်ရာ ဝင်ရောက်မေးမြန်းခြင်းမပြုဘဲ မိခင်ကြီးစကားကိုသာ နားစိုက်နေမိပါသည်။
သို့ရာတွင်
'ဒီအကြောင်းကိုပြောရင် အမေ
နေမကောင်းချင်ဘူး' ဆိုသည်ကိုတော့
နားမရှင်းလှပါ။မိခင်ကြီးက စကားကိုဆက်ပြန်၏။
"အဲဒီ ရွှေသီတို့မိသားစုဟာ
အလွန့်ကို ဆင်းရဲရှာကြတယ်
လယ်လုပ်သူက လုပ် ရက်ကန်းရက်သူက ရက်
မုန့်တီဟင်းချို လုပ်ရောင်းသူက
ရောင်းတယ် ဒီလို ဆင်းဆင်းရဲရဲနှင့်
မိဘကို လုပ်ကျွေးရတာ ရွှေသီကအားမရဘူး
ချမ်းသာချင်တယ် သူများတကာတွေ
ချမ်းချမ်းသာသာနှင့် နေထိုင်စားသောက်ကြရတာ မြင်လေ သူ့မှာ စိတ်မချမ်းသာလေ ဖြစ်နေရှာတယ်။
တစ်နေ့တော့ ကံအားလျော်စွာ
ဗောဓိကျောင်းဆရာတော်ထံ ရောက်သွားပြီး
သူ့စိတ်ထဲ ရှိတဲ့အတိုင်း ရွှေသီလေးက ဆရာတော်ကို ခုလို လျှောက်တယ်"
ရွှေသီ။ ။
ဆရာတေည်ဘုရား
တပည့်တော်မတို့ မိသားစုဟာ
ဆင်းရဲလိုက်တာ ဘာဖြစ်လို့
ဆင်းရဲရတာလဲဘုရား။
ဆရာတော်။ ။
ရှေးရှေးဘဝတွေတုန်းက
ကိုယ်ပြုခဲ့တဲ့ အလှူဒါန နည်းခဲ့လို့ပေါ့ တဲ့။
ရွှေသီ။ ။ခုဘဝလှူရင်
နောက်ဘဝမှာ ချမ်းသာမှာလားဘုရား။
ဆရာတော်။ ။
ချမ်းသာမှာပါ တဲ့။
နင် ချမ်းသာချင်ရင် တစ်ခုခုလှူပေါ့။
ရွှေသီ။ ။
တပည့်တော်မတို့မှာ
သူများနည်းတူ
လှူစရာပိုက်ဆံမှ မရှိတာ
ဘယ်ကလာ လှူနိုင်ပါ့မလဲဘုရား။
မရြိလို့ မလြူ
မလြူလို့ မရြိဆိုတာ
တပည့်တော်မတို့လို
ဆင်းရဲသားတွေကို
ပြောတာပဲ မဟုတ်လားဘုရား။
ချမ်းသာဖို့ရာ
ကမ်းမမြင်
လမ်းမမြင်မို့
တပည့်တော်မတို့မှာ
စိတ်အားငယ်ပါတယ်။
တစ်ခါတလေများ
ဝမ်းနည်းလွန်းလို့
အသံကုန် ဟစ်ပြီးတော့တောင်မှ
အားရပါးရ ငိုလိုက်ချင်တယ်ဘုရား။
ဆရာတော်။ ။
ဖြစ်မှဖြစ်ရလေ ရွှေသီရယ်
(ဧရာဝတီမြစ်ကြီးကို
လက်ညှိုးထိုးလျက်)
ဟိုမှာ ကြည့်စမ်း
အဲဒီ ဧရာဝတီမြစ်ရေတွေကို
ပိုက်ဆံပေးဝယ်ရသလား။
ရွှေသီ။ ။
ပိုက်ဆံပေး မဝယ်ရပါဘုရား။
ဆရာတော်။ ။
ဒီလိုဆိုရင်
နင်
ဘုရား
တရား
သံဃာဆိုတဲ့ ရတနာသုံးပါးကို
ရေလှူဖို့ ပိုက်ဆံရှိစရာ လိုသေးသလားတဲ့။
ရွှေသီ။ ။
ဒါတော့ ပိုက်ဆံရှိဖို့
ဘယ်လိုမှာလဲဘုရား။
ဆရာတော်။ ။
အေး . . . ပိုက်ဆံမရှိပေမယ့်
ကုသိုလ်လိုချင်ရင်
အဲဒီ ဧရာဝတီမြစ်ထဲက ရေတွေဟာ
လူတိုင်း လှူလို့ရပါတယ်။
ရေလှူတဲ့သူဟာ ဆုမတောင်းဘဲနဲ့
ရေအကျိုး(၁၀)ပါး ရတယ်လို့
ရွှေသီ ကြားဖူးတယ်မဟုတ်လား။
ရွှေသီ။ ။
မှန်ပါ တပည့်တော်မ
ကြားတော့ ကြားဖူးပါတယ်ဘုရား။
ဘာတွေဘာတွေဆိုတာသာ မသိတာ
ဆရာတော် အမိန့်ရှိပေးပါလားဘုရား။
ဆရာတော်။ ။
အေး . . .သိချင်ရင် ငါ ပြောပြမယ်
နင် သေသေချာချာနားထောင်
အလှူဒါနဆိုတာ ပိုက်ဆံရှိမှ မဟုတ်ဘူးဟဲ့
ရေလှူရင် လှူတဲ့သူမှာ -
