စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, January 25, 2023

တရားစကားလက်ဆောင်

❄ နည်းနည်းစား၊
      များများဝါး။
      ဝါးတိုင်း ဝါးတိုင်း
      တရားနှလုံးသွင်း။

❄ ကောင်းသောအလုပ်၊
      ကိုယ့်အလုပ်၊
      အားထုတ်ကြိုးစားလုပ်။
      
❄ ဂုဏ်တော်ပွားများ၊
     ဘုရားကြည်ညို၊
     သဒ္ဓါပို၊
     မဂ်ဖိုလ် နိဗ္ဗာန်ရနိုင်သည်။

နိုင်ငံတော် သြဝါဒါစရိယ
ဘဒ္ဒန္တဝိစာရ အဘိဓဇမဟာရဋ္ဌဂုရု
ပခုက္ကူမြို့ မဟာဝိသုတာရာမ (အလယ်)တိုက်
စကားလက်ဆောင် တရားလက်ဆောင် - ၇

Credit..

Monday, January 23, 2023

နတ်တွေ ပြောတဲ့ သူတော်ကောင်း

"နတ်တွေ ပြောတဲ့ သူတော်ကောင်း"
**************************
🙏🌷🙏🌷🙏🌷🙏🌷🙏🌷🙏🌷🙏

သူတော်ကောင်းဆိုတဲ့ အဓိပ္ပါယ် ကို 
တာဝတိံသာနတ်တွေက 
ဖွင့်ဆို သတ်မှတ်ကြတာ ရှိတယ် ။ 
နတ်တွေ သတ်မှတ်တဲ့  
အရည်အသွေးဟာ မှတ်သားစရာ ကောင်းတယ် ။

သူတို့က 
အရည်အသွေး ( ၇) ရပ်ကို 
ထုတ်ဖော် သတ်မှတ် ပြထားတာ ၊ 
ဒီအရည်အသွေး ( ၇ ) ရပ်ကို 
ပြဋ္ဌာန်းပြောဆိုတာလည်း 
နတ်တို့ရဲ့ဘုရင် သိကြားမင်း ကိုယ်တိုင် 
လူ့ ဘဝတုန်းက ကျင့်သုံးခဲ့တဲ့ 
ကျင့်ဝတ်တွေကို ရည်ညွှန်းတာပါ ။  

အဲဒါ ဘာလဲ ဆိုရင် -
( ၁ ) 
လူ့ဘဝ ရောက်လာတဲ့အခါ 
လူတွေရဲ့ ပထမဆုံးကျေးဇူး 
အရှိဆုံး ပုဂ္ဂိုလ်ဟာ အမေနဲ့ အဖေ ပဲ ။ 
အဲဒီ ကျေးဇူးအရှိဆုံး ပုဂ္ဂိုလ်တွေကို 
ကျေးဇူးဆပ်တတ်လို့ ရှိရင် ဒါ သူတော်ကောင်း ပဲ ။

အသက်ထက်ဆုံး မိဘနှစ်ပါးကို 
လေးလေးစားစား ပြုစုစောင့်ရှောက် တတ်တဲ့ 
သားသမီးကို သူတော်ကောင်း လို့ 
တာဝတိံ သာ နတ်တွေက သတ်မှတ်တယ် ။

------------------

( ၂ ) ကိုယ့် အမျိုးထဲက 
ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို 
လေးစားတာလည်း သူတော်ကောင်း ပါပဲ ။

အဖေ့ဘက်က တော်တဲ့ အမျိုး
အမေ့ဘက်က တော်တဲ့ အမျိုး
မိသားစုထဲက 
ကိုယ့်ထက် အသက်ကြီးတဲ့ အကို , အမတွေ
ကိုယ့်အမျိုးထဲက ရိုသေလေးစားထိုက်တဲ့ 
ပုဂ္ဂိုလ်တွေကို လေးစားတာလည်း သူတော်ကောင်း ပါပဲ ။

-----------------------

( ၃ ) နောက်တစ်ခုက - 

စကားပြောတဲ့အခါ ယဉ်ယဉ်ကျေးကျေး 
သိမ်သိမ်မွေ့မွေ့ ပြောတတ်တဲ့ 
ပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်း ပါပဲ ။

ကိုယ်ပြောလိုက်တဲ့ စကားတစ်ခုဟာ 
- အပြစ်မပါဘူး ။ 
အပြစ် ကင်းရမယ် ။
- ကြားလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့နားမှာ ချမ်းသာရမယ် ။ 
  နားချမ်းသာတယ် ဆိုတာ - 
စိတ်ချမ်းသာမှုကို ဖြစ်စေတယ် ။
- ဒီစကားကို လူတိုင်း နှစ်မြို့တယ် ။
  ချွဲ ချွဲ ပျစ်ပျစ် ပြောတာမျိုး မဟုတ်ဘူး တဲ့ ။
- သူပြောတဲ့ စကားလေးက တန်ဖိုး ရှိလိုက်တာ ။
   တစ်ဖက်သား စိတ်ချမ်းသာစရာ ဖြစ်တယ် ။

အဲဒီ စကားမျိုး ပြောလို့ ရှိရင် 
ဖရုသဝါစာ - ကြမ်းတမ်း ကင်းတဲ့ 
အတွက် ကြောင့် သိမ်မွေ့တယ် ။ 

အဲလိုပုဂ္ဂိုလ်မျိုးကိုလည်း တာဝတိံ သာ နတ်တွေက သူတော်ကောင်းတို့ သတ်မှတ်တယ် ။

--------------------------------

( ၄ ) နောက်တစ်ခုက -
လူနှစ်ယောက် ဆုံ လို့ ရှိရင် 
နောက်တစ်ယောက် အကြောင်းကို ပြောမိတတ်ကြတယ် ။
အကောင်းပြောတာထက် 
အဆိုးပြောတာ ပိုများတတ်တယ် ။
ဒါ လူ့သဘာဝကို ပြောတာ ။ 
အတင်းအဖျင်း ပြောတယ် ခေါ်တာပေါ့ ။

နှစ်ယောက်က ကျန်သူတစ်ယောက်ရဲ့ 
အတင်းတွေ ပြောပြီးတော့ 
တစ်ယောက်က သွားစရာရှိလို့ ထသွားရင် 
ကျန်ရစ်တဲ့ တစ်ယောက်က 
ဘာလုပ်တုန်း ဆိုရင် မေးငေါ့လိုက်တယ် ။

သူလည်း အတူတူ ပါပဲတဲ့ ။ 
အဲဒီတော့ လူတွေရဲ့ အကျင့်ဟာ 
အတင်းအဖျင်းပြောတာ ,ကုန်းတိုက်တာ 
တစ်ယောက်နဲ့ တစ်ယောက် မတည့်အောင် လုပ်ချင်တာ 
အဲဒီ စိတ်ဓါတ်တွေ ကင်းပြီး ဆိုရင် သူတော်ကောင်း တဲ့ ။

------------------------

( ၅ ) မစ္ဆရိယ တရားကို ဖယ်ရှားနိုင်တဲ့ ပုဂ္ဂိုလ် ၊

မစၧရိယ ဆိုတာ -
ကိုယ်ရတဲ့ အခွင့်အရေးတစ်ခု သူများကို မရစေချင်တာ ။
ကိုယ်အောင်မြင်ကြီးပွားသလို 
သူများကို မကြီးပွားစေချင်တာ ။
လူတစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးကို 
ချီးမွမ်းတဲ့အခါ ထိန်ချိန်ထားတာ ။
ဒါလည်း မစ္ဆရိယပဲ ။

မစ္ဆရိယ ( ၅ ) မျိုး ရှိတယ် ။

အာဝါသမစ္ဆရိယ - အဆောက်အဦ 
နေရာထိုင်ခင်းနဲ့ ပတ်သက်ပြီး ဝန်တိုတာ ။

ကုလမစၧရိယ - 
အပေါင်းအသင်းနဲ့ ပတ်သက်ပြီး ဝန်တိုတာ ။

လာဘမစၧရိယ - 
ကိုယ်ရတဲ့ လာဘ်လာဘနဲ့ ပတ်သက်ပြီး ဝန်တိုတာ။

ဝဏ္ဏ မစ္ဆရိယ - ဂုဏ်ကျေးဇူး , 
ချီးမွမ်းခံရတဲ့ စကားတို့နဲ့ ပတ်သက်ပြီး ဝန်တိုတာ ။

ဓမ္မ မစ္ဆရိယ - တရားဓမ္မ နဲ့ ပတ်သက်ပြီး ဝန်တိုတာ ။

အဲဒီ မစ္ဆရိယ တရား ဖယ်ရှားလို့ရှိရင် 
ဘာသာတရား ထွန်းကားတုန်း ဆိုတော့ 
" စာဂ - စွန့်ကြဲမှု , စွန့်လွှတ်မှု " တဲ့ ။
ကိုယ်ရလာတဲ့ အခွင့်အရေးတစ်ခုကို 
အားလုံးနဲ့ ရှယ်ယာ လုပ်ပြီးတော့ 
မျှမျှတတ လူ့လောကမှာ အသုံးပြုတတ်တယ် ။

