စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, August 10, 2022

"အလှူလေးမျိုး"

"အလှူလေးမျိုး"

       မြတ်စွာဘုရားက အလှူရှင်တွေ စဉ်းစားဖို့၊ အလှူခံပုဂ္ဂိုလ်တွေ စဉ်းစားဖို့ "အလှူလေးမျိုး" ခွဲပြတယ်။ 

အဲဒီ လေးမျိုးခွဲပြတဲ့အထဲမယ် အလှူတစ်ခု (သို့) ဒါနကောင်းမှုတစ်ခုရဲ့ အကျိုးပေးမှု မပေးမှုဆိုတာ ပုဂ္ဂိုလ်နှစ်ဦးပေါ်မှာ မူတည်တယ်တဲ့။ 

အလှူရှင်ပေါ်မှာလည်း တည်တယ်၊ 
အလှူခံပုဂ္ဂိုလ်ပေါ်မှာလည်း တည်တယ်။ 
ဒါ သတိထားရမှာနော်။ အလှူရှင်ကိုယ်တိုင်အပေါ်မှာလည်း တည်တယ်၊ အလှူခံပုဂ္ဂိုလ်ပေါ်မှာလည်း တည်တယ်။

             အဲဒီမှာ အကျိုးမရနိုင်တာနဲ့ အကျိုးပေးနည်းတာကို ပြောရမယ်ဆိုရင် 

(၁) အလှူလှူသူ ကိုယ်တိုင်ကလည်း ကိုယ်ကျင့်သီလ မရှိဘူး၊ အလှူခံပုဂ္ဂိုလ်ကလည်း ကိုယ်ကျင့်သီလ မရှိဘူးဆိုရင် ဒီအလှူဒါနဟာ ဘက်စုံက မကောင်းတဲ့ဒါနဖြစ်ပြီး အလွန်ညံ့တယ်၊ အကျိုးနည်းတယ်။ မရဘူးလို့တော့ မဟောဘူးနော်။ ဘာဖြစ်လို့တုံးဆိုရင် condition (အခြေအနေ)တွေ မကောင်းလို့၊ အလှူခံတဲ့ပုဂ္ဂိုလ်ရဲ့ အခြေအနေကလည်း မကောင်းဘူး၊ အလှူလှူတဲ့ပုဂ္ဂိုလ် အလှူရှင်ကိုယ်တိုင်ရဲ့ အခြေအနေကလည်း မကောင်းဘူး။ နှစ်ဖက်စလုံး မကောင်းတဲ့အတွက် သူ့အလှူဟာ ကောင်းတဲ့ အကျိုးကျေးဇူးတွေကို ပေးနိုင်လောက်အောင် စင်ကြယ်မှာ မဟုတ်ဘူး၊ မစင်ကြယ်နိုင်ဘူး။ မစင်ကြယ်ဘူးဆိုတာ ကောင်းကျိုးချမ်းသာတွေ အများကြီး မရနိုင်ဘူးလို့ ပြောတာ။ ဒါက အညံ့ဆုံးဒါန ဖြစ်သွားပြီ။

်     (၂) နောက်ပြီးတော့ကြည့်လိုက်၊ အလှူဒါယကာက သီလရှိတယ်၊ အလှူခံပုဂ္ဂိုလ်က သီလမရှိဘူး။

     (၃) တစ်ခါ အလှူခံဘက်က သီလရှိတယ်၊ အလှူဒါယကာဘက်က သီလမရှိဘူး။

     (၄) နောက်ဆုံးတစ်ခုက အလှူဒါယကာကလည်း ကိုယ်ကျင့်သီလ ရှိတယ်၊ အလှူခံ ပုဂ္ဂိုလ်ကလည်း ကိုယ်ကျင့်သီလ ရှိတယ်။

      ဒီလို ထပ်ခွဲလိုက်တဲ့အခါကျတော့ အဲဒီမှာ (၂) အလှူရှင်ဘက်က သီလရှိတယ်၊ အလှူခံဘက်က သီလမရှိဘူးဆိုရင် အလှူရှင် အကျိုးတရား ပြည့်ပြည့်ဝဝရတယ်။ အလှူခံကြောင့် မဟုတ်ဘူး။ အလှူရှင်ကြောင့် အကျိုးကျေးဇူး များများရတယ်။