(၁) ကျော်စောသတင်း ပျံ့လွင့်ခြင်း
ကျော်ကြားမယ်ပေါ့ဟယ်။
တချို့လူတွေထဲမှာ
ပညာလဲတတ်တယ်
ဥစ္စာလဲရှိတယ်။
ရာထူးဂုဏ်သိန်လဲ ရှိမယ်။
ဒါပေမယ့် ထိုက်ထိုက်တန်တန်
ကျော်စောချင်မှ ကျော်စောတယ်။
(၂) ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်း
တချို့မှာ မွေးကတည်းက
ရေဆေးငါးလို ဖွေးလို့ လှလို့
စင်စင်ကြယ်ကြယ်
သန့်သန့်ရှင်းရှင်း ရှိတယ်။
တချို့မှာတော့
အမွေးအမှင်တွေ
အမာရွတ်တွေ ရှုပ်လို့ထွေးလို့
ကြေးတွေညှော်တွေနဲ့ ရေချိုးပေမယ့်
မစင်ကြယ်ဘူး။ ဒါလဲ နင်
သတိထားကြည့်ရင် တွေ့ဖူးမယ်။
(၃) နောက်ပြီး ခြွေရံပေါများခြင်း
အခြွေအရံဆိုတာ ခြွေမှရံတယ်လို့
ပြောတတ်ကြတယ် မဟုတ်လား။
ဒါပေမယ့် မဟုတ်သေးဘူး။
တချို့မှာ ကိုယ်ကခြွေပေမယ့်
ရံမယ့်လူက သူ့ဆီမှာ ရံရတာ
မပျော်ပိုက်ဘူး။
တချို့ကြတော့
ကိုယ်ကတောင် မခြွေရဘဲနဲ့
သူ့စရိတ်နှင့်သူ လာပြီး
အခိုင်းခံရတာကိုပဲ ပျော်နေတတ်ကြတယ်။
(၄) လျင်မြန်ဖျတ်လတ်မှုရှိခြင်း
ဘယ်အလုပ်မှာမဆို
သူများထက် အတွေးလျင်မြန်တယ်
အပြော လျင်မြန်တယ်
အလုပ်လဲ လျင်မြန်တယ်။
ဒီတော့ သူများထက် အ
ရာရာမှာ လက်ဦးပြီး
တစ်ပန်းသာတာပေါ့
တစ်ပန်းသာတော့ ကြီးပွားစရာရှိရင်
ကိုယ်ကအရင်။
(၅) ဆာလောင်မွတ်သိပ်မှုမရှိခြင်း
ရေလှူတဲ့သူမှာ ဖြစ်လေရာဘဝတိုင်း ဆာလောင်မွတ်သိပ်မှု မရှိဘူးတဲ့။
ဆာလို့ တောင့်တလိုက်တာနှင့်
မကြာခင် ပြည့်စုံလာတတ်တယ်
ကိုယ့်စိတ်မှာလဲ အလိုရမ္မက်မကြီးဘူး။
(၆) အသက်ရှည်ခြင်း
အသက်ရှည်တယ်ဆိုတာ
ကျန်းမာလို့ အသက်ရှည်တာပဲ
လောကကြီးမှာ ရေသာမရှိလျှင်
မြက်သစ်ပင်ကအစ
တိရစ္ဆာန်ကလေးတွေက အဆုံး
ဘယ်သူမှ အသက်ရှင် မနေနိုင်ဘူး
ရေဟာ သက်ရှိသက်မဲ့ အားလုံးတို့ရဲ့ အသက်သခင် ဒါထား နောက်မှ ပြောဦးမယ်။
(၇) နောက်ပြီး ချမ်းသာခြင်း
ဖြစ်လေရာဘဝမှာ
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ချမ်းသာခြင်းနှင့်လဲ ပြည့်စုံမယ်
ချမ်းသာရင် ဘာလိုသေးလဲ။
(၈) အဆင်းလှခြင်း
လှပသန့်ရှင်းတဲ့ ရေအလှူကြောင့်
ကြော့ရှင်လှပတဲ့ ရှုပါရုံပိုင်ရှင်ဖြစ်မယ်
ရေဟာ အပြင်က အညစ်အကြေးတွေကို ဆေးလိုက်သလိုပေါ့။
(၉) ခွန်အားဗလရှိခြင်း
ဆာလောင်မွတ်သိပ်နေတဲ့သူဟာ
ရေအေးအေးလေး တစ်ခွက်လောက်
သောက်လိုက်ရတယ်ဆိုရင်ပဲ
အားရှိသွားတယ် လန်းဆန်းသွားတယ်။
(၁၀) ဉာဏ်ပညာထက်မြက်ခြင်း
ကျန်းမာချမ်းသာပြီး အားရှိလာတယ်ဆိုရင် ဉာဏ်ပညာတွေလဲ ထက်မြက်လာတော့တာပေါ့။
ရေလှူတာနှင့် ဒီအကျိုး ၁၀ ပါးကို
ဆုမတောင်းဘဲနှင့် ရနိုင်တယ် ရွှေသီရဲ့
ရမှာပေါ့ ရေကပြုတဲ့ ကျေးဇူးကလဲ
ကြီးမားပေတာကိုးကွဲ့။
ရေသာမရှိရင် သက်ရှိသက်မဲ့
