ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ ကိန်းအောင်းစံပျော်တော်မူစဉ် ကာလက တောဒေယျပုဏ္ဏားရဲ့သားဖြစ်တဲ့ သုဘလုလင်ဟာ ဘုရားရှင်ထံ ချဉ်းကပ်ပြီး ပြဿနာတွေကို လျှောက်ထားတယ်-
“ အရှင်ဂေါတမ လူတွေမှာ လူအချင်းချင်း ဖြစ်ပါကုန်လျက်
(၁) အချို့က မြတ်တယ်၊ အချို့က ယုတ်တယ်။
(၂) အချို့က အသက်တိုတယ်၊ အချို့က အသက်ရှည်တယ်၊
(၃) အချို့က အနာရောဂါ ပေါများကြတယ်၊ အချို့က အနာရောဂါ ကင်းကြတယ်။
(၄) အချို့က အဆင်းမလှဘူး၊ အချို့က အဆင်းလှတယ်။
(၅) အချို့က အခြံအရံမရှိဘူး၊ အချို့က အခြံအရံပေါများကြတယ်၊
(၆) အချို့က ပစ္စည်းဥစ္စာမရှိဘူး၊ အချို့က ပစ္စည်းဥစ္စာပေါတယ်။
(၇) အချို့က အမျိုးယုတ်တယ်၊ အချို့က အမျိုးမြတ်တယ်၊
(၈) အချို့က ပညာမရှိဘူး၊ အချို့က ပညာရှိတယ်။
အရှင်ဂေါတမ…
လူတွေမှာ လူအချင်းချင်းဖြစ်ပါကုန်လျက် အဘယ်ကြောင့် ဒီလိုကွဲပြားရပါသလဲ၊ ကွဲပြားရခြင်းရဲ့ အကြောင်းရင်း အထောက်အပံ့က အဘယ်ပါလဲ” လို့ မေးလျှောက်တယ်။
ဒီအခါဘုရားရှင်က-
"လုလင် သတ္တဝါတွေမှာ ကံသာလျှင် မိမိဥစ္စာ ရှိကြတယ်၊ ကံရဲ့ အမွေခံများ ဖြစ်ကြတယ်။
ကံသာလျှင် မှီခိုစရာရှိတယ်၊ အယုတ်၊ အမြတ် ဖြစ်ခြင်းငှာ သတ္တဝါတို့ကို ကံတရားက ဝေဖန်တယ်။
ဘယ်လို ဝေဖန်သလဲဆိုတော့ -
(၁) အချို့သောသူဟာ သူ့အသက်ကို သတ်လေ့ရှိတယ်၊ ကြမ်းကြုတ် ရက်စက်တယ်၊ သွေးစွန်းတဲ့ လက်ရှိတယ်၊ သတ်ပုတ်ညှဉ်းဆဲမှုမှာ စိတ်ဝင်စားတယ်၊ သူတစ်ပါးကို မသနားဘူး၊ အဲဒီလို ရက်စက်ယုတ်မာသူဟာ သေပြီးတဲ့နောက် ငရဲကို ရောက်တယ်။ လူဖြစ်လာပြန်လျှင် အသက်တိုတယ်၊ အနာရောဂါ များတယ်။
(၂) သူ့အသက် မသတ်သူ၊ သူတစ်ပါးကို သနားတတ်သူကတော့ သေလျှင်နတ်ပြည်မှာ ဖြစ်ရတတ်တယ်၊ လူဖြစ်ပြန်လျှင်လည်း အသက်ရှည်တယ်၊ အနာရောဂါကင်းတယ်။
(၃) အချို့သောသူဟာ အမျက်ဒေါသကြီးတယ်၊ ကြမ်းတမ်းတဲ့ စကားကို ဆိုတတ်တယ်၊ အဲဒီလူဟာသေလျှင် ငရဲကျတတ်တယ်။ လူဖြစ်ခဲ့လျှင် အရုပ်ဆိုးသူ ဖြစ်တတ်တယ်။
(၄) အချို့သောသူဟာ အမျက် မထွက်တတ်ဘူး၊ သူတစ်ပါးကို ချစ်ခင်ကြင်နာတတ်တယ်၊ ထိုသူသေလျှင် နတ်ပြည်မှာ ဖြစ်ရတတ်တယ်၊ လူဖြစ်ပြန်လျှင်လည်း လှပသော အဆင်းရှိတတ်တယ်။
(၅) အချို့သောသူဟာ ငြူစူတတ်တယ်၊ သူတစ်ပါးပစ္စည်းချမ်းသာလျှင် မနာလိုတတ်ဘူး၊ သူတစ်ပါး ထင်ပေါ်ကျော်ကြားလျှင် မကျေနပ်ဘူး၊ ထိုသူသေလျှင် ငရဲကျတတ်တယ်၊ လူဖြစ်ခဲ့ပြန်လျှင် အခြံအရံနည်းတတ်တယ်၊ သူတစ်ပါး မုန်းတတ်တယ်၊ လာဘ်လာဘ နည်းတတ်တယ်။