ဒါကြောင့် တာဝတိံသာနတ်တွေက 
မစ္ဆရိယ ဆိုတဲ့ စိတ်အညစ်အကြေး ကို 
ဖယ်ရှားပစ်နိုင် ပြီး မစ္ဆရိယ ကင်းတဲ့ ပုဂ္ဂိုလ် ဆိုရင် သူတော်ကောင်း လို့ သတ်မှတ်တယ် ။

-------------------------

( ၆ ) နောက်တစ်ခုက ဘာတုန်းဆိုရင်

လောကလူတွေက စကားပြောလို့ရှိရင် 
အမှန်တရားကို တိတိကျကျ ပြောဖို့ရာ 
ဝန်လေးနေသလို ဖြစ်တယ် ။ 
" မုသားမပါ လင်္ကာမချော " တဲ့ ။
 ချောအောင် အပိုလေး အဆစ်လေး 
မဟုတ်တာလေး ဖြည့်စွက် ပြောတတ်တယ် ။

အဲဒီလို မမှန်မကန်တာ လုံးဝ မထည့်ဘဲ 
မှန်တဲ့အတိုင်း ပြောလို့ရှိရင်
သစ္စာ လို့ ခေါ်တယ် ။

မှန်တဲ့ သစ္စာစကားဟာ 
အလွန်တန်ဖိုးရှိပြီး အလွန် တန်ခိုးကြီးတယ်။
လူတိုင်းလူတိုင်း ဝစီသစ္စာလို့ ခေါ်တဲ့ 
မှန်တဲ့စကားကို အသုံးချပြီး ကိုယ်လိုချင်တာ 
တစ်ခု ပြောမယ်ဆိုရင် 
ဒီသစ္စာ ရဲ့ အစွမ်းသတ္တိတွေ ရှိတယ် လို့ ဆိုတယ် ။

အဲဒီလို မှန်မှန်ကန်ကန် , မှန်တဲ့စကားကို ပြောရဲတဲ့ ပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်း ပဲ တဲ့ ။

---------------------

( ၇ ) နောက်ဆုံးတစ်ခုက - အမျက်ဒေါသကို ထိန်းသိမ်းဖယ်ရှားနိုင်တဲ့ ပုဂ္ဂိုလ် ၊

လောကမှာ စိတ်ဆိုးလို့ 
ပြဿနာတက်တာ အများကြီးပဲလေ ။

ဒေါသက တော်တော်များများ 
လောကကို ဒုက္ခပေးနေတယ် ။
ကံကြီးတွေ ထိုက်အောင် လုပ်တာ ကြည့်လေ ။
- အမိသတ်ကံ , 
- အဖသတ်ကံ , 
- ရဟန္တာသတ်ကံ , 
-ဘုရား သွေးစိမ်း တည်အောင် လုပ်တဲ့ ကံ 
ဒါတွေက ဒေါသ အခြေခံပြီးတော့ ဖြစ်တာ ။

အဲဒီ ဒေါသကို မထိန်းနိုင်ဘူး ။ 
မဖယ်ရှားနိုင်ဘူး ဆိုလို့ ရှိရင် 
လောကကြီးမှာ ပြဿနာတွေ 
အများကြီး တက်တယ် ။

ဒါကြောင့်မို့လို့ 
ကိုယ့်ဒေါသကို ကိုယ်ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်ဟာ 
လူတော် လူကောင်း တစ်ယောက်ပဲ ။ သူတော်ကောင်းပဲ ။

ဒါဟာ တာဝတိံသာနတ်တွေက 
သူတော်ကောင်းလို့ သတ်မှတ်ရတဲ့ စံတွေပဲ ။

ပါမောက္ခချုပ် ဆရာတော် 
ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသ
( သူတောင်းကောင်းတိုရဲ့ 
စိတ်နေစိတ်ထား ၊ စာ ၅- ၂၂ )

Credit..

ပါရမီဖြည့်ဖက်

ပါရမီဖြည့်ဖက်ဆိုတာ လင်နဲ့မယားကိုမှ ပါရမီဖြည့်ဖက်လို့ ပြောတာ မဟုတ်ဘူး။ လင်မယား ဖြစ်သွားရုံနဲ့လည်း ပါရမီဖြည့်ဖက် မဖြစ်နိုင်ဘူး။

စုံတွဲတွေ တော်တော်များများ ထင်ထားတာမျိုးက နှစ်ကာလ အကြာကြီး တွဲတိုင်း၊ လက်ဆောင်တွေ အများကြီး ပေးတိုင်း ရတိုင်း၊ ကိုယ်ချစ်တဲ့သူနဲ့ ညားတိုင်း ပါရမီဖြည့်ဖက် ဖြစ်ပြီ ဆိုပြီး လက်ခံထားကြတာ များတယ်။

တကယ်က ဒီ့ထက်တောင် နက်နဲသေးတယ်။ ဒါ့ကြောင့် ဒီ Topic ထဲမှာ ပါရမီဖြည့်ဖက် ဖြစ်ဖို့အတွက် လူအများသိကြတဲ့ ပါရမီဆယ်ပါးကို ဘယ်လို ဖြည့်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး Relationship ရှုထောင့်ကနေ တင်ပြချင်ပါတယ်။

တစ်ယောက်ကို တစ်ယောက် ကောင်းမွန်တဲ့ အလုပ်တွေ ပိုပိုပြီး လုပ်ဖြစ်အောင် ကူညီပံ့ပိုးပေးမှ ပါရမီဖြည့်ဖက်လို့ ခေါ်တာ။

ကောင်းမွန်တဲ့ အလုပ်ဆိုတာက ...

(၁) Donation - ပေးကမ်းတာ။

တစ်ဖက်လူ အဆင်ပြေစေဖို့ ကိုယ့်မှာ မရှိ ရှိတာလေးကနေ Sharing လုပ်ပေးတာပါ။ ကိုယ်က ဘာပေးလိုက်ပါတယ်ဆိုတဲ့အပေါ် ငါပေးမှ သူရမှာဆိုတဲ့ မာနမျိုး မထားဘူး၊ ပြန်ရဖို့လည်း မမျှော်လင့်ဘူး။ ဒါကို ဗုဒ္ဓဓမ္မမှာတော့ ဒါနပါရမီဆိုပြီး ခေါ်တာပေါ့။

(၂) Moral conduct - အကျင့်ကောင်းအောင် နေတာ။

စုံတွဲတွေမှာ ဖြစ်နေကျ Conflict က ခြံခုန်ရတာနဲ့၊ စနိုင့်မိသွားနဲ့၊ ကြာကူလီရိုက်တာနဲ့။ စုံလို့ပဲ။ တကယ့်တကယ် ဘယ်သူက,စ ရေလာမြောင်းပေးလုပ်လုပ်။ ကိုယ့်စိတ်က မပါရင် ဖောက်ပြန်နေစရာ ဘာအကြောင်းမှ မရှိဘူး။ ဒီတော့ မဖောက်ပြန်မိအောင် နေခြင်းသည်ပင်လျှင် ကိုယ့် ကိုယ်ကျင့်သီလကို ကောင်းမွန်အောင် ထိန်းခြင်းပဲ ဖြစ်တယ်။

(၃) Renunciation - ကိုယ့်ကျိုး မငဲ့တာ။

ကိုယ်ပဲ ကောင်းစားဖို့ မတွေးနေဘူး။ ကိုယ် ကောင်းစားနေရင် တစ်ဖက်က Partner ကို ကောင်းစားစေချင်တာမျိုး။ ကောင်းစားစေချင်တယ်ဆိုတဲ့ ဆန္ဒကိုလည်း ဆန္ဒချည်းသက်သက် မထားဘဲ အကောင်အထည်ဖော်ပေးတာမျိုး။ တိုတိုပြောရင် ကိုယ့်ချစ်သူ အဆင်ပြေစေဖို့ပဲ အဓိကထားပြီး အလုပ်လုပ်ပေးတာကို ဆိုလိုတာ။

(၄) Wisdom - ဉာဏ်အမြော်အမြင်ရှိတာ။

Man ဖြစ်ဖြစ်၊ Lady ဖြစ်ဖြစ် သင့်အနေနဲ့ ကိုယ့်ဘာကိုယ် ပါရမီဖြည့်ဖက်လို့ ခံယူထားတယ်ဆိုရင် ထိုက်သလောက်တော့ ဉာဏ်ရှိဖို့ လိုပါတယ်။ အမြော်အမြင် ရှိမှပဲ ကိုယ့် Partner ကို လမ်းမှားတွေ မလျှောက်မိဖို့ Recommend ကောင်းတွေ ပေးနိုင်မှာကိုး။ ဒီဟာက ထိခိုက်စေတယ်၊ မထိခိုက်စေတယ်ဆိုပြီး ကိုယ်၌က မစဉ်းစားတတ်သရွေ့ ပါရမီဖြည့်ဖက်လို့ မမှတ်ယူသင့်ပါ။