လောကကြီးတစ်ခုလုံး
ဆိတ်သုဉ်းသွားနိုင်တယ်
မြက်သစ်ပင် တိရစ္ဆာန်ကလေးမှ အစ သက်ရှိသက်မဲ့တွေအားလုံးဟာ
ရေကိုသာ မသောက်ကြရရင်
ရေမရှိရင် ရေငတ်ပြီး သေကုန်ကြမှာပဲ
အသက်ကို ရှင်စေတဲ့ရေဟာ
အသက်သခင် ကျေးဇူးရှင်ကြီးပဲ
ဘယ်သူမဆို အသက်ထက် ဘာကိုမှ
ပိုပြီး တန်ဖိုး မထားထိုက်ဘူး
ရေဟာ အသက်သခင်ဆိုတာ
သဲကန္တာရ ခရီးသည်များအဖို့
ပိုပြီးတော့ ထင်ရှားတယ်။
ခရီးသွားရလို့ ဒါမှမဟုတ်ရင်
အလုပ်အကိုင် ပင်ပင်ပန်းပန်း လုပ်ရလို့
မောပန်း နွမ်းနယ်နေတဲ့အခါများ
ရေအေးအေးကလေး တစ်ခွက်လောက်
သောက်လိုက်ရရင်
ရင်ထဲမှာ အေးသွားတယ်
အမောလဲ ပြေတယ်
အဆာလဲ ပြေတယ်
အားလဲရှိသွားတယ်
နေ့တိုင်း သောက်နေကျမို့
အထူးသတိမထားမိကြပေမယ့်
သေသေချာချာ စဉ်းစားကြည့်ရင်
ရေရဲ့ကျေးဇူးတွေကို မြင်လာမယ်
ဒါတင် မကသေးဘူး
ချွေးတွေ သံတွေနဲ့ညစ်ပေနေမယ်
ပူလောင်နေမယ်ဆိုရင်
ရေကိုချိုးလိုက်ရ သောက်လိုက်ရရင်
တစ်ခါတည်း သန့်ရှင်း စင်ကြယ်သွားတယ်
အပူတွေငြိမ်းပြီး အေးမြသွားတယ်
နောက်ပြီး ရွှင်လန်းချမ်းသာမှုတွေ တောက်လျှောက် ဖြစ်လာတော့တာပဲ။
ဒီလောက်ဆိုရင် ရွှေသီဟာ
ရေရဲ့ကျေးဇူး
ဘယ်လောက်ကြီးတယ်ဆိုတာ သိရောပေါ့။
ဘယ်အရာမဆို
'တူသော အကျိုးပေးတယ်' ဆိုတာ
ဒါကို ပြောတာ
ရေအကျိုးကျေးဇူးက
ပြောလို့မကုန်သလို
ရေလှူတဲ့ အကျိုးလဲ ၁၀ ပါး ဆိုပေမယ့်
ပြောလို့မကုန်ဘူး ရွှေသီရဲ့။
ရွှေသီ။ ။
ဆရာတော်ဟောမှ
တော်တော်တော့
သဘောပေါက်ချင်လာပြီ ဘုရား
အဲဒီတော့ တပည့်တော်မ ဘာလုပ်ရမတုန်း။
ဆရာတော်။ ။
အေး . . . နေရာကျပြီ
ဒါထက် နေဦး ငါဆက်ပြောဦးမယ်။
အဲသလို ရေအကျိုးကြီးတာကို
သိကြလို့ ရှေးကလူတွေဟာ
ခုခေတ်လူတွေလို
ရေကို ရောင်းမစားကြဘူကွဲ့။
အတ္တဟိတ ပရဟိတ
သူ့အကျိုးကိုယ့်အကျိုး
ဆောင်တဲ့အနေနဲ့
တစ်ချက်ခုတ်နှစ်ချက်ပြတ်
ကိုယ်တတ်နိုင်သလောက်
ရေတွင်းရေကန်တွေတူးပြီး
ထာဝရကုသိုလ် လုပ်ကြတယ်။
ရေတွင်းရေကန်ထဲက ရေကိုငင်ပြီး
နေရာတကာမှာ
ခရီးသွားများ သောက်သုံးရန်
ရေချမ်းစင်ကလေးတွေ
တည်ထားတာကိုလဲ ရွှေသီ မြင်ဖူးမှာပေါ့။
တချို့များ နွားကျွဲ တိရစ္ဆာန်တွေ
သောက်ဖို့တောင် ရေအလှူ လုပ်လေ့ရှိကြတယ်။
ဒီတော့
တို့ ရှေးကလူတွေဟာ
ယခုလူတွေထက် ရောဂါနည်းတယ်
အသက်တမ်း ပိုရှည်ကြာစွာ နေကြရတယ်။
ရေအလှူ တစ်ခုတည်ူကိုပဲ
အကြောင်းအကျိုး ဆက်ပြီး
ကြည့်တတ်ရင်မြင်တယ်။
မကြည့်တတ်ရင်တော့ မမြင်ဘူး။
မမြင်တော့လဲ မယုံဘူးပေါ့ကွယ်။
ရွှေသီ။ ။
တပည့်တော်မ ယုံပါပြီဘုရား
တပည့်တော်မတို့တော့
ရေတွင်းရေကန်လဲ မတူးနိုင်ဘူး
ရေကို ဘယ်လိုလှူရမှာလဲဘုရား။
ဆရာတော်။ ။
အေး. . .
