လောကမှာ...
အဆိုးဆုံး အယုတ္ညံ့ဆုံးလို့
ဘုန်းကြီးယူဆတဲ့
ဆင်းရဲစိတ် ကိလေသာစိတ်ဟာ
မနာလိုတဲ့စိတ် ဣဿာပဲ။
သူတစ်ပါး ကိုယ့်ထက်
ရုပ်ချောနေတာကို မနာလိုဘူး။
အလကား သက်သက်
သူ့ဟာသူ ရုပ်ချောတာ
ကိုယ်နဲ့ ဘာဆိုင်သလဲ?
အဲဒါ သွားပြီး
မနှစ်မြို့တဲ့ မနာလိုတဲ့စိတ် ဖြစ်တာ။
သူတစ်ပါး ကိုယ့်ထက်
ပညာတတ်နေတာ မနာလိုဘူး။
သူတစ်ပါး ကိုယ့်ထက်
နာမည်ကြီးနေတာ မနာလိုဘူး။
သူတစ်ပါး ကိုယ့်ထက်
လူချစ်လူခင် ပေါတာ၊
လူကြည်ညိုများတာ မနာလိုဘူး။
သူတစ်ပါး ကိုယ့်ထက်
ကြီးပွားချမ်းသာနေတာ မနာလိုဘူး။
အမှန်တော့... လောကမှာ
လူတိုင်းလူတိုင်း ချမ်းသာနေတယ်၊
ကောင်းစားနေတယ် ဆိုရင်
ဘ၀တူ လူသားတစ်ယောက်အနေနဲ့
၀မ်းသာနေရမှာပါ။
အဲဒါကို ၀မ်းမသာနိုင်ဘဲနဲ့
သက်သက်သွားပြီးတော့
သူများကောင်းစားနေတာကို၊
ချမ်းသာနေတာကို
စိတ်ထဲမှာ မကြည့်ရက်၊ မရှုရက်ဖြစ်ပြီး
စိတ်မချမ်းသာ ဖြစ်နေတာ။
အကုသိုလ် ဖြစ်နေတာ။
သူများကို မနာလိုလို့
ကိုယ့်မှာ ဘာမှရတာလဲ မဟုတ်ဘဲနဲ့၊
ဘာမှ မပတ်သက်ဘဲနဲ့
စိတ်ဆင်းရဲနေကြတာ။
စိတ်ထား မတတ်တော့
အလကားသက်သက်
စိတ်ဆင်းရဲကို ရှာယူနေကြတာ။
ဒီလိုစိတ်ရှိရင် သူ့မှာ ဘာအမြတ်ရသလဲ?
ဘာမှ မရဘဲနဲ့ကို အခြောက်တိုက်
စိတ်ဆင်းရဲ ခံနေရတာ။
ဒါကြောင့် ဒီစိတ်ကို အဆုံးဆုံး
အယုတ်ညံ့ဆုံး စိတ်လို့ ယူဆတယ်။
တော်တော်ဆိုးတဲ့ စိတ်
တကယ်ယုတ်ညံ့တဲ့ စိတ်။
ဒီစိတ်တွေ ရှိနေသမျှတော့ ဆင်းရဲနေတာပဲ။
လောကမှာ ပျက်စီးကြတာတွေဟာ
ဟောဒီ မနာလိုစိတ် အရင်းခံလို့
ပျက်စီးကြတာတွေက အတော်ကိုများတယ်။
တစ်ဦးနဲ့တစ်ဦး မတည့်ကြတာကအစ
စစ်ပွဲကြီးတွေ ကြည့်ကြပါ။
အဲဒါ မနာလိုမှုကစပြီး
ဖြစ်ရတဲ့ စစ်ပွဲတွေ တော်တော်များတယ်။
ဒါကြောင့် အဲဒီစိတ်တွေကို
ကိလေသာခေါ်တယ်။
ဒါတွေဟာ ဆင်းရဲတွေပဲ။
ဒီကိလေသာတွေ ရှိနေသမျှ
လူဟာ ဆင်းရဲနေတာပဲ။
ဒီကိလေသာတွေ မရှိရင်
လူဟာ မဆင်းရဲဘူး။
အဲဒါကို မှတ်ရလွယ်အောင်
ဆောင်ပုဒ်လေးနဲ့ လုပ်ထားတယ်။
"မိမိကိန်းရာ၊ သတ္တဝါကို
ဗျာပါလှိုက်ဆူ၊ ပူလောင်စေတတ်
နှိပ်စက်တတ်၍၊ ထပ်ထပ်ညစ်ပေ
ပြုတတ်လေ ဆယ်ထွေ ကိလေသာ"
ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ
ဟောကြားသော “ဆင်းရဲငြိမ်းအေး
ချမ်းသာရေး” တရားတော်မှ
No comments:
Post a Comment