စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, August 19, 2022

မကျန်းမာချိန်နှလုံးသွင်းရမည့်တရား

လောကမှာ စိတ်ဓာတ်အကျဆုံးအချိန်က ဘယ်အချိန်တုန်းဆိုရင် မကျန်းမမာဖြစ်တဲ့အချိန်ပဲ ဖြစ်တယ်။

အဲဒီလို စိတ်ဓာတ်ကျနေတဲ့အချိန်မှာ စဉ်းစားရမယ်။
စိတ်ဓာတ်ကျနေတာ အဖြေလားလို့။ အဖြေ မဟုတ်ဘူး။
စိတ်ဓာတ်ကျနေရမယ့်အစား 
လုပ်သင့်တာလုပ်ဖို့က ပိုအရေးကြီးတယ်။

လောကကြီးမှာ အဆိုးဆုံးကြုံတွေ့တဲ့အခါ 
အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ရမယ်။
မြတ်စွာဘုရား ဂိလာနသုတ္တန်မှာဟောထားတာကို နာယူ မှတ်သားကြည့်ပါ။

လောကလူသားတွေဟာ 
ကျန်းမာတဲ့အခါ ရှိသလို 
မကျန်းမာတဲ့အခါ ရှိတယ်။
ကျန်းမာနေတဲ့အခါမှာ 
လူတွေဟာ ပျော်ရွှင်နေတော့ 
ဘာလုပ်လုပ် အဆင်ပြေနေကြတယ်။ အဆင်ပြေနေပြီဆိုရင် ပျော်စရာတွေက လွှမ်းမိုးနေတာမို့ 
အားကိုးရာ သိပ်မရှာကြဘူး။

မကျန်းမမာဖြစ်လာပြီဆိုရင်တော့ စိတ်ဓာတ် ကျလာကြတယ်။အားကိုးရာ ရှာလာကြတယ်။ ကိုယ်ရော သူရော အတူတူပဲ ဖြစ်တယ်။
မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကိုလည်း
နာယူမှတ်သားခြင်းဖြင့် အကျိုးရှိအောင်လုပ်ရမယ်။

ရောဂါဆိုတာ လူတိုင်းမှာ ရှိတာ။ ဘုန်းကြီးတို့မှာလည်း 
ရောဂါဝေဒနာတွေဟာ ရှိနေတာပဲ။မရှိဘူးမဟုတ်ဘူး။
အသက်(၆ဝ)လောက်ကစပြီး ဒီ ဇက်ရောဂါဖြစ်လာတာ ပင်ပန်းဆင်းရဲမှုကို အမြဲတမ်း ခံရတယ်။
လူကြားထဲ သွားတာပဲဖြစ်စေ၊ကိုယ့်ဟာကိုယ် နေရင်းထိုင်ရင်းဖြစ်စေ 
ကိုယ့်ကိုယ်ကိုယ်ထိန်းပြီးနေရတဲ့ပင်ပန်းတဲ့ ဆင်းရဲဒုက္ခဟာ သေးတာမဟုတ်ဘူး။ 
ဘာပဲဖြစ်ဖြစ် ဒါတွေကို မေ့ထားနိုင်ဖို့အတွက် 
အကျိုးရှိတဲ့အလုပ်တစ်ခုကို လုပ်နေဖို့ အရေးကြီးတယ်။

မြတ်စွာဘုရား ဟောကြားတဲ့ ဒီသုတ္တန်ဟာ မှတ်သား နာယူဖို့ အလွန်ကောင်းတဲ့ 
သုတ္တန်ဖြစ်တယ်။ ဂိလာနသုတ်လို့ ခေါ်တယ်။
ဂိလာနဆိုတာ မကျန်းမာသူလို့ အဓိပ္ပာယ်ရတယ်။