(၅) Perseverance - စိတ်အားထက်သန်တာ။

တကယ်ဆို အပေါ်က လေးချက်စလုံးကို ထိန်းချုပ်ထားတာ ဒီအချက်ကပဲ။ ပေးကမ်းဖို့၊ တစ်ဖက်လူ အဆင်ပြေဖို့ အဓိက ဦးစားပေးဖို့၊ ဉာဏ်အမြော်အမြင် ရှိဖို့၊ အကျင့်ကောင်းအောင်နေဖို့က စိတ်အားထက်သန်မှပဲ ရမှာပါ။ စိတ်ပါရင် ဘယ်သူ ခွဲခွဲ လွဲမှာ မဟုတ်ဘူး။ မပါတဲ့အခါ ဘယ်သူ တွဲတွဲ မြဲမှ မဟုတ်တော့။

(၆) Patience - သည်းခံတာ။

ခန္တီပါရမီပေါ့။ သည်းခံရတာ အပြောက လွယ်တယ်၊ လုပ်ဖို့ကသာ ခက်တယ်ဆိုပေမဲ့ ကြုံတွေလာရတဲ့ အကောင်းအဆိုး အမျိုးမျိုးသော လောကဓံတွေကြောင့် ဖောက်ပြန်မသွားဘဲ ကောင်းမွန်မှန်ကန် အကျိုးရှိတဲ့ အလုပ်တွေကို ပြီးဆုံးအောင်မြင်,အောင် လုပ်ဆောင်တာဟာ ပါရမီဖြည့်သူတို့ရဲ့ စိတ်ဓာတ်ပါပဲ။

(၇) Truthfulness - ကတိတည်တာ(သစ္စာ)

မှန်ကန်တဲ့ အလုပ်ကို မှန်မှန်ကန်ကန်ပဲ လုပ်တယ်။ ကြော်ငြာထားတဲ့အတိုင်း မှန်မှန်ကန်ကန် လုပ်တယ်။ လုပ်ပေးနိုင်တာကိုသာ ပြောတယ်။ လုပ်နိုင်ရုံလေးပဲ လုပ်တယ်။ လုပ်မပေးနိုင်တာတွေအတွက် လေကြီးလေကျယ် အာမချောင်ဘူး။ တစ်နည်းပြောမယ်ဆို တစ်ဖက်လူကို မျှော်လင့်ချက် မပေးတာမျိုးပေါ့။

(၈) Determination - ဆုံးဖြတ်ချက် ခိုင်မာတာ။

ဒီအချက်က နံပါတ် ခုနစ်အချက်နဲ့ ဆက်စပ်နေတယ်လို့ ပြောရင်လည်း မမှားပါဘူး။ ကိုယ်ပေးမယ်ပြောတာ တစ်ခုကို ပေးဖို့၊ လုပ်မပေးနိုင်တဲ့ ကိစ္စ တစ်ခုကို ယဉ်ကျေးစွာ ငြင်းဆိုဖို့၊ တစ်ဖက်လူကောင်းစားဖို့ ကိုယ်စွမ်းသလောက် ကူညီစွမ်းဆောင်ပေးဖို့ဆိုတာ ချလိုက်တဲ့ ဆုံးဖြတ်ချက်က ခိုင်မာပြတ်သားမှ အဆင်ပြေမှာပါ။

(၉) Loving-kindness်-မတ်တောထားတာ

ဒါကိုတော့ မေတ္တာလို့ ပြောနိုင်ပါတယ်။ တစ်ဖက်လူကို အဆင်ပြေ ချမ်းသာစေလိုသောစိတ်ထား ထားရှိပြီးတော့ အဆင်ပြေ ချမ်းသာအောင် တတ်နိုင်သမျှ လုပ်ဆောင်ပေးကို မေတ္တာနဲ့ ပါရမီဖြည့်ပေးတာပဲ ဖြစ်တယ်။

(၁၀) Equanimity - ဥပေက္ခာ ပြုတတ်တာ။

တချို့က ဥပေက္ခာဆိုတာကို Neglect လို့ ဆိုကြတယ်။ တချို့က Mute လို့ ထင်တယ်။ တကယ့် ဥပေက္ခာတရားဆိုတာက Positive View ရှိမှ အဆင်ပြေတာ။ ဆင်းရဲရဲ ချမ်းသာသာ မတုန်လှုပ်တော့တာ၊ ကဲ့ရဲ့လည်း မခံစားတော့သလို ချီးမွမ်းလည်း မမြှောက်ကြွတော့တာကိုမှ ဥပေက္ခာလို့ ခေါ်တာပါ။ ကိုယ်က ကိုယ့်လက်တွဲဖော်အတွက် ပါရမီဖြည့်ဖက်လို့ ခံယူထားတယ် ဆိုရင်တော့ တစ်ဖက်လူ ချစ်နေသည်ဖြစ်စေ၊ မုန်းနေသည် ဖြစ်စေ ကိုယ်လုပ်ပေးရမယ့် အလုပ်ကို မပိုမလို လုပ်ဖို့ လိုပါမယ်။

ဒီ ၁၀ ချက်နဲ့ ကိုက်ညီနေရင်တဲ့ သင့်ဘေးက ပါတနာကို ပါရမီဖြည့်ဖက်ဆိုပြီး သတ်မှတ်နိုင်ပါပြီ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ချက်ချင်း လက်ငင်း ဘာကြောင့် အကျိုးမပေးတာလဲ-?

ချက်ချင်း လက်ငင်း 
ဘာကြောင့် အကျိုးမပေးတာလဲ-?
*************************

တစ်နေ့မှာပေါ့...
ဒကာကြီးတစ်ယောက် ကျောင်းသို့
ရောက်လာပြီး
ဒီလိုလေး လျှောက်ထားပါတယ်။

မေး။ ။
အရှင်ဘုရား  
ဘုရားရှင်ခေတ်က ရဟန်းသံဃာတွေကို 
ဘာပဲ လှူလှူ
ချက်ချင်း လက်ငင်း အကျိုးပေးတယ် ဆိုတာ  
ဇာတ် နိပါတ်တွေမှာ ဖတ်ရလို့
သိရတယ်ဘုရား    

ခုခေတ် ရဟန်းတွေကို  
ဘယ်လောက်လှူလှူ ဘာမှ ဖြစ်မလာတာဟာ
ဘာကွာသလဲ ဘုရား-?

ဒါမှ မဟုတ်  
သီလ ရှိခြင်း မရှိခြင်း ကွာလို့များ
အကျိုးပေးတွေ
ကွာသွားတာလားဘုရား-?

#ဒကာကြီးရဲ့ အမေးကို
ပြန်မဖြေဘဲ
ဒကာကြီးကိုပဲ ပြန်မေးလိုက်ပါတယ်။

ဒကာကြီး
ဒကာကြီး ကိုယ်တိုင်က   
သံဃာတွေရဲ့ သီလအပေါ်မှာ   
သံသယ ရှိနေတယ် မဟုတ်လား-?

အဲဒီလို ပြောရမှာပါပဲဘုရား တဲ့။

#ဟုတ်ပါပြီ
ဒါဟာ ဒကာကြီးရဲ့ အတွေး  
ဒကာကြီးရဲ့ အမြင်  
လွတ်လပ်စွာ တွေးခွင့် မြင်ခွင့် ရှိပါတယ်။
ဘုန်းကြီး အပြစ်မဆိုပါဘူး။

ဒါနဲ့ ဒကာကြီးကို မေးပါဦးမယ်
ဒကာကြီးရော လှူဖူးလား ?      

အရှင်ဘုရား လှူဘူးတာပေါ့ ဘုရား...
သားတွေလဲ ရှင်ပြု
ဝါဆိုသင်္ကန်း 
ကထိန်သင်္ကန်း အများကြီးပဲ။

ဒါပေမဲ့
ဘာမှ အကျိုးပေးမလာဘူး  
ကုန်သွားတာပဲ အဖတ်တင်တယ် ဘုရား။

#ဟုတ်ပြီ
ဒကာကြီးကို ဆက်မေးပါဦးမယ်။

ဒကာကြီးအနေနဲ့ အလှူပေးတဲ့နေရာမှာ   
ချက်ချင်းလက်ငင်း 
ပြန်ရချင်တယ်ဆိုတဲ့ အတွေးနဲ့  
လှူနေတာပေါ့-?

လိုချင်တာပေါ့ဘုရား...

#ဟုတ်ပါပြီ
ဒကာကြီးမှာ သားတွေ သမီးတွေ ရှိလား-?