ရေတွင်းရေကန်လဲ တူးဖို့မလိုပါဘူး။
ငါခုနက ပြောပြီကော
ဟို ဧရာဝတီမြစ်ထဲက ရေတွေ။
ရွှေသီ။ ။
မှန်ပါ တပည့်တော်မ
ဘယ်လိုလှူရမလဲ ဘုရား။
ဆရာတော်။ ။
အေး. . . ကောင်းပြီး။
လောကမှာ အမြတ်ဆုံးပုဂ္ဂိုလ်ကို
ပြပါဆိုရင်
သုံးလောကထွတ်ထား
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးပဲ
ကိုယ့်အလှူကိုလဲ
အမြတ်ဆုံးအလှူဖြစ်စေချင်ရင်
အမြတ်ဆုံး မြတ်စွာဘုရားရှင်ကိုလှူရမယ်။
အမြတ်ဆုံး ကောင်းကျိုးမင်္ဂလာတွေ
ဖြစ်လာမယ်လို့လဲ စိတ်ထဲက
နှစ်နှစ်ကာကာ ယုံကြည်ရမယ်။
စေတနာကိုလဲ
ထက်ထက်သန်သန် ရှိစေရမယ်။
ရေချမ်းတော် ကပ်လှူလိုတဲ့
ဆန္ဒဓာတ်တွေလဲ ပြင်းပြရမယ်။
အတုမရှိတဲ့ မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးကို
သက်တော်ထင်ရှားရှိနေသလို
စိတ်ထဲက ရည်မှတ်ပြီး '
ငါ့ရှေ့မှာ သောက်တော်ရေ အလှူခံဖို့
ကြွရောက်တော်မူလာပြီ' လို့
အာရုံယူရမယ်။
အကောင်းဆုံး ရေခွက်ထဲမှာ
အသန့်ပြန့်ဆုံးဖြစ်အောင်
ရေကိုလုပ်ပြီးလှူ
အတုမရှိတဲ့ မြတ်စွာဘုရားကို
လှူတဲ့နေရာမှာ စေတနာထားပုံ
သန့်ရှင်းစင်ကြာ်အောင်
အလှူလုပ်ပုံကို
ဘယ်လူ ဘယ်နတ်နှင့်မှ မတူအောင်
စေတနာအကောင်းဆုံးထားပြီး ကပ်ရမယ်။
ဘယ်သူ့စေတနာ ထားပုံနှင့်မှ မတူစေနှင့် အပြတ်အသတ် ကွာပေ့စေ သာပေ့စေ။
ရွှေသီ နင်
တစ်နေ့ ရေဘယ်နှခါ သောက်သလဲ။
ရွှေသီ။ ။
သုံးလေးခါလောက် သောက်ပါတယ်ဘုရား။
ဆရာတော်။ ။
အေး . . . ကိုယ် ရေငတ်ရင်
ဘုရားကိုလဲ
သောက်တော်ရေကပ်ဖို့ မမေ့နှင့်
မနက် အိပ်ရာက နိုးတယ်ဆိုရင်ပဲ
မျက်နှာသစ်မယ်
ဘုရားကိုလဲ မျက်နှာသစ်တော်ရေ
မကပ်သင့်ဘူးလား
နောက်ပြီး တစ်နေ့တစ်ခါလောက်မှ
ရေမချိုးဘူးဆိုရင် ကိုယ်မှာ
သန့်ရှင်းပါ့မလား
ကျန်းကော ကျန်းမာပါ့မလား။
ဒီတော့ ဘာလုပ်သင့်သေးလဲ။
ရွှေသီ။ ။
ကိုယ် မျက်နှာသစ်တိုင်း
ကိုယ်ရေချိုးတိုင်း
မျက်နှာသစ်တော်ရေ
ချိုးတော်ရေများ ကပ်လှူရမှာပါဘုရား။
ဆရာတော်။ ။
အေး . . . ဟုတ်တယ်
သတိထားရမှာက
ကိုယ်ကပ်ထားတဲ့ရေက ပူသွားရင်
အေးတာနဲ့ လဲပြီးကပ်
တစ်နေ့တည်းမှာ
အကြိမ်တစ်ရာကျော်ချင်ရင် ကျော်ပေ့စေ
ဝီရိယဇွဲကောင်းကောင်းနဲ့ကပ်။
ပထမဆုံး တစ်ရက်လောက်
တစ်ပတ်လောက် စမ်းကပ်ကြည့်။
ပထမတော့ အလုပ်ပိုတယ်
တာဝန်လေးတယ်လို့
ထင်ချင်ထင်နေဦးမယ်။
လက်တွေ့လုပ်ကြည့်တော့
ရှေးကထက် စိတ်တွေကြည်လင်ပြီး
ချမ်းသာလာတာကို
ပထမဆုံး ခံစားရလိမ့်မယ်။
ရွှေသီ။ ။
မှန်ပါ တပည့်တော်မ ကနေ့ကစပြီး
လုပ်ပါ့မယ်ဘုရား။
ဆရာတော်။ ။
အေး . . . သာဓု သာဓု သာဓုဗျာ။
သား
ရွှေသီဟာ ဗောဓိကျောင်းဆရာတော်
အမိန့်ရှိတဲ့အတိုင်း ယုံယုံကြည်ကြည်နှင့်
လုပ်ရှာတယ်။ ဒါပေမယ့်
သူတို့မိသားစုမှာ ဆင်းရဲရှာလေတော့
အိမ်မှာ ဘုရားစင်တို့
ဘုရားကျောင်းဆောင်တို့ဆိုတာ မရှိဘူးပေါ့။
ဒီတော့ ရွှေသီဟာ ဘုရားကပ်လှူဖို့
ရေတော်အိုးကလေးကို ခေါင်းပေါ်မှာ ရွက်ပြီး မြစ်ဆိပ်တံတားကြီးအတိုင်း တက်လိုက်
ဆင်းလိုက်နဲ့ ကျောင်းမှာရှိတဲ့ ဘုရားကို
ရေလှူသွားရရှာတယ်။
သားမြင်တဲ့အတိုင်း
တံတားကြီးက ပေတစ်ရာကျော်မက
မတ်စောက်ပြီး ရှည်လျားတယ်။
သူ့မှာ တစ်နေ့ ဘယ်နှခါ
တက်ရ ဆင်းရ
ဆင်းရ တက်ရနဲ့
မမောနိုင် မပန်းနိုင်
ရေဝတ်မြဲရှာတယ်။
ဒီဆင်းရဲတဲ့ဘဝက
လွတ်ချင်ရှာတာကိုး သားရဲ့။
ဒီလိုနဲ့ ရွှေသီကလေးဟာ
အသက် ၂၀ လောက်မှာ
သေဆုံးသွားရှာတယ်။
ဒါပေမယ့်
ရွှေသီဟာ ဒီမိုးတားမြို့မှာပဲ
မိန်းကလေးအဖြစ် ပြန်ဝင်စားတယ်။
အဲဒီ ရွှေသီဝင်စားတဲ့ မိန်းကလေးက
သူ့ကိုယ်သူ
'လူဝင်စား' ဆိုတာ မသိရှာဘူး။
ဒီလိုနဲ့ နေလာခဲ့တာ
၉ နှစ်သမီး အရွယ်ရောက်တော့
သူ့အမေနှင့်အတူ ဗောဓိကျောင်းကို
ဆွမ်းပို့လိုက်သွားတယ်။
သူတို့သားအမိ
ဗောဓိကျောင်းရောက်ခါနီးမှာ
ဆင်းဆင်းရဲရဲ
အမယ်အိုကြီးတစ်ယောက်က
လမ်းဖြတ်ပြီး ကူးလာတယ်။
သူတို့သားအမိကအရောက်
အဲဒီနေရာကို
အမယ်ကြီးက လမ်းဖြတ်အကူး
အမယ်အိုကြီးက သူ့ ပခုံးပေါ်မှာ
လျော့ရဲရဲတင်လာတဲ့
ရက်စောင်ကလေးကို
ပခုံးပေါ် ယမ်းပြီး တင်လိုက်တယ်။
အဲသလို
ရက်စောင်တဘက်ကလေး ယမ်းပြီး
အတင်လိုက်မှာ ကလေးမကလေးရဲ့
မျက်စိကို တဘက်မြိတ်နှင့်
ဖြတ်ခနဲ ရိုက်မိသွားတယ်။
ကလေးမကလေးလဲ
'အမယ်လေး'လို့ အော်လိုက်ရင်း
တဘက်မြိတ်ကို
ရုတ်တရက် ယောင်ရမ်းပြီး
လက်နှင့်ဆွဲကိုင်လျက်သား ဖြစ်သွားလို့
ကြည့်လိုက်တော့
သူ့စိတ်ထဲမှာ
'အသိထူးတစ်ခု' ဝင်လာပြီး
မျက်စိနာတာကိုတောင်
သတိမရတော့ဘဲ
တဘက်ကလေးကိုင်ရင်းနဲ့ ငိုင်ပြီး
အံ့အားသင့်သွားတယ်။
"သြော် . . .
