စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, August 17, 2022

ပတ်ဝန်းကျင်နှင့်အဆင်မပြေတာမျိုးကြုံခဲ့ရင်..

ပတ်ဝန်းကျင်နှင့် အဆင်မပြေတာကြုံခဲ့ရင်
🌾🍀🌾🌹🌹🌹🌾🍀🌾

လူတွေဟာ အချင်းချင်း ဆက်ဆံ နေကြတဲ့ အခါမှာ...

- မဟုတ်မမှန်တာတွေ ပြောတာတွေ...
- ရိုင်းရိုင်းပျပျ ပြောတာတွေ...
- ကျိုးကြောင်း ဆီလျော်မှုမရှိဘဲ ပြောတာတွေ...
  ကြုံတွေ့နိုင်တယ်။

အဲ့လိုစကားတွေ ကြားလာခဲ့ရင်...
မြတ်စွာဘုရားက ကျင့်စဉ်လေး ပေးထားတယ် ။

"န စဝေ မေ စိတ်တံ ဝိပရိဏတံ ဘဝိဿတိ " 

•ငါ့စိတ်က အပြောင်းအလဲ မဖြစ်စေရဘူးလို့...
အဲ့ဒီလို စိတ်မဆိုးနဲ့တဲ့။

•ပင်ကိုယ်စိတ်ကလေးက ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားစေနဲ့ ။

• ဒေါသစိတ် မဖြစ်ပေါ် စေနဲ့။
•စိတ်ဓါတ် မပြောင်းလဲသွားစေနဲ့တဲ့...

•အပြောမခံရခင်က စိတ်ကတစ်မျိုး... •အပြောခံရတဲ့အခါမှာ စိတ်က တစ်မျိုး ...
အဲဒီလို မပြောင်းလဲသွားစေနဲ့တဲ့။

အပြောမခံလိုက်ရခင်က စိတ်မျိုးကို ထိန်းထားပါတဲ့။

မျက်နှာကြော တင်းသွားတာတို့၊ဒေါသနဲ့ ပြန်ပြောမိတာတို့ ဖြစ်တတ်ပါတယ်။

အဲဒီလို စိတ်ပြောင်းလဲမသွားအောင် ထိန်းပါ တဲ့။

တရားကျင့်တယ် ဆိုတာလဲ ဒါပါပဲ။

တရားကျင့်တယ် ဆိုတာ အများက
"တင်ပလ္လင်ခွေ ထိုင်ပြီး မျက်စိကို စုံမှိတ်ထားတာ အဲဒီလိုမျိုး ထိုင်မှ တရားကျင့်တယ် တရား အားထုတ်တယ် လို့ ထင်တယ်" အဲဒီလိုကျင့်တာက သမာဓိရအောင် ကျင့်တာ ခေါ်တယ်။

ကိုယ့်စိတ်ကလေးကို ပြောင်းလဲသွားတာမျိုး မဖြစ်အောင် ထိန်းနိုင်တာ ကိုလည်း တရားကျင့်တယ် လို့ သတ်မှတ်နိုင်တယ်။

ဒါကြောင့် စိတ်ဆုံးဖြတ်ချက် ချပြီးတော့ စိတ်ကလေးကို ထိန်းသိမ်းမယ် လို့ သန္နိဋ္ဌာန် ချထားလိုက်ပါ။

စိတ်ကလေးကို မထိန်းနိုင်လို့ ပြောင်းသွားပြီ ဆိုရင် 
ထပ်ပြီး ထိန်းလိုက်ရမှာက...

•မကောင်းတဲ့ စကားနဲ့ မတုန့်ပြန်နဲ့။
•ရိုင်းရိုင်းစိုင်းစိုင်း မတုန့်ပြန်နဲ့တဲ့။
•မကြားဝံ့ မနာသာ စကားမျိုးတွေ မထွက်ပါစေနဲ့ တဲ့။

( ၁) စိတ်မဆိုးမိအောင် ထိန်းလိုက်ပါ။

( ၂ ) တကယ်လို့ စိတ်မထိန်းနိုင်လို့ ဒေါသ ဖြစ်မိရင်လည်း မကြားဝံ့ မနာသာ စကားတွေနဲ့ မတုန့် ပြန် လိုက်ပါနဲ့တဲ့။

လူက ကိုယ့်ကိုလာပြီးဆဲရင် ပြန်ပြီး ဆဲတတ် ကြတယ်။ဒါကြောင့် ယုတ်ယုတ်မာမာ စကားလုံးတွေနဲ့ ပြန်မပြောပါနဲ့ လို့ ပြောတာ။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဒါက မျိုသိပ်နိုင်တဲ့ အဆင့်ထိ ပြောတယ်။ 