ရှိတာပေါ့  ဘုရား။

#ဒကာကြီးအနေနဲ့
သား သမီးတွေကို ကျွေးမွေး ပြုစု
စောင့်ရှောက်ပြီး 
စာတွေ သင်ပေးနေတာဟာ
ဘယ်လိုရည်ရွယ်ချက်တွေနဲ့
လုပ်ပေးနေတာလဲ ဒကာကြီး-?

ဒါတော့ 
တပည့်တော်တို့ အိုလာတဲ့ အခါ   
သူတို့ရဲ့ 
ကျေးဇူး သိတတ်မှုကို လိုချင်လို့ပေါ့
ဘုရား။

#အင်း
ဒကာကြီးက အင်မတန် ရိုးသားတယ်
ဘုန်းဘုန်းကြိုက်သွားပြီ  ဒကာကြီးရေ...
တချို့မိဘတွေက 
အဲဒီလို မဖြေဘူးဗျ။
ဘာမျှော်လင့်ချက်မှ မထားပါဘူးလို့   
ပြောတတ်ကြတယ်လေ။

ဟုတ်ပါပြီ
ထပ်မေးပါဦးမယ်  
ဒကာကြီးတို့ လူသားလောကကို 
ကြည့်လိုက်ပါ။

ကိုယ်ကျွေးမွေးခဲ့တဲ့ သား သမီးတိုင်းဟာ  
ကိုယ်မျှော်လင့်သလို ဖြစ်တတ်သလား-?

အဲဒါတော့ သိပ်မရှိဘူးဘုရား။
ကိုယ်ကသာ ကြည့်ရတာ  
သူတို့က ပြန်ကြည့်တာ နည်းတယ်ဘုရား။

#ဒါဟာ သား သမီးတွေ အပြစ်လား-?
မိဘတွေ အပြစ်လား-?

သေချာ စဉ်းစားဖြေနော် ဒကာကြီး...

မှန်ပါ  
သား သမီးတွေက မသိတတ်တော့
သူတို့ အပြစ်ပေါ့ဘုရား။

#မှားနေတယ် ဒကာကြီး

မိဘ မေ တ်တာ ဆိုတာ  
သား သမီး အပေါ်မှာ  
ဘာမျှော်လင့်ချက်မှ မထားမှ 
မိဘ မေ တ္တာ အစစ်။

သား သမီးတွေ ကြီးပွားချမ်းသာနေတာ
တိုးတက်နေတာကို ကြည့်ပြီး 
ပီတိနဲ့ အားရှိတတ်ရမယ်လေ။

ဒကာကြီးက 
အစထဲက ယဉ်သကို ဆိုတာလို

မျှော်လင့်ချက်နဲ့ ပေး‌ကျွေးခဲ့တာမို့
ဒကာကြီးတို့ မေတ္တာဟာ မသန့်ရှင်းဘူး။

အရောင်တွေ ပါနေတာမို့  
ကိုယ်ဖြစ်ချင်သလို မဖြစ်တဲ့အခါ  
မသိတတ်ရ ကောင်းလားဆိုပြီး
မေတ္တာတွေ ပျက်လာကြတယ်  
မခံချိ မခံသာတွေဖြစ်လာတယ်။

ဒါတွေဟာ  
ကိုယ့်မေတ္တာ မစင်ကြယ်ခဲ့လို့  
သား သမီးက 
ပြန် မသိတတ်တာပါ။

ခုအလှူပေးတဲ့ နေရာမှာလဲ
မပြတ်မသားနဲ့ 
ချမ်းသာချင်တဲ့ လောဘကို  
အခြေခံ လှူတာမို့ 
အကျိုးပေး မသန်တာကော  
မဖြစ်နိုင်ဘူးလား?

အလှူပေးတယ်ဆိုတာ...
မိမိအတွက်  ငဲ့ကွက်ခြင်း မရှိရဘူး  
ဒကာကြီးရဲ့။

ဒကာကြီး ဖတ်ဖူး 
နာဖူးတဲ့ ဇာတ်နိပါတ်တော်ထဲက
အလှူရှင်တွေဟာ    
ချမ်းသာတဲ့  သူဌေးတွေကလဲ 
ငဲ့ကွက်တာ မရှိသလို  
ဆင်းရဲသူ ဆင်းရဲသားတွေကလဲ  
ငဲ့ကွက်ခြင်း မရှိကြဘူး ဒကာကြီး။

#ဥပမာ ဆိုပါတော့...
သုမေဓာ  သူဌေးသား လှူတာ  
သူ့အတွက် ဘာချန်ထားသလဲ?

ဝေဿန္တရာမင်း ဘာတွေချန်ထားလဲ?  
ဘာမှ မချန် အကုန်လှူတာလေ...

နက်ဖြန် ခွက်ဆွဲ တောင်းစားရရင် 
စားရပါစေဆိုတဲ့ စိတ်နဲ့ လှူတာ။

ဒကာကြီးလှူတာက စဉ်းစားကြည့်   
လမ်းဘေး အလှူခံ ဆိုပါစို့။

ကိုယ့်အိတ်ကပ်ထဲမှာ...
တစ်သောင်းတန်ရယ်
ငါးထောင်တန်ရယ်  
ထောင်တန်ရယ်  
နောက်ပြီး ၁၀၀ တန် အနုတ်အနွမ်းလေး
တစ်ရွက်ရယ် ပါတယ်
အလှူခံကလည်း ကြုံနေပြီ။

ဒကာကြီး 
ဘယ်အရွက်ကို ဆွဲထုပ် လှူတတ်သလဲ-?

ဒါတော့ဘုရား...

#အင်း...
မဖြေနိုင်ရင် မဖြေပါနဲ့ ဒကာကြီး။

ဒကာကြီး တစ်ယောက်တည်း 
ဒီလိုမဟုတ်လို့
ရှက်စရာ မရှိပါဘူး။
လူအများစုက  ဒီအတိုင်းပါပဲ။

အလှူတော့ ပေးတယ် 
စိတ်က မထားတတ်သလို    
မျှော်လင့်ခြင်းတွေနဲ့ လုပ်နေတာမို့ 
ထင်သလောက် အကျိုးမရောက်တာပါ။

ဒါပေမဲ့...
ဒီကုသိုလ်အကျိုးကတော့ 
အလကား ဖြစ်မသွားပါဘူး။
တစ်ချိန်မှာ အကျိုးပြန်ပေးမယ်ဆိုတာ 
ယုံကြည်ပါ ဒကာကြီး။

သံဃာတွေကို လှူတဲ့ အခါမှာလည်း
ထိုနည်းအတူပါပဲ။

အားနည်းချက်တွေ 
အများကြီး ရှိတာကို သိရမှာပါ။

#ဥပမာ ဆိုပါစို့...
အိမ်မှာ ဆွမ်းခံကြွနေတဲ့ ရဟန်းတစ်ပါးနှင့်   
ကိုယ်မွေးထားတဲ့ သား သမီး
နှစ်ဦး ယှဉ်လာတဲ့ အခါ
ဘယ်သူ့အပေါ်မှာ ကိုယ့်ရဲ့သဒ္ဓါ ပိုသလဲ-?
စဉ်းစားကြည့်ပါ။

သား သမီး တစ်ယောက် အတွက်
မိန်းမ အတွက်  
ခင်ပွန်း အတွက် 
သိန်းပေါင်းများစွာ အကုန်အကျ ခံနိုင်ပေမဲ့
ရဟန်းတစ်ပါး အတွက် 
ဒကာကြီး ဘယ်လောက်ရက်ရောဖူးလဲ-?
သေချာ စဉ်းစားပါ ဒကာကြီး။

ရှေးတုန်းက ပန်းတစ်ပွင့် လှူလို့ 
ချမ်းသာသွားတာ
ဘုရင်ကတော် ဖြစ်သွားတာ 

ဘာမှ တန်ဖိုးမရှိတဲ့ မုန့်လေးတစ်ခု
တစ်ဖဲ့ လှူလို့
ချမ်းသာ သွားတာတွေဟာ  
အလှူခံပုဂ္ဂိုလ်တွေက ရဟန္တာတွေဖြစ်ကြသလို

သူတို့ရဲ့ ပိုင်ဆိုင်မှုကလည်း
ဒီမုန့် ဒီပန်းကလွဲပြီး ဘာမှ မရှိတာမို့ 
ကိုယ်အငတ်ခံပြီး လှူလိုက်တာဖြစ်တဲ့အတွက်  
သူ့အသက် 
သူ့ခန္ဓာအပေါ်မှာ ငဲ့ကွက်ခြင်း မရှိဘူး။

မစားရလို့  
သေရင် သေပါစေ ဆိုတဲ့  စိတ်နဲ့ 
လှူကြတာ ဒကာကြီးရဲ့။

ကဲ...
စိတ်ထား မကွားဘူးလား-?

