စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, August 18, 2021

လူတိုင်းသဘောကျအောင် ဘယ်သူမှမတတ်နိုင်ဘူး..

လူတိုင်း သဘောကျအောင်တော့ ဘယ်သူမှ မတတ်နိုင်ဘူး
☘☘☘☘☘☘☘☘☘☘☘☘☘☘☘

လောကမှာ လူရယ်လို့ ဖြစ်လာရင် 
ပတ်ဝန်းကျင်ဆိုတာ ရှိတယ်။ 
အဲဒီပတ်ဝန်းကျင်မှာ ကိုယ့်ကို
လိုတဲ့သူတွေရှိသလို၊ မလိုတဲ့သူတွေလည်း ရှိလိမ့်မယ်။

ကိုယ့်ကို သဘောကျတဲ့သူတွေ ရှိသလို 
သဘောမကျတဲ့ သူတွေလည်း ရှိလိမ့်မယ်။ 
ဒါ သဘာဝပါ။

လူတိုင်း သဘောကျအောင်တော့ 
ဘယ်သူမှ မတတ်နိုင်ဘူး။ 
မြတ်စွာဘုရားလောက် အပြစ်ကင်းတဲ့
ပုဂ္ဂိုလ်ကိုတောင် သဘောမကျတဲ့သူတွေ ရှိသေးတာပဲ။သာမန်လူတွေဆိုတာကိုတော့ မပြောနဲ့တော့။
အဲဒီတော့ ကိုယ့်ကို သဘောမကျတဲ့သူတွေဆိုတာ 
သေချာပေါက် ရှိလိမ့်မယ်။ သဘောမကျရင်လည်း မကျသလို အပြစ်တွေ ပြောကြလိမ့်မယ်။ 
ကဲ့ရဲ့စကားတွေ ဆိုကြလိမ့်မယ်။ဒါကို မကျေမနပ်ဖြစ်နေလို့ ဖြစ်မှာမဟုတ်ဘူး။

သူတို့က ကိုယ့်ကို မကောင်းဘူးလို့ ထင်ရင်တော့
မကောင်းဘူးလို့ ပြောမှာပဲ။ သူ့အထင် သူပြောတာ။
ကိုယ်က အကြီးအကျယ် မခံစားသင့်ပါဘူး။
ဘာလို့လဲဆိုတော့ သူ့အထင် သူ့စကားသက်သက်ကြောင့် ကိုယ့်မှာ ဘာမှဖြစ်မသွားနိုင်လို့ပါပဲ။
သူက မကောင်းဘူးပြောလို့လည်း ကိုယ်ဟာ
မကောင်းတဲ့သူ ဖြစ်သွားတာ မဟုတ်ဘူး။ 
ပင်ကိုယ်က ကောင်းရင် ကောင်းမှာပါပဲ။

သူက ကောင်းတယ်ပြောလို့လည်း ကိုယ်ဟာ
ကောင်းတဲ့သူဖြစ်သွားတာ မဟုတ်ပါဘူး။ 
ပင်ကိုယ်က မကောင်းရင် မကောင်းနေတာပါပဲ။ 
သူ့စကားသံ သက်သက်ကြောင့်တော့ ကိုယ့်မှာ 
အဆိုးအကောင်း ပြောင်းလဲမှု မရှိနိုင်ပါဘူး။

ကိုယ်က အလွန်အမင်း ခံစားပြီး လောဘတွေ
ဒေါသတွေနဲ့ တုံ့ပြန်မယ်ဆိုမှသာ 
အဲဒါက ကိုယ့်ကို ထိခိုက်မှာ။
ဒါကြောင့် စကားသံတွေနဲ့ ပတ်သက်ပြီး နားလည်ဖို့ လိုတယ်။ သိဖို့ လိုတယ်။ 
တချို့ နားမလည်ကြတော့ ကဲ့ရဲ့သံတွေကို 
မခံနိုင်ဘူးဆိုပြီး ရှက်လွန်းလို့ ဘဝကို 
အဆုံးစီရင်သွားတဲ့ လူတွေတောင်ရှိတယ်။
တချို့ကျတော့လည်း ချီးမွမ်းသံတွေကို မခံနိုင်လို့ 
ဘဝင်တွေမြင့်၊ အောက်ခြေတွေလွတ်ပြီး 
ပျက်စီးသွားကြတဲ့သူတွေရှိတယ်။ 
ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းဆိုတဲ့ လေသံတွေကြားမှာ
မရှုမလှ ကျဆုံးသွားကြတဲ့သဘောပါပဲ။

ဒါကြောင့် ပတ်ဝန်းကျင်က မလိုလို့ ပြောလာတဲ့ 
စကားသံတွေနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ စိတ်ဓာတ်ရှိဖို့ လိုတယ်။ 
ခိုင်မာတဲ့ စိတ်ဓာတ်ရှိဖို့အတွက် စကားသံတွေနဲ့ 
ပတ်သက်ပြီး မှန်မှန်ကန်ကန် သိတတ်တဲ့
ဉာဏ်ပညာရှိဖို့ လိုအပ်ပါတယ်။ 
ဉာဏ်ပညာကြီးလေလေ စကားသံတွေနဲ့ ပတ်သက်ပြီး မတုန်လှုပ်လေလေပါပဲ။

⚜⚜⚜ အရှင်ဥတ္တမ(သစ္စာရွှေစည်) ⚜⚜⚜

Credit...

No comments:

Post a Comment