(၆) အချို့သောသူဟာ ငြူစူတဲ့စိတ် မရှိဘူး၊ သူတစ်ပါးပစ္စည်းရလျှင်၊ ထင်ပေါ်ကျော်ကြားလျှင် ဝမ်းမြောက်တတ်တယ်၊ ထိုသူသေလျှင် နတ်ပြည်ရောက်တတ်တယ်၊ လူဖြစ်ခဲ့လျှင် အခြံအရံ ပေါများတယ်၊ ပစ္စည်းဥစ္စာ ပေါများတတ်တယ်၊ သူတစ်ပါးချစ်ခင်သူ ဖြစ်တတ်တယ်။
(၇) အချို့သောသူဟာ မိမိပစ္စည်းကို သူတစ်ပါးမပေးလှူဘူး၊ ကပ်စေးနည်းတတ်တယ်၊ အလွန် လျှို့ဝှက်တတ်တယ်၊ ထိုသူသေလျှင် ငရဲကျတတ်တယ်၊ လူဖြစ်ပြန်လျှင် စည်းစိမ်ဥစ္စာ နည်းတတ်တယ်။
(၈) အချို့သောသူဟာ မိမိပစ္စည်းကို သူတစ်ပါးပေးလှူတတ်တယ်။ အလှူရဲ့ အကျိုးကို သိတယ်၊ သူသေလျှင် နတ်ဖြစ်တတ်တယ်။ လူဖြစ်ပြန်လျှင် စည်းစိမ်ဥစ္စာ ပေါများ ချမ်းသာတတ်တယ်။
(၉) အချို့သောသူဟာ ခက်ထန်တယ်၊ မာနကြီးတယ်၊ အရိုအသေပေးထိုက်သူကို မပေးဘူး၊ အလေးပြုထိုက်သူကို မပြုဘူး၊ မြတ်နိုးထိုက်သူကို မမြတ်နိုးဘူး၊ ပူဇော်ထိုက်သူကို မပူဇော်ဘူး၊ ထိုသူသေလျှင် ငရဲကျတတ်တယ်၊ လူဖြစ်ခဲ့လျှင် အမျိုးယုတ်မှာ ဖြစ်ရတတ်တယ်။
(၁၀) အချို့သောသူဟာ မာန မရှိဘူး၊ မခက်ထန်ဘူး၊ ရိုသေထိုက်သူကို ရိုသေတယ်၊ ပူဇော်ထိုက်သူကို ပူဇော်တယ်၊ ထိုသူသေလျှင် နတ်ဖြစ်တတ်တယ်၊ လူဖြစ်ခဲ့လျှင် မြင့်မြတ်သော အမျိုးမှာ ဖြစ်ရတတ်တယ်။
(၁၁) အချို့သောသူဟာ ဗဟုသုတ မလိုလားဘူး၊ ပညာရှိထံ ချဉ်းကပ်မေးမြန်းခြင်း မပြုဘူး၊ ထိုသူသေလျှင် ငရဲကျတတ်တယ်။ လူဖြစ်ခဲ့ပြန်လျှင် ပညာမရှိသော ပညာမဲ့သူသာ ဖြစ်တတ်တယ်။
(၁၂) အချို့သောသူဟာ ဗဟုသုတ လိုလားတတ်တယ်။ ပညာရှိထံ ချဉ်းကပ်မေးမြန်းတယ်၊ ထိုသူသေလျှင် နတ်ဖြစ်တတ်တယ်၊ လူဖြစ်ခဲ့လျှင် ပညာကြီးသူ ဖြစ်တတ်တယ်။
လုလင်-
ဤသို့လျှင် အသက်တိုခြင်း၊ ရှည်ခြင်း၊
အနာရောဂါကင်းခြင်း၊ မကင်းခြင်း၊
အဆင်းလှခြင်း၊ မလှခြင်း၊
အခြံအရံရှိခြင်း၊ မရှိခြင်း၊
ဥစ္စာရှိခြင်း၊ မရှိခြင်း၊
အမျိုးမြတ်ခြင်း၊ မမြတ်ခြင်း၊
ပညာရှိခြင်း၊ မရှိခြင်းတို့ဟာ ကံဝေဖန်သလို ဖြစ်ကြရတယ်။
လုလင်-
သတ္တဝါတို့ဟာ ကံသာလျှင် မိမိဥစ္စာရှိကြတယ်၊ ကံသာလျှင် အမွေခံဖြစ်ကြတယ်၊
ကံသာလျှင် အကြောင်းခံတယ်၊
ကံသာလျှင် ဆွေမျိုးရှိတယ်၊
ကံသာလျှင် မှီခိုရာရှိတယ်။
သတ္တဝါတို့ အယုတ်အမြတ်စသည် ဖြစ်အောင် ကံကဝေဖန်တယ်” လို့ ဟောတော်မူသတဲ့ကွယ့်။
တောဒေယျရဲ့သား သုဘလုလင် ဒီဒေသနာတော်ကို နာရလို့ ဝမ်းမြောက်ဝမ်းသာစွာ ဗုဒ္ဓဘာသာဝင် အဖြစ်ခံယူတယ်လို့ စူဠကမ္မဝိဘင်္ဂသုတ်မှာ ဟောတော်မူတယ်။
ဒါကြောင့် လူတွေတစ်ဦးနှင့် တစ်ဦး မတူခြင်းဟာ ကံအတိုင်း ဖြစ်ကြရခြင်း ဖြစ်ပါတယ်လို့ အဖြေပေးလိုက်ပါတယ်ကွယ်။
"သာဓု-သာဓု-သာဓု" ပါဘုရား..
(ထီးချိုင့်မြို့တည်တောဆရာတော်)
No comments:
Post a Comment