ဒီတဘက်ကလေးက
ငါကိုယ်တိုင် ငါ့လက်နှင့်ရက်တဲ့
တဘက်ကလေးပါလား"
လမ်းဖြတ်ကူးတဲ့ အမယ်အိုကြီးခမျာလဲ အားတုံ့အားနာဖြစ်ပြီ . . .
"မတော်လို့
ခိုက်မိတာပါ သမီးရယ်
တော်တော် နာသွားသလား" လို့
မေးတယ်။
ကလေးမကလေးက
တဘက်ကိုကိုင်ပြီး ကြည့်ရောကနေ
အမယ်အိုကြီးမျက်နှာကို
မော့လဲကြည့်လိုက်ရော -
'ဟင် . . .
ဒါ ငါ့အေမပါလား'လို့
အသိဝင်သွားတယ်
ကလေးမကလေးဟာ
နောက်ဘဝက အမေနှင့်
ယခုဘဝအမေ နှစ်ယောက်ကြားမှာ
အံ့အားသင့်နေတုန်း (ခုဘဝ) အမေက -
"ကဲ . . .
ကဲ . . .
သွားကြဦးစို့ သမီး
ဘုန်းကြီး
ဆွမ်း နောက်ကျနေဦးမယ်" ဆိုပြီ
လက်ဆွဲခေါ် သွားတယ်။
ကျောင်းရောက်ပြန်တော့လဲ
ဗောဓိကျောင်းဆရာတော်မျက်နှာကို
ဖူးတွေ့ရလျှင် ဖူးတွေ့ရချင်း -
"ဟယ် . . .
ဒီဆရာတော်ကြီးကလဲ
ငါ့ကို ရေအလှူခိုင်းတဲ့
ဆရာတော်ကြီးပါပဲကလား" လို့
အသိပေါ်လာပြန်တယ်။
ဒါနဲ့ ကလေးမကလေးဟာ
ရုတ်တရက်
မမျှော်လင့်ဘဲ သိသွားတဲ့
သူ့ဇာတ်ကြောင်းကို
ဆရာတော်ကို လျှောက်ချင်တာနဲ့
ဆရာတော်ကို ဦးသုံးကြိမ်ချပြီး -
"ဆရာတော်ဘုရား
တပည့်တော်မ
တစ်ခု လျှောက်ချင်ပါတယ်" လို့
ခွင့်တောင်းလိုက်တယ်
ဆရာတော်က -
"ဟဲ့ကလေးမ
ဘာများ လျှောက်ချင်လို့တုံး
လျှောက်ချင်တာကို
လျှောက်ပါလေ" လို့ ခွင့်ပေးတယ်
အမေလုပ်သူမှာ ဘုမသိဘမသိ
သမီးကိုကြည့်နေတုန်း -
"ဆရာတော်ဘုရား
ဒီကျောင်းနားမှာ နေသွားတဲ့
ရွှေသီဆိုတဲ့
ကလေးမတစ်ယောက်ကို
မှတ်မိသေးလားဘုရား"
"ဟေ . . . မှတ်မိတာပေါ့ တဲ့
ကလေးမက ဘာဖြစ်လို့
ရွှေသီကို မေးရတာလဲ"
"အဲဒီ ရွှေသီဆိုတာ
အခု တပည့်တော်မပဲ ဘုရား"
"ဟယ် . . .