လူတိုင်းလူတိုင်းဟာ 
အမြဲတမ်း ကျန်းမာနေတာ မဟုတ်ဘူး။ မကျန်းမာတဲ့အခါ ရှိတယ်။ အသက်အရွယ် ကြီးလာရင်လည်း ကျန်းမာမှုဆိုတာ လျော့နည်းလာတတ်တယ်။
မကျန်းမမာ ဖြစ်လာတတ်တယ်။လူတိုင်းလူတိုင်းမှာ အမေအို၊အဖေအို၊အဖိုးအဖွား 
အိုမင်းမစွမ်း ပုဂ္ဂိုလ်တွေ ရှိလာတတ်တယ်။ မိဘဘိုးဘွားတွေ မကျန်းမမာလို့ ပြုစုနေရတဲ့အခါ၊
မိမိကိုယ်တိုင် မကျန်းမမာဖြစ်နေတဲ့အခါ 
ဘဝမှာ lonely ဖြစ်လာတတ်တယ်။

အဲဒီအခါ ဘာနှလုံးသွင်းသင့်သလဲ။ ဘာနဲ့နေမလဲ ဆိုတာဟာ အရေးကြီးတယ်။
အဲဒီအချိန်မှ အပျော်ရှာလို့ မဖြစ်ဘူး။ အပျော်ရှာနေရင် ပိုဆိုးသွားမှာပဲ ဖြစ်တယ်။
ဒါကြောင့်မို့ “မကျန်းမာသူများအတွက် 
အထူး နှလုံးသွင်းတရား”ကို 
မြတ်စွာဘုရား ဟောကြားခဲ့တာ ဖြစ်တယ်။

လောကမှာ လူတိုင်းလူတိုင်းဟာ ထာဝရ ကျန်းမာနေကြမှာ မဟုတ်ဘူး။ 
မကျန်းမာဘူးဆိုရင် “ဘာလုပ်မလဲ”။မြတ်စွာဘုရားရဲ့ အဆုံးအမတရားကို 
မှတ်သားနာ ယူထားကြရမှာ ဖြစ်တယ်။

မြတ်စွာဘုရားက 
“ချစ်သားရဟန်းတို့၊ ဒီလိုမကျန်းမမာဖြစ်ပြီး 
အလွန့်ကို အားနည်းနေတဲ့ ဂိလာနရဟန်းမျိုးကို 
ဒီနှလုံးသွင်းတရား ငါးမျိုးက စွန့်ခွါမသွားဘူးဆိုရင် 
မကြာမီ အာသဝကင်းကွာ ရဟန္တာ ဖြစ်ဖို့ မျှော်လင့်နိုင်တယ်”။

ဆိုလိုတာက ဒီနှလုံးသွင်းတရား ငါးမျိုးဟာ
မကျန်းမမာဖြစ်နေတဲ့ ပုဂ္ဂိုလ်နဲ့ အတူတကွ ရှိနေမယ်ဆိုလို့ရှိရင် 
ကြီးမားတဲ့ အကျိုးကျေးဇူးတစ်ခုကို ရနိုင်တယ်။
“သူ့သန္တာန်မှာရှိတဲ့ 
ကိလေသာ အာသဝတွေကို ကင်းကွာပြီးတော့ 
ရဟန္တာအဖြစ်ထိအောင် ရောက်နိုင်တယ်”။
ရဟန္တာဖြစ်နိုင်တဲ့ ဒီနှလုံးသွင်းတရားတွေကို 
နှလုံးသွင်းဖို့ လိုအပ်တယ်လို့ ဆိုလိုတာဖြစ်တယ်။

ကိုယ်ချစ်ခင်သူရဲ့ သေဆုံးခြင်းကြောင့် သောကဖြစ်သွားမယ် ဆိုလို့ရှိရင်လည်း 
လမ်းချော်သွားခြင်းသာ ဖြစ်တယ်။

ကိုယ်နဲ့မုန်းတဲ့ ပုဂ္ဂိုလ်၊ မတည့်တဲ့ပုဂ္ဂိုလ်ရဲ့ 
သေခြင်းကို ကြည့်ပြီး ဝမ်းသာမှုဖြစ်ရင်လည်း 
လမ်းချော်ခြင်းပဲ ဖြစ်တယ်။

ကိုယ်နဲ့လုံးဝမသိတဲ့ 
ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သေဆုံးခြင်းကို ကြည့်ရင်လည်း သံဝေဂ မဖြစ်ဘူးတဲ့။