အဲဒီလို  စိတ်ထားကွာတော့ 
အကျိုးပေးတွေ ကွာသွားတာပေါ့ ဒကာကြီး။

#မှန်ပါ
ဝမ်းသာလိုက်တာဘုရား...

တပည့်တော်ရဲ့ အသိမှားတွေကို 
ပယ်ဖျောက်ပေးလို့ 
ကျေးဇူး ကြီးမားလှပါတယ် ဘုရား...

တပည့်တော်ရဲ့  
မဖြစ်စလောက် ဗဟုသုတလေးနဲ့  
သံဃာတော်တွေ အပေါ်
အထင်သေးခဲ့ပါတယ်ဘုရား တဲ့။

ခုချိန်က စပြီး
တပည့်တော်   
အတွေးမှား အယူမှား အမြင်မှားတွေ 
ပယ်‌ဖျောက်ပြီး
တကယ် စွန့်လွှတ်နိုင်သူဖြစ်အောင်  
ကြိုးစားပါတော့မယ်ဘုရား...

#သာဓု သာဓု သာဓုပါ ဒကာကြီး။

မူရင်း-Credit-လောကသရဖူမှန်ကင်း။

သံသရာဘုံမှာနေကြအုံးမယ်ဆိုရင်

သံသရာဘုံမှာနေကြအုံးမယ်ဆိုရင်=========================

သံသရာဘုံမှာ ပျော်ကာမထွက်ချင်သေးဘူး
နေကြအုံးမယ်ဆိုရင် ဘဝမှပျော်နေကြရင်
သံသရာအတွင်းနေတုန်း မြတ်စွာဘုရားက
သက်သာတဲ့ နည်းလမ်းတစ်ခုပေးထားတယ်။

ချမ်းသာတစ်ခုကနေ ချမ်းသာတစ်ခုရောက်ဖို့
သံသရာထဲမှာဆိုရင် ကုသိုလ်များများလုပ်ပါ
အကုသိုလ်တွေကိုရှောင်ပါ။ အဲ့ဒါဆိုလို့ရှိရင်
ဒီပုဂ္ဂိုလ်ဟာ သက်သက်သာသာ သံသရာ
လည်ရတယ်။

နောက်ဆုံး သံသရာက ထွက်ပေါက်မရစေအုံး
တော့ လူဘဝကနေ နတ်ဘဝ နတ်ဘဝကနေလူဘဝ
လူဖြစ်ချီ နတ်ဖြစ်ချီ စုန်ချီဆန်ချီ သံသရာမှာ
ဟိုငရဲဘုံတွေ မရောက်အောင်မြတ်စွာဘုရားက
နည်းလမ်းပေးခဲ့တာပါ။

ထိုငရဲဘုံတွေကို မရောက်အောင် ကုသိုလ်
ကမ္မပတ္ထတရားဆယ်ပါးကို ပြုရမယ်။ ကုသိုလ်
ကမ္မပတ္ထတရားဆယ်ပါးကို အကျဥ်းချုပ်ပြော
မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် စာထဲကဟာ
အသာထား ကိုယ်ဘာတွေးသလဲ မနောကံအနေနဲ့
ကိုယ့်ကိုယ်ကိုယ် တွေးတာကိုကြည့် ကိုယ်တွေးတာ
အပြစ်ရှိတဲ့အတွေးလား၊ အပြစ်ကင်းတဲ့အတွေးလား ဒီနှစ်ခုကြည့်။

အပြစ်ရှိတဲ့အတွေး ဆိုရင် အကုသိုလ်ကမ္မပတ္ထ
အပြစ်ကင်းတဲ့အတွေးဆိုရင် ကုသိုလ်ကမ္မပတ္ထ
ကြံတွေးနေတာ မနောကံ ပါးစပ်ကမပြောသေး
ဘူး၊ တွေးရုံတွေးတာ။ 

အဲ့ဒီတွေးတာက နှစ်မျိုးရှိတယ်။ အဲ့ဒီနှစ်မျိုးမှာ
သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုတဲ့အတွေး
အဲ့ဒီအတွေးက မနောဒုစရိုက်လို့ခေါ်၍ သူက
အပြစ်ရှိတယ် အကုသိုလ်ဖြစ်တယ်။ သူတစ်ပါးကို
သေစေလို ပျက်စီးလိုတဲ့ ဒေါသနဲ့တွေးတဲ့အတွေးက
ဗျာပါဒလို့ခေါ်တယ်။ အဲ့ဒါလည်းပဲမနောကံဖြစ်
တယ်။ မနောဒုစရိုက်ထဲမှာ ဒါလည်းအပြစ်ရှိတယ်။
နောက်တစ်ခုက ကံတရားရဲ့အကျိုးကိုလက်မခံပဲ
ငြင်းပယ်တယ်။ လှူတာအကျိုးမရှိဘူး၊ အကြီး
အကျယ်လှူလည်း အကျိုးမရှိဘူး၊ လက်ဆောင်ပနာ ပေးတာ အကျိုးမရှိဘူးလို့ ဒါနကိုငြင်းပယ်တဲ့ ဒါနရဲ့
အကျိုးကိုလက်မခံဘူးဆိုတဲ ဒုစရိက်တွေနဲ့ နောက်
ကုသိုလ် အကုသိလ်တွေဟာ အကျိုးမရှိဘူးလို့
ဒီလိုထင်နေရင်လည်း မနောဒုစရိုက်ပဲ အပြစ်ရှိ
တယ်။

ဒါဘုရားက အပြစ်ရှိတယ်လို့ဟောတာ ဘုရား
ကြောင့် အပြစ်ရှိတာမဟုတ်ဘူး သဘာဝကိုက
အပြစ်ရှိတာ။ ကံတရားတွေရဲ့အကျိုးတွေကို
ငြင်းပယ်တယ်ဆိုတာ ကိုယ်လုပ်တာကို ကိုယ်
အသိအမှတ်မပြုတာပဲ။ ကိုယ်လုပ်တာကို ကိုယ်
အသိအမှတ် မပြုဘူးဆိုသူဟာ ဘယ်တော့မှ
လူကောင်းမဖြစ်ဘူး။

ဘာလို့လည်းဆိုရင် စဥ်းစားကြည့်လေ
ကောင်းတာရယ်မကောင်းတာရယ် သူက
မစဥ်းစားဘူး လုပ်ချင်ရာလုပ်တော့မှာလေသူက။
ကံ ကံ၏အကျိုးလက်ခံတဲ့သူကျ သူက အော်
မကောင်းတာလုပ်ရင်မကောင်းကျိုးရမယ်
ကောင်းတာလုပ်ရင် ကောင်းကျိုးချမ်းသာရမယ်
ဆိုတော့ ကောင်းတာတွေရွေးလုပ်တော့မှာပေါ့။
လူဆိုတာချမ်းသာချင်တယ်လေ ချမ်းသာခြင်း
အကြောင်းဖြစ်တဲ့ ကုသိုလ်ပဲရွေးလုပ်တော့မှာပေါ့။
ကောင်းတာတွေလုပ်နေမှ လူကောင်းဖြစ်တယ်ပေါ့။

မြတ်စွာဘုရားက မင်းဘာပဲလုပ်လုပ် မကောင်း
တာပဲလုပ်လုပ်၊ ကောင်းတာပဲလုပ်လုပ် မင်းလုပ်
သမျှက မင်းပဲပိုင်ဆိုင် ပြန်ရမယ်တဲ့။ အဲ့ဒီကိစ္စ
အကြောင်းကို ငြင်းပယ်တဲ့အယူဝါဒကို မိစ္ဆာဒိဌိ
လို့ခေါ်တယ်။ အဲ့ဒါ မနောဒုစရိုက်ထဲက မိစ္ဆာဒိဌိ 
အဲ့သလိုမိမိသန္တာန်စိတ်တွေရှိနေသေးရင် အကုသိုလ်ကမ္မပတ္ထဆယ်ပါးတဲ့။ သူဟာကောင်း
ရာသုဂတိကိုမပို့နိုင်ဘူးတဲ့။ သူကနေ မကောင်းတဲ့
ဘုံဘဝတွေကိုပို့နိုင်တယ်။

ဒါက စိတ်အတွေးနဲ့ပတ်သက်တာ စိတ်အတွေးနဲ့
ပတ်သက်ပြီး ကမ္မပတ္ထတရားဆယ်ပါးကို ပျောင်း
ပြန် ပြန်လိုက် လူတော်လူကောင်းဖြစ်ဖို့ရာ ကုသိုလ်
ကမ္မပတ္ထဖြစ်အောင်ပြန်ရင် သူများပစ္စည်းကို
ကိုယ့်ပစ္စည်း​​ဖြစ်လိုတဲ့ လောဘနဲ့အတွေးမတွေးဘူး။
သူများပစ္စည်းကို မတရားလိုချင်တဲ့စိတ် မထားဘူး။
လူတစ်ဦးတစ်ယောက်ကို စိတ်ဆိုးချင်ဆိုးမယ်
သိုု့သော် သေပါစေ ဒုက္ခရောက်ပါစေဆိုတဲ့စိတ်
မထားဘူး။