နင် ဘယ်လိုလုပ်ပြီး သိတုံး
ငါ့ကို လျှောက်စမ်းပါဦး" လို့ဆိုတော့
ကလေးမကလေးဟာ လမ်းလာရင်း
(ဇာတိဿရဉာဏ်အသိနှင့်)
သူသိတာတွေကို အစအဆုံး
လျှောက်လိုက်တယ်
အားလုံး မှန်နေလို့
ဆရာတော်ရော သူ့အမေပါ
အံ့သြကြရပါတယ်။
ဒီတော့ ဆရာတော်က ဆက်ပြီး
အမိန့်ရှိလိုက်သေးတယ်။
"ဟဲ့ . . . ကလေးမ
နင် လျှောက်တာတွေအားလုံး
အမှန်ချည်းတဲ့ပဲ
အဲဒီတော့ ရွှေသီဘဝတုန်းက
လှူတဲ့ကုသိုလ်နှင့်
ဒီဘဝကုသိုလ် ဆက်မိသွားအောင်
ရေကိုသာ ထပ်ပြီး ဝတ်မပျက်အောင်
လှူဟဲ့ မုချ နင် ချမ်းသာလိမ့်မယ်" လို့
အမိန့်ရှိလိုက်သေးတယ်။
"ဒါဖြင့် အမေ
ကျွန်တော်တို့ မိုးတားမြို့မှာ
အခု ရွှေသီဝင်စားတဲ့
ကလေးမကလေး ရှိဦးမှာပေါ့နော်
သူ့နာမည်က ဘယ်သူတဲ့လဲ
ခု သူ ဘယ်မှာလဲ"
မွေးသည့်မိခင် ကျေးဇူးရှင်ကြီး
စိတ်ပါဝင်စားစွာ အာရုံယူပြီး
ပြောဆိုနေသဖြင့်
စောစောက ။
ကျွန်ုပ် ဘာမေးခွန်းတစ်ခုမျှ
ဝင်မမေးဘဲ
စိတ်ပါဝင်စားလျက်
နားထောင်နေမိရာက
ဤနေရာသို့
ဇာတ်လမ်း ရောက်လာသောအခါ
မအောင့်နိုင်တော့ဘဲ မေးလိုက်မိ၏။
"အေး . . .
သိရမှာပေါ့ သားရယ်
ဒါထက် ခုနက စကားကျန်သွားတယ်
ဗောဓိကျောင်းဆရာတော်ကြီးက
ပြောလိုက်သေးတယ်။
"ကလေးမ
နင် ခုပြောတဲ့အကြောင်းတွေကို
ဘယ်သူမှ မပြောနှင့်
နေမကောင်း ဖြစ်တတ်တယ်"တဲ့။
ထိုအခါ ကျွန်ုပ်က -
"ဟင် . . .
ဒါဖြင့် ဟိုတုန်းကရွှေသီဟာ
ခုဘဝ အမေပဲပေါ့"
"အေး . . .
ပြောရသေးတာပေါ့ သား
ဟိုဘဝက 'ရွှေသီ'ဟာ
သားမေးသလို
ခုဘဝမှာ 'ရွှေဥ'ဖြစ်လာတယ်
သားတို့အမေ ဒီကဒေါ်ရွှေဥပေါ့
ဆရာတော်ကြီးအမိန့်ရှိတိုင်း
ဒီအကြောင်းကိုပြောရင်
အမေ့မှာ
နေမကောင်း
ထိုင်မသာ ဖြစ်တတ်တယ်။
ဒါပေမယ့်
သားက အခု အမေတို့နှင့် ခွဲခွာပြီး
ဟို . . . ရန်ကုန်ကို
ပြောင်းမယ်ဆိုလို့သာ ပြောပြရတာ။
အမေ့မှာ ဒီလိုပြောလို့
နေထိုင်မကောင်း ဖြစ်ဦးတော့
သားတို့အတွက် အကျိုးရှိမှာမို့
အခု ဖွင့်ပြီး ပြောရတာပဲ။
"ခုဘဝမှာ သားတို့မြင်တဲ့အတိုင်း
အမေ့မှာ စီးပွားဥစ္စာဆိုလဲ
ဘာမှ လိုလေသေးမရှိပါဘူး။
ရွှေသီဘဝက
ရေလှူခဲ့တဲ့ အကျိုးတွေပေါ့
သားတို့သာ မဟုတၸါဘူး
ဒီမိုးတားမြို့ ရပ်ဝေးရပ်နီး
အေမတို့
ဘယ်လောက်ချမ်းသာတယ်ဆိုတာ
သိနေကြတာပဲ
နောက်ပြီး
အမေ့မှာ
ဖျားတာနာတာ
ထိခိုက်ရွနာတာဆိုလို့
ဘယ်လိုဟာမှန်းတောင် မသိဖူးဘူး
ကျန်းမာရေးနှင့် ပတ်သက်လို့လဲ
ဆေးဆိုလို့ အမေ့အနေနှင့်
နှာတို့ လျက်ဆားတို့တောင် မသုံးဖူးဘူး
သားတို့အသိပဲ
အခု အသက်ကြီးလာလို့
ဆံပင်နည်းနည်းဖြူပေမယ့်
သွားမကျိုးဘူး မျက်စိမမွဲဘူး။
"ခုလောက်ဆို
အမေပြောချင်တာ
ငါ့သား သိလောက်ပါပြီ"
"သားသိပါပြီ အမေ
အမေ နောက်ဘဝကရော
ဒီဘဝမှာရော ဝတ်ထားပြီး
အမြဲလုပ်နေကျ
မျက်နှာသစ်တော်ရေ
သောက်တော်ရေ
ချိုးတော်ရေ
လွူတဲ့ဝတ္ကို
သားတို့လဲ ဘယ်မှာနေနေ
ဝတ်မပျက်ရအောင် လုပ်ပါ့မယ်။
ရေလှူတဲ့အကျိုးကိုလဲ
သားတို့မျက်မြင် ဖြစ်နေမှပဲ။
သား ယုံလဲ ယုံကြည်ပါတယ်"
"သာဓုတော် သာဓု သာဓု
ငါ့သားကြီး ဘုန်းကြီးပါစေ
သက်ရှည်ပါစေ
ချမ်းသားပါစေ
သွားလေရာရာ