ဒါကြောင့်မို့လို့ သေဆုံးခြင်းနဲ့ ပတ်သက်လာလို့ ရှိရင်
သံဝေဂဖြစ်ရမယ်။ အသိဉာဏ်ဖြစ်ရမယ် လို့ 
ဒီလိုဆိုလိုတယ်။

မသေခင် ကြိုတင်ပြီး 
လုပ်ရမယ့် ကိစ္စတွေကို ကြိုတင် ပြင်ဆင်ပြီး 
လုပ်လေ့လုပ်ထရှိခြင်းဟာ 
အင်မတန်မှ စိတ်နှလုံးအေးချမ်းမှုကို 
ဖြစ်ပေါ်စေတယ် လို့ ဒီလိုဆိုတယ်။

မြတ်စွာဘုရားက 
မကျန်းမာတဲ့ပုဂ္ဂိုလ်တွေဆိုရင် “ဒီတရား ၅မျိုးကို နှလုံးသွင်းပါတဲ့။

နံပါတ်(၁)
ဒီကိုယ်ခန္ဓာကိုယ်ကြီးဟာ 
မတင့်မတယ် ရွံစဖွယ်ကောင်းတယ် ဆိုတာကို မပြတ်ဆင်ခြင်ပေးပါတဲ့ ….

နံပါတ်(၂)
ကိုယ်စားတဲ့အစာအာဟာရတွေရဲ့စက်ဆုပ်ဖွယ်အခြေအနေတွေကို
မပြတ်ဆင်ခြင်စဉ်းစားပေးပါတဲ့ ….

နံပါတ်(၃)
လောကကြီးရဲ့ပျော်ရွှင်စရာကင်းမဲ့နေပုံကို ဆင်ခြင်စဉ်းစားပေးပါတဲ့ ….

နံပါတ်(၄)
သင်္ခါရမှန်သမျှ ဘယ်အရာမှမမြဲဘူးဆိုတဲ့ အနိစ္စသညာကို ဆင်ခြင်စဉ်းစားပေးပါတဲ့ ….

နံပါတ်(၅)
သေခြင်းနဲ့ပတ်သက်တဲ့ အမှတ်သညာတစ်ခု
ကိုယ့်ရဲ့သေခြင်းပဲဖြစ်စေ၊ ကိုယ်နဲ့ပတ်သက်တဲ့
ပုဂ္ဂိုလ်တွေရဲ့သေဆုံးခြင်းပဲဖြစ်စေ သေဆုံးခြင်းနဲ့ပတ်သက်ပြီး သတိ သံဝေဂ အသိဉာဏ် အမြဲတမ်းဖြစ်အောင် ဆင်ခြင်စဉ်းစားပေးပါလို့ ဟောကြားတော်မူတာဖြစ်တယ်.... 

ဒီနှလုံးသွင်းတရား ၅မျိုးဟာမကျန်းမာသူတွေအတွက် အထူးလိုအပ်တဲ့ 
နှလုံးသွင်းတရားကမ္မဋ္ဌာန်း ၅ ခုပဲ ဖြစ်တယ်လို့
ဒီလိုဆိုလိုတာ...

ခုလို ကမ္မဋ္ဌာန်း ၅ - မျိုးကို အမြဲမပြတ် နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့်
ထိုပုဂ္ဂိုလ်ဟာ ကြီးမားတဲ့
အကျိုးကျေးဇူးတွေကို ရရှိနိုင်တယ်။

မြတ်စွာဘုရားကဘယ်လောက်ထိအောင် ဟောတုန်းဆိုလို့ရှိရင်
ဒီလိုသာ မှန်မှန်ကန်ကန် နှလုံးသွင်းပြီး ဒီတရား ၅ - မျိုး သူ့သန္တာန်မှာ 
ပြည့်ပြည့်ဝဝကြီး ရှိမယ်ဆိုရင် သူဟာ မသေခင်မှာ 
ရဟန္တာကြီး ဖြစ်သွားနိုင်ပါတယ်လို့တောင်ဟောထားတယ် ။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ဂိလာနသုတ်

Credit to original writer.

No comments:

Post a Comment