     နောက်တစ်ခု (၃) အလှူခံပုဂ္ဂိုလ်က သီလရှိတယ်၊ အလှူရှင်က သီလမရှိဘူး၊ အလှူခံပုဂ္ဂိုလ်ကို အကြောင်းပြုပြီး အကျိုးကျေးဇူးရတယ်။ 

     နောက်ဆုံးတစ်ခုကျတော့ (၄) အလှူဒါယကာကလည်း သီလရှိတယ်၊ အလှူခံပုဂ္ဂိုလ်ကလည်း သီလရှိတယ်ဆိုတော့ နှစ်မျိုးလုံးကြောင့် အကျိုးကျေးဇူးတွေ မြောက်များစွာ ရနိုင်တယ်။ ဒီလိုပဲ ခွဲခြားမှတ်သားထားရမှာပေါ့။

     မြတ်စွာဘုရားအလောင်း ဝေသန္တရာမင်းလက်ထက်တုန်းက ဇူဇကာပုဏ္ဏားကြီးကို သားတော်နဲ့ သမီးတော်တွေ လှူလိုက်တုန်းက ဇူဇကာပုဏ္ဏားဟာ ဘယ်သီလရှိတဲ့ ပုဂ္ဂိုလ်ဟုတ်မှာလဲ၊ မိန်းမကြောက်လို့ ကလေးတွေကို အဝေးကြီးက လာပြီးတော့တောင်းတာ၊ သီလ လုံးဝ မရှိဘူး။ အဲဒီ သီလမရှိတဲ့ ပုဏ္ဏားကို မြတ်စွာဘုရားလောင်းက သားတော် သမီးတော်တွေကို ရက်ရက်ရောရော လှူလိုက်တယ်။ အဲဒီ အလှူဒါနဟာ ဇူဇကာဆိုတဲ့ အလှူခံ ပုဂ္ဂိုလ်ကြောင့် အကျိုးကြီးတာ မဟုတ်ဘူး။ ဝေသန္တရာမင်းဆိုတဲ့ ကိုယ်ကျင့်တရားကောင်းတဲ့ ဘုရားအလောင်းဘက်က အကျိုးကျေးဇူးဟာ အများကြီးရတာ။ အများကြီး ရရုံတင်မဟုတ်ဘူး၊ သူ့ရဲ့စေတနာစွမ်းအားကြောင့် သားသမီးတွေ လှူလိုက်တဲ့အခါ မြေငလျင်တောင် တုန်ဟည်းသွားတယ်လို့ပြောတယ်။

     လှူတဲ့အခါမှာ အလှူခံပုဂ္ဂိုလ်က ပိုပြီးတော့ အရေးကြီးသလား၊ အလှူဒါယကာက ပိုပြီးတော့ အရေးကြီးသလား ဆိုတော့ နှစ်ဖက်စလုံး အရေးကြီးတယ်လို့တော့ ပြောရမယ်။ သို့သော် တကယ် ပြင်ရဆင်ရမှာက လှူတဲ့ပုဂ္ဂိုလ်က ပိုပြီးတော့ ပြင်ရဆင်ရမယ်။ အလှူခံပုဂ္ဂိုလ်ဆိုတာ ကိုယ်သိနိုင်တာ မဟုတ်ဘူး။ ကိုယ်ကျင့်သီလရှိသလား၊ မရှိဘူးလား မသိနိုင်ဘူး။ မြတ်စွာဘုရားဟောထားတာ လောကမှာ "အပေါ်ယံရွှေမှုံကြဲ၊ အထဲက နောက်ချေးခံ" ဆိုတာလို ကိုယ်ကျင့်တရားမရှိပေမယ့် ကိုယ်ကျင့်တရားရှိတဲ့ အသွင်သဏ္ဌာန်ပေါ်နေတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်၊ ဒါကြောင့် အလှူခံပုဂ္ဂိုလ် သီလရှိမရှိ မသိနိုင်ဘူး။