အန္တရာယ်မရှိ ဘေးမငြိပါစေနှင့်"
ကျွန်ုပ်မိခင်ကြီး ပြောပြသော
ရေလှူအကျိုးမှာ ကျွန်ုပ်တို့အတွက်
မျက်မြင်ကိုယ်တွေ့ ဖြစ်နေသဖြင့်
ပိုပြီး လေးလေးနက်နက်
သက်ဝင်ယုံကြည် မိပါသည်။
ကျွန်ုပ်လည်း
မွေးသည့်မိခင် ကျေးဇူးရှင်ကြီး၏ ။
ဘဝပေး အမွေကောင်းကြီးကို
ရောက်လေရာရာမှာ
စွမ်းအားရှိသမျှ
မပျက်မကွက်ရအောင်
ဆောင်ရွက်လျက် ရှိပါသည်။
ကျွန်ုပ်၏ စာဖတ်သူများကိုလည်း
ပိုမိုထင်ရှားစေရန်
ကျွန်ုပ်မိခင်ကြီး၏ ရေဒါနကြောင့်
ကျွန်ုပ်တို့ နေထိုင်ခဲ့ရပုံအကြောင်းကို
အနည်းငယ်ပြောပြချင်ပါသေးသည်။
ဂုဏ်ယူဝင့်ဝါခြင်း မဟုတ်။
စာဖတ်သူများ သဒ္ဓါတရား
ပို၍ ဖြစ်ပွားစေလိုသောကြောင့် ဖြစ်ပါသည်။
ယခု ကျွန်ုပ်မိခင်ကြီး
အသက် ၈၆-နှစ် ရှိပါပြီ
အပ်နဖား ထိုးနိုင်လောက်အောင်
မျက်စိအား ကောင်းပါသည်။
ဖျားနာဖူးခြင်း အလျင်းမရှိပါ။
စီးပွားဥစ္စာနှင့် စပ်၍လည်း
ရတနာ စိန်ရွှေငွေ ဆင်မြင်းကျွဲနွား အသုံးအဆောင်အားလုံး ပြည့်စုံပါသည်။
အကောင်းဆုံးအိမ်
အကောင်းဆုံးအသုံးအဆောင်နှင့်
အကောင်းဆုံး
အဝတ်အစားများ ရရှိပါသည်။
ဘာမျှ လိုလေသေးမရှိပါ။
ကုသိုလ်ကောင်းမှုနှင့် စပ်၍လည်း
မိခင်ကြီး မလှူဖူးတဲ့အလှူ
မရှိသလောက်ဟုပင် ဆိုရပါမည်။
အသက် ၉၀ ကျော် နေထိုင်သွားကြရတဲ့
မိအို ဖအိုများကိုကောင်းစွာ ပြုစု
ကျွေးမွေးနိုင်သည့်အပြင်
ကွယ်လွန်ကြသောအခါတွင်လည်း ထိုက်ထိုက်တန်တန် သဂြိုဟ်ပြီး
ကျေးဇူးတုံ့ဆပ်နိုင်ခဲ့ပါသည်။
ဘုရား ကျောင်း ဇရပ် ပိဋကတ်
ရေတွင်းရေကန် မြန်မာပြည်အနှံ့ လှူပြီးပြီ။
မိခင်ကြီးမှာ ထမင်းရေချောင်းစီး
အလှူကြီး လှူလိုတဲ့ဆန္ဒ သားမြေးများ
ရှင်ပြုစဉ်က ပြည့်ဝသွားပါသည်။
အလှူလှူရာမှာ ကဏ္ဍပ်ကနား ကျွေးရုံ
အလှူရုံ ဇာတ်ရုံဆောက်ရာမှအစ
အဘက်ဘက်က ပြည့်စုံ၍
စိတ်ချမ်းသာရပါသည်။
မိုးတားတစ်မြို့လုံး
နီးစပ်ရာ ရွာများအားလုံးက ဝိုင်းပြီး ။
လုပ်အားပေးကြသဖြင့်
တစ်လကျော်ကျော် တောရောမြို့ပါ
ဟီးနေအောင် လုပ်သော မိခင်ကြီး
အလှူတွင် လုပ်အားပေးကြတဲ့
တစ်မြို့လုံးက ပေါ်ခင်မယ်ခင်
အပျိုလူပျို အစ်ကိုကာလသား
ကာလသမီးများ အားလုံးကို
နေ့တိုင်း နံနက်စာ ညစာ
အကျွေးအမွေးဖြင့် ဧည့်ခံပါသည်။
ထိုခေတ်က မန္တလေး နေပြည်တော်မှာ
နာမည်ကျော်တဲ့ မြခြေကျင်း
မငွေမြိုင်ကြီးဇာတ်ပွဲ ၇-ချီနှင့်
အောင်ပွဲခံခဲ့ပါသည်။
သားတွေ မြေးတွေ ရှင်ပြုပွဲမှာ
ရှင်လောင်းအပါး ၄၀ ကျော်တို့ကို
ကိုယ်ပိုင်ဆင် ၁၆ ကောင်ပေါ်မှာ
ရွှေထီးတဝင်းဝင်း ဆောင်းမိုးလျက်
မြင်းအကောင် ၂၀ ခြံရံပြီး
မြိုင်မြိုင်ဆိုင်ဆိုင်ကြီး
ရှင်လောင်းလှည့်ပွဲ ကျင်းပပါသည်။
ဓာတ်ပုံတွေမြင်တိုင်း
အပရစေတနာ တိုးပွားကြရပါသည်။
တစ်လကျော်ကျော် အလှူကြီးပင် ဖြစ်ပါသည်။
ထိုမှတစ်ပါး မိုးတားမြို့နယ်မှာ
အစဉ်အလာ ကျင်းပပြုလုပ်လေ့ရှိသော ဝါဆိုသင်္ကန်း ကထိန်သင်္ကန်း
ကပ်လှူသည့် ပွဲများတွင်လည်း ။ မိခင်ကြီးသည် အလှူငွေ အများဆုံး ထည့်ဝင်လေ့ရှိပါသည်။
သံဃဒါန ဆွမ်းလောင်းခြင်း
ဆွမ်းကပ်ခြင်းများလည်း
ပြတ်လှသည်မရှိပါ။