အော်နောက်တစ်ခု ကံ ကံ၏အကျိုးကို ငြင်းပယ်တာ မရှိဘူး၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်
မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်
ကောင်းကျိုးဆိုးကျိုးကို လုပ်သူနဲ့သက်ဆိုင်တယ်
ဆိုတဲ့မှန်ကန်တဲ့အမြင်ရှိမယ် အဲ့လိုရှိရင် မနောသုစ
ရိုက်၃ပါး ကုသိုလ်ကမ္မပတ္ထတရားသုံးပါးခေါ်တာပဲ။

ကောင်းပြီနောက်တစ်ခု လူတွေမှာ စိတ်ကနေတွေး
ပြီးတော့ ပြောကြတယ် ပြောတဲ့အခါပါးစပ်ကနေ
ပြောချင်ရာ ပြောလို့မရဘူးလေ စည်းကမ်းထား
ရတယ် နှုက်ကိစည်းကမ်းးထားတာကို မနော
သုစရိုက်လို့ခေါ်တယ်။ မနောသုစရိုက်ကို စည်းကမ်း
ပျက်သွားရင် ဝစီဒုစရိုက်ပေါ့။

အဲ့တော့ နှုတ်ကိုစည်းကမ်းထားတယ်ဆိုတာ
လိမ်မပြောဘူး မှန်တာပဲပြောမယ်။ တစ်ဦးနဲ့တစ်ဦးမတည့်အောင် ကုန်းမမချောဘူး ညီညွတ်အောင်သာ ပြောပေးတယ်။ သူများကို ဆဲရေးတိုင်းထွာ
ကြမ်းတမ်းစွာမပြောဘူး သိမ်မွေ့ယဥ်ကျေးတဲ့စ
ကားပဲ ပြောတယ်။ တရားလက်လွတ်စကား မပြော
ဘူး ဓမ္မလမ်းကြောင်းနဲ့အညီပဲပြောတယ်ဆိုတာ
ဒါဟာ နှုတ်ကိုစည်းကမ်းထားတာ။ အဲ့ဒီစည်းကမ်း
ပျက်သွားရင် ဝစီဒုစရိုက်လို့ခေါ်တယ်။

ဝစီဒုစရိုက်ကို ဏျင့်သုံးရင် မကောင်းတဲ့ဘုံဘဝ
ရောက်စေတဲ့ အကုသိုလ်တစ်ခုပဲပေါ့၊ လူတွေက တွေးပြီးရင်ပြော ပြောပြီးရင် လုပ်တတ်တယ်
အလုပ်လုပ်တယ် ကိုထိလက်ရောက်လုပ်တယ
ကိုယ်ထိလက်ရောက်လုပ်ရင်လည်း အပြစ်ရှိတဲ့
လုပ်မှုသုံးခုက ဘာတုန်းဆိုရင် သူများအသက်
သတ်တယ် သူများဥစ္စာခိုးတယ် သူတပါးသား
မယာပြစ်မှားတယ်။ ဒါက ကာယဒုစရိုက်သုံးပါး
ခေါ်တယ်။ သုစရိုက်ကြတော့ သူတပါးအသက်မ
သတ်ဘူး သူတပါးဥစ္ာမခိုးဘူး သူတပါးသား
မယား မပြစ်မှားဘူးဆိုတော့ သုစရိုက်ဖြစ်သွားပြီ။

ဒီတော့ ဒုစရိုက်ဆယ်မျိုး သုစရိုက်ဆယ်မျိုး
အဲ့ဒီ ဒုစရိုက် သုစရိုက်ကိုကျင့်သုံးရုံနဲ့ လူဘုံလူဘဝ
ရောက်နိုင်တယ်။

ဒါကြောင့်မို့ သံသရာထဲမှာနေရတုန်း ချမ်းချမ်းသာ
သာ နေချင်ရင် ဒုစရိုက်ကိုရှောင်ရမယ်။ သုစရိုက်
ကိုဆောင်ရမယ်။ အဲ့ဒီအတိုင်းလိုက်နာကျင့်သုံး
ရမယ် အဲ့ဒါဆို အာမခံချက်ရှိတယ်။ မကောင်း
တဲ့အလုပ်တွေကို မလုပ်ဘူးကောင်းတာနဲ့ပဲနေတယ်
ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းကျိုးချမ်းသာတွေ သေချာရမှာ ဖြစ်တယ်ပေါ့။ သံသရာ
ထဲမှာ ကောင်းကျိုးချမ်းသာနဲ့နေနိုင်တယ်။ သို့သော်
အဲ့ဒီလောက်နဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်လားဆိုတော့ အခြေနေတစ်ခုလောက်ပဲ ပေးနိုင်သေးတယ်။ နိဗ္ဗာန်ကိုမျက်မှောက်ပြုလို့မရသေးဘူး။

ယခုနာကြားဖြစ်သည့်ပါမောက္ခချုပ်ဆရာတော်
ကြီး၏ တရားတော်မှ ပူဇော်ပါသည်။🙏🙏🙏

ချမ်းမြေ့ပါစေ..

credit..Win Bo Myint

ကိလေသာ ၁၀ပါး

ကိလေသာ (၁၀)ပါး
===============

စိတ်အစဥ်အား ညစ်နွမ်းသွား
တရား ကိလေသာ။

ထိုကိလေသာ ရေတွက်ကာ
မှတ်ပါ ဆယ်မျိုးလာ။

၁။လောဘ။ 
အစလောဘ ထိုဘဝ
လိုရတပ်မက်မှု။

၂။ ဒေါသ။
ဒေါသပေါ်ပြန် စိတ်ခက်ထန်
ဖြစ်မှန် ကံသုံးပါး။

၃။မောဟ။
အမှားကိုပင် အမှန်ထင်
ခေါ်ပင်မောဟဝင်။

၄။မာန။
စိတ်ဓာတ်တက်ကြွ မောက်မာရ
ပြောကြမာနဝင်။

၅။ဒိဌိ။
သင်္ခါရအား အမြင်မှား
မှတ်သား ဒိဌိပင်။

၆။ ဝိစိကိစ်ဆာ။
ရတနာသုးပါး ကံကျိုးတရား
ယုံမှား ဝိစိကိစ္ဆာ။

၇။ထိန။
စိတ်ကလေးလံ ထိုင်းမှိုင်းပြန်
ခေါ်မှန် ထိနဟု။

၈။ဥဒ်ဓစ်စ။
စိတ်ပျံလွင့်နေ နေကြလေ
ခေါ်ပေ ဥဒ္ဓစ္စ။

၉။အဟိရိက
ဒုစရိုက်ဆို အကုသိုလ်
မရှက်ပြုရ အဟိရိက။

၁၀။ အနောတ္တပ္ပ
အကုသိုတရား ဒုစရိုက်များ
ပြုငြားမကြောက်တာ
ခေါ်တာ အနောတ္တပ္ပ။

ဤသည့်တရား ထိုဆယ်ပါး
ဆောင်ထားစိတ်တွေ ညစ်နွမ်းပေ
ထိုလေတရား ဤဆယ်ပါး
ခေါ်ငြား ကိလေသာ။

ကိလေသာမို့ ထိုညစ်တို့
ဖြူဖို့စင်ကြယ် ဆေးကြောမယ်
ရှိကွယ်မဂ္ဂင် ဤရှစ်ပါး။

တကယ်လက်တွေ့ ကျင့်ကြံလေ့
ခေါ်ပေ့ဟူဘိ ပဗ္ဗဇိတ
မှတ်ကြလေဟူ ကိလေမြူ
နှင်သူဟုသာ ခေါ်ပေရာ၏။

ချမ်းမြေ့ပါစေ

Credit.. Win Bo Myint

Wednesday, January 18, 2023

အလိုမကျတိုင်းသာ မုန်းကြေးဆိုရင်

" အလိုမကျတိုင်းသာ မုန်းကြေးဆိုရင် "

ကိုယ့်စိတ်အလိုမကျတိုင်းသာ 
မုန်းကြေးဆိုရင် 
ပထမဆုံး မုန်းရမှာက
ကိုယ့်ခန္ဓာကိုယ်ကြီးပါပဲ...။

မိုးလင်းကတည်းက
ခန္ဓာကိုယ်ကထွက်တာ
ဘာများနှစ်သက်စရာရှိလို့လဲ..?

စားဖို့ရှာရတယ်,
ဆာတော့ စားရတယ်,
စားပြီးတော့ ပြန်စွန့်ရပြန်တယ်,
ဒီလိုနဲ့ ခန္ဓာကိုယ်ကြီးအလို လိုက်ရင်း
အိုရာက နာပြီး နောက်ဆုံး သေရတာပဲ..။

ဝတဲ့သူက ပိန်ချင်ပြီး
ပိန်တဲ့သူက ဝချင်ပြန်တယ်၊
ဘာလို့ စိတ်သောက ဖြစ်ခံနေရမှာလဲ.?