     ဒါယကာတစ်ယောက်က မြတ်စွာဘုရားကို လာပြီးတော့ဖူးစဉ် မြတ်စွာဘုရားကမေးတယ်။ ဒါနကောင်းမှုတွေ ပြုသလားဆိုတော့ ပြုပါတယ်၊ တပည့်တော်ရဲ့ အလှူကိုကြွတဲ့ ပုဂ္ဂိုလ်တွေဟာ အကုန်လုံး ရဟန္တာတွေချည်းပဲဘုရား၊ တပည့်တော်က ရဟန္တာတွေမှ ရွေးလှူတာလို့ ပြောတယ်။ အဲဒီတော့ မြတ်စွာဘုရားက သတိပေးတယ်။ ဒါယကာ၊ သင်လိုလူတစ်ယောက်အနေနဲ့ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာလား၊ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာ မဟုတ်ဘူးလားဆိုတာ မသိနိုင်ဘူးတဲ့။ သံဃာကိုသာ ရည်စူးပြီးတော့ လှူပါ လို့ မြတ်စွာဘုရားက ဆုံးမဖူးတယ်။ ရဟန္တာပုဂ္ဂိုလ်ဆိုပြီး ရွေးလှူတာမျိုး မလုပ်ပါနဲ့တဲ့။ 
သံဃာကိုသာ ရည်စူးပြီးတော့ လှူပါတဲ့။

"ဘက်စုံကောင်းလျှင် အတိုင်းအတာမဲ့ အကျိုးရ"
******************************************

      မြတ်စွာဘုရားက ဒက္ခိဏဝိဘင်္ဂသုတ်မှာ လှူတဲ့ပုဂ္ဂိုလ်ကလည်း ရဟန္တာ ဝီတရာဂ(ရာဂကင်းကွာတဲ့ ပုဂ္ဂိုလ်)၊ အလှူခံ ပုဂ္ဂိုလ်ကလည်း ရဟန္တာ ဝီတရာဂပုဂ္ဂိုလ်၊ အဲဒီ ပုဂ္ဂိုလ်နှစ်ဦးရဲ့ အလှူကျတော့ အကျိုးကျေးဇူးဟာ ဘက်စုံကောင်းနေသည့်အတွက် အတိုင်းအဆမဲ့ အကျိုးကျေးဇူးကို ရနိုင်တယ်တဲ့။ 

    ဒီနေရာမှာလည်း အဋ္ဌကထာက ထပ်ပြီးတော့ စကားလေးတစ်ခု ဖြည့်စွက်ထားတာ ရှိသေးတယ်။ သတိထားစရာလေး တစ်ခုပေါ့။
ဆိုပါစို့၊ လှူတဲ့သူရော အလှူခံသူရော နှစ်ဦးစလုံးက အဆင့်အတန်းမြင့်တဲ့ ပုဂ္ဂိုလ်တွေချည်းပဲ။ တစ်ဦးက မြတ်တယ်။
နောက်တစ်ဦးကလည်း မြတ်တယ်။

ဥပမာ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို လှူမယ်၊ ဘုရားက အလှူဒါယကာဘက်က နေတယ်၊ 
ရှင်သာရိပုတ္တရာက အလှူခံဘက်ကနေတယ်။ 
အဲဒီ အလှူက တစ်ခု။

တစ်ဖန် ရှင်သာရိပုတ္တရာက အလှူဒါယကာဘက်ကနေပြီး ဘုရားက အလှူခံဘက်ကနေမယ်။ 
အင်မတန်မှ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးနှစ်ဦးမှာ ဘယ်သူ့အလှူက ပိုပြီးတော့ အကျိုးကြီးနိုင်မလဲ။ 
ရှင်သာရိပုတ္တရာရဲ့ အလှူက ပိုအကျိုးကြီးသလား၊
မြတ်စွာဘုရားရှင်ရဲ့ အလှူက ပိုအကျိုးကြီးသလား။

    ဒီလို မေးခွန်းထုတ်တဲ့အခါ မြတ်စွာဘုရားရဲ့ အလှူက ပိုအကျိုးကြီးပါတယ်။
မြတ်စွာဘုရားက အလှူခံဘက်က မနေဘဲနဲ့ အလှူဒါယကာဘက်ကနေပြီးတော့ လှူတဲ့အလှူက ပိုအကျိုးကြီးတယ်တဲ့။