တချို့က ပြောတယ်။ မျိုသိပ်ရတာ များရင် ပေါက်ကွဲကုန်မယ် တဲ့။ 

တနည်းအားဖြင့် သည်းခံတယ် ဆိုတာ အတိုင်းအတာ ရှိတယ်။ ဒါကြောင့် မပေါက်ကွဲအောင် ဘယ်လိုလုပ်ရမလဲ။

( ၃ )အဲဒီ စကား လာပြောတဲ့ ပုဂ္ဂိုလ်ရဲ့ ကောင်းကျိုးကို လိုလားတဲ့ စိတ်ကလေး မွေးလိုက်ပါတဲ့။ ဒေါသစိတ်နဲ့ မတုံ့ပြန်ပဲ နေလိုက်ပါ ။ စိတ်ဓါတ်ကို ပြောင်းလိုက်တာနော်။

( ၄ ) ဒီလို ပြောတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကို လိုလားတဲ့စိတ်နဲ့ မေတ္တာ ပို့ပေးပါ။

ဒီလိုမှ မဟုတ်ရင် ပေါက်ကွဲသွားနိုင်တာကိုး။ ဒါကြောင့် မြတ်စွာဘုရားရှင်က ကိုယ့်ကို ဒီလိုမျိုး ဆက်ဆံလာလို့ရှိရင်...

ပထမ - ပြောလာတဲ့သူကို စိတ်မဆိုးမိအောင် စိတ်ကို ထိန်းလိုက်ပါ။

ဒုတိယ - ကြမ်းတမ်းတဲ့ စကားတွေနဲ့ မတုံ့ပြန်ပါနဲ့။

တတိယ - အကျိုးလိုလားတဲ့ စိတ်ကလေး မေတ္တာစိတ်ကို မွေးလိုက်ပါ တဲ့။

ပိုပြီးခိုင်မာလာအောင် အဲဒီပုဂ္ဂိုလ်ကို မေတ္တာ ပွား များ ပေးလိုက်ပါ တဲ့။ 

နောက်တစ်ခုက အဲဒီလူအပေါ်ကနေ မေတ္တာစိတ်ကလေး ထားရာကနေ ပိုပြီး ကျယ်ပြန့်တဲ့ မေတ္တာနဲ့ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာ ဖြန့်ကျက်လိုက်ပါတဲ့ . . ။

လွယ်လွယ် ကူကူ တော့ ရမှာ မဟုတ်ပေမယ့် လေ့ကျင့်ယူကြရမယ်။

တချို့ကပြောတယ်။ကိုယ်နဲ့ မတန်တဲ့သူကို ဘယ်လိုမှ မေတ္တာ ထားလို့ မရဘူး တဲ့။ 

ဒါဟာ အမုန်းတရားကို အရှုံးပေးနေတာပါပဲ ။ အဲဒီလူမှာ မေတ္တာဓာတ် အလွန်အားနည်းနေလို့ပဲ ။

လူတွေရဲ့မွေးရာပါ သန္တာန်မှာ အကောင်းနဲ့ အဆိုး (၂)မျိုးပဲ ရှိတယ်။ 

သဘာဝ(၂) မျိုးမှာ ဒေါသဆိုတဲ့ အဆိုးတရားက လွှမ်းမိုးနေလို့ မေတ္တာဓါတ်တွေ အားနည်းနေတာ ဖြစ်တယ်။

ဒါဆို ဘယ်လိုလုပ်ရမလဲ။ မေတ္တာဓါတ်တွေ ရလာ အောင် တဖြည်းဖြည်း လေ့ကျင့်ယူရမှာပေါ့။ မလေ့ကျင့်ဘဲ ဘာမှ မဖြစ်လာနိုင်ဘူး။

တောင်တက် သမားတွေ ဆိုရင်လဲ လေ့ကျင့်ရတယ်။
ဘောလုံးသမား တွေဆိုရင်လည်း လေ့ကျင့်ရ တာ ပါပဲ။
ရေကူးသမား တွေလည်း လေ့ကျင့်ရတာပဲ။

လေ့ကျင့်ရင် စွမ်းရည် တက်လာတာပဲ။ 

စိတ်ကိုလည်း လေ့ကျင့်ပေးရင် စွမ်းရည် တက် လာမှာပါပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

ပါချုပ်ဆရာတော် တရားမှတ်စု 

ရေးသားသူ= KhinSandarSoeHtut
ပုံပြုလုပ်သူ= #AshinKesarinda

ဓမ္မစာပေများကို အောက်ပါ အပြာရောင် လင့်ကိုနှိပ်ပြီး စာရေးသူ၏ အကောင့်တွင် နေ့စဥ်ဖတ်ရှု့နိူင်ပါသည် 👇👇👇

https://www.facebook.com/AshinKesarindaWTYT

No comments:

Post a Comment