ကိုယ်ပိုင်တယ်ထင်ထားတဲ့
ကိုယ့်ရုပ်ခန္ဓာကိုယ်ကြီးတောင်
ကိုယ့်စိတ်အလိုကျအောင်
အမြဲခိုင်းလို့ရတာမှ မဟုတ်ပဲ။

ဘာလို့များ အချိန်ကုန်ခံ 
သူများကိုမုန်းပြီး
စိတ်သောက ဖြစ်ခံနေရမှာလဲ?

အချိန်တွေ နှမြောရင်
ဘယ်သူ့ကိုမှ မမုန်းပါနဲ့ ။

ပါမောက္ခချုပ်ဆရာတော်ကြီး 
အရှင်နန္ဒမာလာဘိဝံသ

ရှုတိုင်းချမ်းသာတာ သူတော်ကောင်းတရားပဲ

သေမင်းဆိုတာ တခြားကမဟုတ်ဘူး ။ ကိုယ့်ရဲ့ရုပ်တွေနာမ်တွေက ကိုယ့်ကို ပြန်သတ်တာပဲ။

သံကိုသံဖျက် သံချေးတက်ဆိုတာလို ဒီရုပ်တွေ နာမ်တွေကနေ
ဒီရုပ်ဒီနာမ်တွေကို ပြန်သတ်တာပဲ။
အဲဒီလို သူက နှိပ်စက်မယ်။

ရုပ်က ဖောက်ပြန်မှာပဲ
ပူလိုက် အေးလိုက်နဲ့ အဲဒါ ရုပ်အလုပ်။

မင်းအလုပ် မင်းလုပ် 
ငါ့အလုပ် ငါလုပ်မယ်။

ငါ့အလုပ် ငါလုပ်မယ်ဆိုတာ
ဆရာသမားတွေ သင်ပေးထားတဲ့
ဝိပဿ    နာရှုနည်းလေ သူတော်ကောင်းတို့ ။

အဲဒါကို တရားရှုမှတ်နိုင်ရမယ်။
တည့်တည့်ရှုမှတ်နိုင်ရင်
တည့်တည့်ရှုမှတ် မကြောက်နဲ့။

သေသွားရင် ကောင်းတဲ့နေရာရောက်မှာပဲ။
ဘာဖြစ်လို့ ကြောက်ရမှာလဲ။

အခု ခန္ဓာကိုယ်ကြီးက
၉၆ပါး ရောဂါဝေဒနာ နှိပ်စက်ခံရတယ်။
တရားရှုမှတ်ပြီး သေသွားရင်
အနည်းဆုံး နတ်ပြည်ရောက်သွားမယ်။

မပြတ်မလပ် ရှုမှတ်ပွားများနေတဲ့
ယောဂီပုဂ္ဂိုလ်အတွက်
ရရှိမည့် အကျိုးခုနှစ်ပါး
-------------------------

၁။ မပြတ်မလပ် ရှုမှတ်ပွားများနေရင် 
 သာသနာပြုရာရောက်တယ်။

၂။ မြင်ရတဲ့သူတွေကို
 မျက်လုံးအေးစေတယ်။

၃။ မြတ်စွာဘုရားရဲ့အလိုတော်ကို 
 ယူနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။

၄။ မိမိကို လှူ တဲ့ ပုဂ္ဂိုလ်တွေကို 
 အလွန်အကျိုးကြီးမားစေတယ်။

၅။ ဒွါရခြောက်ပါးက
လောဘ ဒေါသတွေ မဝင်နိုင်ဘူး။ 
လုံခြုံစေတယ်။

၆။ ကာယကံ ဝစီကံ မနောကံမှာ
 အကုသိုလ် ဒုစရိုက်တွေ မဖြစ်တော့ဘူး။
 ကံသုံးပါး စင်ကြယ်စေတယ်။

၇။ မိမိရထားတဲ့ လူ့ဘဝမှာ 
 သီလ သမာဓိ ပညာနဲ့ ခန့်ညားမြင့်မြတ်တယ်။
 လူ့ဘဝနဲ့ ထိုက်တန်တယ်။

သီလ သမာဓိနဲ့ တည်ဆောက်ထားတဲ့ 
အသိဉာဏ်ပညာကသာ တဏှာကို သတ်နိုင်တာ။

တဏှာကို သတ်နိုင်တဲ့ပညာမှ ပညာစစ် ပညာမှန်။
တဏှာကို အားပေးတာ ပညာမဟုတ်ဘူး။
သညာအဆင့် ဗဟုသုတအဆင့်ပဲ ရှိသေးတယ်။

မိမိတို့ရဲ့သဒ်ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာကို 
တရားရှုမှတ်တဲ့အခါမှာ အစွမ်းကုန်အသုံးချပါ။  

အဲဒီလို အစွမ်းကုန် အသုံးချမှ 
ဒီသံသရာခရီးခဲကြီးက လွန်မြောက်နိုင်မှာနော်။

တစ်သံသရာလုံး မောဟအားကြီးခဲ့လို့
ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေနဲ့လွဲခဲ့ရတာ။"

“ ဝိပဿ    နာမှာ အဆင့်သုံးဆင့်ရှိတယ် ”

၁။ “ ပေါ်တာ ”  ကို အရင်သိရမယ်။

၂။ “ ပေါ်တာ” ကိုသိမှ “ပျောက်တာ” ကိုသိမယ်။

၃။ “ ပေါ်တာ ပျောက်တာ ” သိပြီးမှ 
“ ပျက်တာ” ကိုသိမယ်။
“ အပျက်” ချည်းပဲ မြင်ပါများရင် နောက်ကျတော့……..
” ဖြစ် ပျက် ” မုန်းပြီး  ” ဖြစ် ပျက်” ဆုံးသွားတယ်။

နေရမယ့်အချိန်တွေလည်း နည်းသွားပြီ။
သေဖို့ကလည်း တစ်နေ့ထက်တစ်နေ့
နီးနီးလာပြီဆိုတာ မမေ့ကြနဲ့။

ရခဲတဲ့လူ့ဘဝကို ရပြီးခါမှ
စားဝတ်နေရေး အလုပ်တွေနဲ့ပဲ
ဘဝတစ်ခုလုံးကို မကုန်လွန်ပါစေနဲ့။

ပညာရှိသူတော်ကောင်းတွေကို 
မှီဝဲဆည်းကပ်ကြပါ။
သတိပဌာန်တရားတွေ
သစ္စာတရားတွေကိုလည်း နာကြားကြပါ။

သံသရာက လွတ်မယ့် ကျွတ်မယ့်
ဝိပဿ    နာအလုပ်ကို ဆင်ခြေအမျိုးမျိုးပေးပြီး 
ရှောင်တိမ်းမနေပဲ လုပ်ဖြစ်အောင် လုပ်ကြပါ။

ဒါမှ လူဖြစ်ရကျိုးနပ်မယ်။
သာသနာနဲ့ ကြုံရကျိုးနပ်မယ်။

ယောဂီအပေါင်း သူတော်ကောင်းအပေါင်းတို့

"သတိယှဉ်မှ တရားမြင်" တရားဒေသနာတော်ကို
ကြားနာရ ဖတ်ရှုရတဲ့ အချိန်ကစပြီး
မပေါ့မတန် ထက်သန်တဲ့ သတိတရားနှင့်
လုံ့လစိုက် ကြိုးစားပြီး

ရုပ်ဖြစ်တိုင်း 
စူးစူးစိုက်စိုက် ရှုသိနေကြဖို့

ခံစားမှု ဖြစ်ပေါ်တိုင်း
စူးစူးစိုက်စိုက် ရှုသိနေကြဖို့

စိတ်ဖြစ်လေသမျှ ကောင်းကောင်းဆိုးဆိုး
ဘယ်စိတ်မျိုးမဆို ရှုသိနေကြဖို့

မြင်သဘော ကြားသဘော နံ့သဘော
စားသဘော တွေ့ထိသဘော ကြံတွေးသဘော
ဖြစ်တိုင်းဖြစ်တိုင်းလည်း ရှုသိနေကြဖို့

သွားလာလှုပ်ရှား ပြု မူမှု မှန်သမျှကိုလည်း
သတိနဲ့ ရှုသိနေကြဖို့ ဖြစ်ပါတယ်။

ရက်ရှည်လများ 
တရားရိပ်သာတွေမှာ အားထုတ်ပြီးလို့
မိမိတို့နေရာရောက်ရင်လည်း
ဆိုင်ရာကိစ္စလေးတွေ ပြုလုပ်တိုင်း
သတိကပ်ပြီး ပြုလုပ်နေလည်း
ဝိပဿ    နာဖြစ်တာပါပဲ။