ဒီစကားအရ အလှူပေးတဲ့ပုဂ္ဂိုလ်နဲ့ အလှူခံပုဂ္ဂိုလ် ဘယ်သူက အရေးပါလဲဆိုတာကို သိရမယ်။
မြတ်စွာဘုရားက လှူမယ်ဆိုရင် အလှူခံပုဂ္ဂိုလ်က မြင့်မြတ်တယ်။ 

သို့သော် ရှင်သာရိပုတ္တရာကလှူတဲ့ ဒါနထက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကိုလှူတဲ့ ဒါနဆိုရင် 
အလှူခံပုဂ္ဂိုလ်က ညံ့တယ်၊ 
အလှူပေးပုဂ္ဂိုလ်က သာတယ်၊ 
သာတော့ မြတ်စွာဘုရားရဲ့ အလှူဒါနက ရှင်သာရိပုတ္တရာရဲ့ အလှူဒါနထက် ပိုပြီးတော့ မြတ်တယ် တဲ့။ 
ဘာဖြစ်လို့မြတ်လဲဆိုတော့ အလှူခံပုဂ္ဂိုလ်က မြတ်လို့ မဟုတ်ဘူး၊
အလှူပေးပုဂ္ဂိုလ်က အရည်အချင်းကောင်းလို့ပေါ့။

     အဲဒါ ပိုပြီးတော့ သဘာဝကျတယ်။ ဘာဖြစ်လို့တုံးဆိုရင် အကျိုးပေးမယ့် စေတနာဟာ ဘယ်သူ့သန္တာန်မှာ ဖြစ်တာတုံးလို့ တွက်ကြည့်ပေါ့။
အကျိုးပေးတဲ့ စေတနာဟာ အလှူခံပုဂ္ဂိုလ်ရဲ့ သန္တာန်မှာဖြစ်တာ မဟုတ်ဘူး၊
အလှူရှင်ရဲ့သန္တာန်မှာ ဖြစ်တာ။

     ဒါကြောင့် အလှူရှင်က ပြင်ပြင်ဆင်ဆင်နဲ့ လှူတတ်တယ်၊ စေတနာ ထားတတ်တယ်ဆိုရင် အလှူရှင်ဘက်က ပိုပြီးတော့ကောင်းဖို့ အရေးကြီးတယ် လို့ ဒီစကားကို မှတ်သားရပါတယ်။

     ဒါကြောင့် ဒက္ခိဏဝိဘင်္ဂသုတ် အနှစ်ချုပ်မှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဟောကြားထားတာက ပုဂ္ဂလိကဒါနနဲ့ သံဃိကဒါနကို ခွဲခြားသိရှိပြီး လှူသူနဲ့ အလှူခံသူ ဒီပုဂ္ဂိုလ်နှစ်ဦးဟာ ကိုယ်ကျင့်သီလတွေ ပြည့်စုံပြီဆိုရင် လှူတဲ့အလှူဒါနဟာ အလွန်တရာ အကျိုးကျေးဇူးများပါတယ်တဲ့။

     ဒီကနေ့ ဝါဆိုသင်္ကန်းကပ်ကြရာမှာ သံဃာတော်တွေထဲက ငါးပါးပင့်တယ်ဆိုတာ သံဃာတွေထဲကနေ ရွေးထုတ်ပြီးတော့ လှူလိုက်တာဖြစ်သည့်အတွက်ကြောင့် သံဃိကဒါနမျိုးပဲ ဖြစ်တယ်။ ဒီ သံဃိကဒါန ဝါဆိုသင်္ကန်းအလှူကို လှူဒါန်းကြရသဖြင့် တို့တတွေဟာ မြတ်စွာဘုရား ဟောကြားထားတဲ့ ဒက္ခိဏဝိဘင်္ဂသုတ်နှင့်အညီ အတိုင်းအတာမဲ့ အကျိုးကျေးဇူးတွေကို ရကြမှာပါ။ 

ဒါကြောင့် ကုသိုလ်တရားများကို တို့တတွေ ဆက်ပွားပြီးတော့ ကြိုးစားအားထုတ်ကြရမယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)။

နိယျာနိကသာသနာ နှင့် မြတ်ဒေသနာများ စာအုပ်၊ ဒက္ခိဏဝိဘင်္ဂသုတ်အနှစ်ချုပ် တရားတော်မှ ကူးယူပူဇော်ပါတယ်။
dhammapractitioner

No comments:

Post a Comment