စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, August 30, 2022

သမထနှင့် ဝိပဿနာ ကွဲပြားချက်

🌺သမထနှင့် ဝိပဿနာ ကွဲပြားချက်🌺
➖➖➖➖➖➖➖➖➖➖➖

စိတ်ပျံ့လွှင့်ရင် ပျံ့လွှင့်တာကို
သိအောင် ရှုတာ ဝိပဿနာ။
စိတ်ပျံ့လွှင့်ရင် ပျံ့လွှင့်တာကို
မလွှင့်အောင် ထိန်းတာ သမထ။

စိတ်ပျံ့လွှင့်ရင် ပျံ့လွှင့်တာကို
မကြိုက်တာက သမထ။
စိတ်ပျံ့လွှင့်ရင် ပျံ့လွှင့်တာကို
မနှစ်သက်လို့ အဲဒီ မနှစ်သက်တာကို
ပြန်ရှုတာက ဝိပဿနာ။

စိတ်တည်အောင်, ငြိမ်အောင်
အားထုတ်တာက သမထ။
စိတ် တည်တည်, မတည်တည်
မတည်တာ, ငြိမ်တာ အမှန်သိအောင်
အားထုတ်တာက ဝိပဿနာ။

သမထက ကိုယ်ဖြစ်ချင်သလို 
ဖြစ်လာအောင် လုပ်ယူတာ။ 
ဝိပဿနာက သူ့ဖာသာ
ဖြစ်နေတဲ့သဘောကို 
သိအောင်လေ့လာတာ။

အာရုံတစ်ခုနဲ့ 
အမွဲ ဆကျဆံတာ က သမထ။ 
အာရုံအများနဲ့ တွေ့ထိ 
စူးစမ်းတာက ဝိပဿနာ။

အာရုံကို အလေးထားတာက သမထ။ 
စိတ်ကို အလေးထားတာက ဝိပဿနာ။

စျာန်သမားက သမထ အားကိုးတယ်။
ဉာဏ်သမားက ဝိပဿနာ အားကိုးတယ်။

သမထက အာရုံကို စိုက်ကြည့်တာ။
ဝိပဿနာက အာရုံကို စောင့်ကြည့်တာ။
                                     အရှင်ဥဇ္ဇယ

_______________________________________

🌺 #သဘောထားမှန်မှတရားတက်🌺

တရားအားထုတ်ရင် သဘောထားမှန်မှ တရားတက် မှာပါ။

လိုချင်နေရင်, ဖြစ်ချင်နေရင် 
လောဘပါနေလို့ မသက်သာနိူင်ပါဘူး။ 
လှုပ်ရှားနေမှာပဲ၊ တင်းနေမှာပဲ၊ 
တောင့်နေမှာပဲ၊ လောနေမှာပါပဲ

စိတ်အေးအေးထားပါ။ 
ဘာမှ မလိုချင်ပါနဲ့။ 
ဘာမှလည်း မဖြစ်ချင်ပါနဲ့။ 
ရိုးသားပါ။ အရမ်းကြီးသိချင်နေရင် မငြိမ်တော့ပါဘူး။ ဉာဏ်နဲ့ 
အမှန်အတိုင်း ဟုတ်တိုင်းမှန်စွာ 
သိချင်စိတ်နဲ့ပဲ အားထုတ်ပါ။

တရားထိုင်နေချိန် 
ဘာလုပ်နေရမလဲဆိုတော့ 
အယူမှန်ဖို့၊ စဉ်းစားတာ မှန်ဖို့၊ 
နှလုံးသွင်းမှန်ဖို့ ကြိုးစားရင်း 
ကောင်းစွာသတိ ရှိနေရပါမယ်။

ဘယ်လို နှလုံးသွင်းရမလဲဆိုတော့ 
ဖြစ်နေတဲ့ ဓမ္မသဘာဝတွေ အားလုံး  
ရုပ်မှာဖြစ်သမျှ၊ စိတ်မှာဖြစ်သမျှဟာ  
ဓမမှသဘာဝ, သဘာဝတရား, 
အသိခံရတဲ့ အာရုံတရားတွေပဲ။ 

ကောင်းတာလည်း မဟုတ်ဘူး၊ 
ဆိုးတာလည်း မဟုတ်ဘူး၊ 
မကောင်း မဆိုးလည်း မဟုတ်ဘူး၊ 
ကိုယ်နဲ့လည်း မဆိုင်ဘူး၊ 
ပုဂ္ဂိုလ်, သတ္တဝါလည်း မဟုတ်ဘူးလို့ 
နှလုံးသွင်းမှန်နေရမယ်။ 

ကိုယ်နဲ့ မဆိုင်ပါဘူး။ 
ဖြစ်ချင်ရာဖြစ်ပါစေ။ 
ဖြစ်စရာ အကြောင်းရှိလို့ ဖြစ်နေတာ။ 
သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့။ 
သူ့သဘာဝနဲ့သူ  ဖြစ်နေတာပဲလို့  
နှလုံးသွင်းနိူင်ရင် သမာဓိရှိနေပါပြီ။

လိုချင်တာလည်း မရှိတော့ဘူး။ 
မကျေနပ်တာလည်း မရှိတော့ဘူး။
လောဘ ဒေါသ မောဟ ကင်းနေရင် 
သမာဓိပါပဲ။ 

သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ ရှိနေရင်  
စိတ်က ငြိမ်းချမ်းနေပါမယ်။ 
အဲဒါကျမှ ဉာဏ်နဲ့ စောင့်ကြည့်ပါ။

ဓမ်မဆိုတာ သဘာဝ၊ 
သဘာဝဆိုတာ သဘော၊ 
သဘော, သဘာဝ။ 

စိတ်က ဘာတွေ သိနေလဲ။ 
ဘာတွေ သိနေလဲ မေးရုံပဲ မေးပါ။
စဉ်းစားရုံပဲ စဉ်းစားပါ။ 
သိနေရုံပဲ သိပေးပါ။
 အဲဒါဆို စိတ်က ဉာဏ်နဲ့ 
သူ့အလိုလို သိနေပါပြီ။

အဲဒါမှ မတရားအားထုတ်ခြင်းကို လွန်မြောက်ပြီး
တရားအားထုတ်နေျခင္​းလို့ ဆိုချင်ပါတယ်။

 #အရှင်ဥဇ္ဇယ
ဝန်ခံချက်-အရှင်ပဏ္ဍိတ စာစုကို ပြုပြင်ရေးဖွဲ့၏

အမှန်မြင်သိ တရားတိုးပွားကြစေခြင်းငှာမေတ္တဖြင့်  ဗုဒ္ဓကမ္ဘာ

Credit အရှင်ဥဇ္ဇယ

🙏🙏🙏
ဇရာ အို

No comments:

Post a Comment