တပို့တွဲလ ထမနဲပွဲ ကျရောက်လာပြန်သော
အခါတွင်လည်း ထမနဲများကို မိုးဗြဲဒယ်ကြီး ၉၀-၁၀၀ တစ်နေကုန် ထိုးပြီး
တစ်မြို့လုံး တစ်နယ်လုံးလိုလို
ပျော်ပျော်ပါးပါး စားသောက်ရအောင်
လှူလေ့ရှိပါသည်။
သြဇာကိတ္တိ ရှိသည့်နေရာတွင်လည်း
တစ်မြို့လုံး လေးစားရသော ဖခင်ကြီးကိုယ်တိုင်က
မိခင်ကြီးအလိုကို လိုက်လျောခဲ့ရပါသည်။ အခြွေအရံနှင့် စပ်၍လည်း
သား ၃-ယောက် သမီး ၄-ယောက်
မြေး ၄၅-ယောက်နှင့်
မြစ် ၅၂-ယောက်ရှိပါသည်။
တစ်မြို့တည်းနေ တူ-တူမများလည်း
မိခင်ကြီးထံ မပြတ်ဝန်းရံ
နေလိုကြရုံမျှမက ဆမိတ်ခုံကဲ့သို့ တစ်ရပ်တစ်ကျေးက လာနေတဲ့ ဆွေမတော် မျိုးမတော် ဘကြီး ဦးဘသင်လို ပုဂ္ဂိုလ်များလည်း မရှားပါ။ ဦးဘသင်သည် အသက် ၄၀-ကျော်လောက်က အိမ်မှာလာပြီး နေခဲ့သည်မှာ
အသက် ၈၀-ကျော် မပြန်တော့ပါ။
"ငါ့သား မေမေတို့မှာ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် နေမှုစားမှု လှူမှုတန်းမှု
ဘယ်လောက်အထိ ပြည့်စုံတယ်ဆိုတာ
ငါ့သား အသိအမြင်ပဲ ဒါတွေအားကျစမ်းပါ
ငါ့သား နောက်ဆုံး အမေ မှာလိုက်ချင်တာက
ငါ့သား ရန်ကုန်မြို့ကြီး ရောက်တာနဲ့
ရွှေတီဂုံစေတီတော်ကြီးကအစ
ရေလှူဖြစ်အောင် လှူစမ်းပါ
အိမ်မှာလဲ အမေ့လို နေ့စဉ်'ရေတော်ဝတ်' လုပ်ထားပါ ။
ပန်း ရေချမ်းကပ်တာ မိန်းမတွေအလုပ်
သေးသေးနုပ်နုပ်လို့များ မမှတ်ထင်လေနှင့်သား
ဥစ္စာရင်လို ဥစ္စာရင်ခဲရတယ်
ကိုယ်လှူမှ ကိုယ်ရမှာ ငါ့သား
နေ့တိုင်းလှူ အကြိမ်ကြိမ်လှူပါလေ
ဒါ ဒီဘဝအတွက်တင် မဟုတ်ဘူး
သံသရာအတွက်ပါ ငါ့သားကို
ချမ်းသာအောင် အမေပေးလိုက်တဲ့ အမွေပဲ"
ကျွန်ုပ်၏ မွေးသည့်မိခင် ကျေးဇူးရှင်ကြီးသည်
ကျွန်ုပ်အား အထက်ပါ စကားများကို
ပြောဆို မှာကြားပြီးနောက်
၃-ရက်လောက် နေမကောင်း ဖြစ်ရရှာပါသည်။
အမှန်ပင် မိမိ အနစ်နာခံ၍ သား၏အကျိုးကို မျှော်ကိုးပြောပြခြင်း ဖြစ်ပါသည်။
အို . . .
စာရှုသူအပေါင်းတို့ ကျွန်ုပ်တို့၏ မွေးမိခင် ကျေးဇူးရှင် ဒေါ်ရွှေဥ၏ အမှာစကားကို
အရင်းအတိုင်း ဖောက်သည် ချလိုက်ပါသည်။
ကျွန်ုပ်ကလည်း ထပ်မံ တိုက်တွန်းလိုပါသည်။
ကျားမကြီးငယ်မဟူ ဆင်းရဲသူ ချမ်းသာသူမရွေး
လူတိုင်း
ရေ . . .
ရေ . . .
ရေအလှူ ပေးကြစမ်းပါ
ရေကို လှူဖြစ်အောင် လှူကြစမ်းပါ - ဟူ၍။
[၁၉၈၀-ခုနှစ် ဇွန်လထုတ်
ဒဂုန်မဂ္ဂဇင်းမှ
ဆရာကြီး မိုးတားဦးထွန်းရှိန်၏
'မအို မနာ သက်ရှည်ကြာ'
ဆောင်းပါးကို ကူးယူဖော်ပြပါသည်။]
ဤဆောင်းပါးကို ဦးဇင်းအခေါက်ခေါက်အခါခါ
သေသေချာချာဖတ်ပြီးကြည်နူးရပါသဖြင့်
အခြားသူတပါးတွေကိုလည်းဖတ်စေချင်သောကြောင့်ဖတ်ချင်စဘွယ်ဖြစ်အောင်
စာပိုဒ်ခွဲကာပြန်လည်ရေးသားမျှဝေလိုက်ပါ၏။
ဤကောင်းမှုကုသိုလ်ကံကြောင့်
နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို၏
နိဗ္ဗာန်သို့မရောက်မီသံသရာတစ်ခွင်ကျင်လည်စဉ်ဝယ်အပါယ်ဆင်းရဲကင်း၍ လူလူနတ်နတ်ဘဝဖြင့်
ဆွေလယ်မျိုးလယ်တန်ခိုးကြွယ်၍
လနှယ်ထွန်းတင့်ပါစေသောဝ် ။
မေတ္တာဖြင့် Ashin Thu Mingala
August-23-2021-at 9-36-pm
Credit to original Uploader.