မြတ်စွာဘုရားရဲ့အဆုံးအမဟာ
သီလ သမာဓိ ပညာ

သီလကို လုံခြုံအောင် စောင့်ရှောက်ရင်
"သီလသာသနာ" တည်တာပဲ။
သမာဓိရအောင် အားထုတ်ရင်
"သမာဓိသာသနာ" တည်တာပဲ။
ဝိပဿ    နာဉာဏ်တွေ အဆင့်ဆင့်ရအောင်
ကြိုးစားအားထုတ်ရင်
"ပညာသာသနာ"တည်နေတာပဲ။

မိမိကိုယ်တိုင်လည်း ကြိုးစားမယ်
မိမိရဲ့မိသားစုထဲမှာလည်း
သီလ သမာဓိ ပညာတွေ
တည်နေအောင် တိုက်တွန်းပေးမယ်။
'သတိပဌာန်တရား'တွေ ပွားများကြမယ်ဆိုရင်
ဒီမိသားစုဟာ သာသနာအောက်မှာ
သာသနာတည်နေတဲ့ မိသားစု ဖြစ်နေမှာပဲ။

မိမိကိုယ်တိုင်
သီလလည်း မရှိဘူး
သမာဓိလည်း မရှိဘူး
ပညာလည်း မရှိဘူး
သတိပဌာန်လည်း မပွားများဘူးဆိုရင်
အပြင်မှာ သာသနာကြီး
နေလို လလို ထွန်းတောက်နေသော်လည်း
မိမိကိုယ်မှာ သာသနာကွယ်နေတာပဲ။

ရှုတိုင်းချမ်းသာတာ သူတော်ကောင်းတရားပဲ
------------------------------------
   
ရှုမှတ်ပွားများတဲ့ သူတွေဟာ
သူတော်ကောင်းတရားတွေ
ရင်မှာကိန်းအောင် ပြုလုပ်နေတာ။

မြင်တိုင်း ကြားတိုင်း နံ့တိုင်း စားတိုင်း ရှုမှတ်နေတော့ 
လောဘ ဒေါသ မောဟတွေ ဝင်ခွင့်မရဘူး။

နှလုံးသားမှာ----
သတိတွေ ဝီရိယတွေ သမာဓိတွေ ပညာတွေ
တဖြည်းဖြည်းအားကောင်းလာတယ်။

နိဗ္ဗာန်ကိုပို့မယ့် ကလျာဏမိတ္တတွေ
ရင်ထဲမှာ ကိန်းအောင်းနေတယ်။
    
လောဘ ဒေါသ မောဟတွေ နည်းသွားပြီး
"သတိ ပညာ"တွေ အားကောင်းလာတော့
စိတ်ချမ်းသာတယ်။ 

သူတော်ကောင်းတရားက
စိတ်ကိုချမ်းသာစေတယ်။
သံသရာမှာလည်း ချမ်းသာစေတယ်။
ချမ်းသာဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုလည်း ရောက်စေနိုင်တယ်။
ရှုမှတ်ပွားများနေရတဲ့ အကျိုးတွေနော်--------။

* မြစိမ်းတောင်ဆရာတော်
            🙏🙏🙏

Credit..

Thursday, January 12, 2023

အလှူသုံးမျိုးအကျိုးပေးပုံ

အလှူသုံးမျိုး အကျိုးပေးပုံ
=================
အရှင်ဘုရား၊ ဆရာကြီး မင်းယုဝေမှတဆင့် ဦးအုန်းမြင့် မေးမြန်းသည်မှာ-
(က) စေတီဘုရား တည်ဆောက်လှူဒါန်းသည့်ကုသိုလ်။
(ခ) ကျောင်း၊ သိမ်၊ ဇရပ် စသည်ကို တည်ဆောက်လှူဒါန်းသည့်ကုသိုလ်။
(ဂ) ရှင်ပြု ရဟန်းခံ၍ လှူဒါန်းသည့်ကုသိုလ်များလည်း အကျိုးပေးပုံ မည်သို့ထူးခြားသည်ကို ရှင်းလင်းပေးတော်မူ ပါရန် တဆင့် မေးမြန်းထားပါသည်။
(ကိုအုန်းမြင့်-ရွှေကူမြို့၊ ကချင်ပြည်နယ်)

(ဖြေ)
ဤမေးခွန်း၏အဖြေမှာ ကျယ်ပြန့်လှပါသည်။ အကျဉ်းချုပ်၍သာ ဖြေပါမည်။
(က) စေတီဘုရားတည်မှုနှင့် ပတ်သက်၍ အင်္ဂတေများ၊ အုတ်များ၊ ရွှေသင်္ကန်းများကပ်၍ (ရွှေချ၍) အမြဲအစွဲ တည်ထားပူဇော်ကြသော စေတီများကို မဆိုထားဘိ-
သဲပုံစေတီတည်၍ ပူဇော်ရသော အကျိုးသည်ပင် အလွန်ကြီးမားလှပါသည်။ ဝိပဿီမြတ်စွာဘုရား ပရိနိဗ္ဗာန် စံသွား၍ မမီလိုက်သော ဟိမ၀န္တာရသေ့တပါးသည် ချောင်းရိုးထဲတွင် သဲပုံစေတီတည်၍ ဘုရားအုတ်၊ ဓာတ်တော် ဌာပနာထားသော စေတီအမှတ်ဖြင့် တောပန်း၊ တောင်ပန်းတို့ဖြင့် အမြဲပူဇော်လေ၏။ ထိုကောင်းမှုကြောင့် လူ့ပြည်၊ နတ်ပြည် အစုန်အဆန် စည်းစိမ်ခံစား၍ သိကြားမင်း၊ စကြာမင်းအဖြစ် အကြိမ်များစွာဖြစ်ပြီး ဂေါတမဘုရားရှင်လက်ထက်၌ အဘိညာဏ် ၆-ပါးနှင့် ပြည့်စုံသော ရဟန္တာဖြစ်ရလေ၏။
(အပါဒါန်၊ ဋ္ဌ-ဒု-၈၇)

ထို့ပြင် ဝိပဿီဘုရားလက်ထက်မှာပင် ဟိမ၀န္တာ ကုက္ကုရတောင်အနီး ရသေ့ကျောင်း၌ နေထိုင်သော တပည့်ငါးထောင်တို့၏ ဆရာရသေ့ကြီးသည် ရောဂါကြောင့် ဘုရားထံ မသွားနိုင်သဖြင့် ဂုဏ်တော်ကို ကြည်ညို၍ ပန်းစေတီပြုကာ ဝိပဿီဘုရားအား ရည်မှန်း၍ ပူဇော်လှူဒါန်းလေ၏။ ထိုကောင်းမှုကြောင့် ဗြဟ္မာ့ပြည်၌ ဖြစ်ရပြီး ဂေါတမဘုရားလက်ထက်၌ ပုပ္ဖထူပိယထေရ် (ပန်းစေတီတည်ထားပူဇော်သော မထေရ်) ဟု ကျော်ကြားသော ရဟန္တာဖြစ်လေသည်။

သဲပုံစေတီ၊ ပန်းစေတီများပင် ဤမျှ အကျိုးကြီးလျှင် ထူးကဲစွာ ပူဇော်နိုင်သမျှ ထူးကဲစွာ အကျိုးပေးမည်သာ ဖြစ်ပါသည်။

(ခ) ကျောင်း၊ သိမ်၊ ဇရပ် လှူရခြင်းအကျိုးများ
မင်းကွန်းတိပိဋက ဆရာတော်ကြီး ရေးသားသော အပါဒါန်လာ ကျောင်းလှူရခြင်းအကျိုးများ-
သုံးတန်စေတနာ၊ ညီညွတ်စွာဖြင့်၊ မဟာသာသနိက၊ ဝိဟာရကျောင်း၊ တန်ဆောင်းအလှူ၊ ဆောက်လှူသူတို့၊ ကြီးထူကဲဝှန်၊ ကျိုးရ ဟန်ကို၊ ကျမ်းဂန်ထောက်ချင့်၊ နိဒါန်းဖွင့်သော်-

၁) နတ်နှင့်လူ၀ယ်၊ သန္ဓေတွယ်၍၊

(၂) လိုဖွယ်မတ၊ ဆောက်အုံရ၏၊

(၃) မထကြက်သီး၊ ကိုယ်လည်းမလှုပ်၊ ကြောက်ရုပ်မထင်၊ ထိတ်လန့်စင်၏၊

(၄) ခြင်္သေ့သစ်ကျား၊ သားရဲများနှင့်၊ ဖမ်းစားကလူ၊ နှိပ်စက်မူသား၊ တောသူဘုတ်ပြိတ်၊ အဆိပ်ထန်ပြင်း၊ မြွေနှင့်ကင်းက၊ အဆင်းဖောက်ပြန်၊ ကုမ္ဘာန်ရက္ခိုသ်၊ နတ်မိုက်ရန်ပေါင်း၊ ဘေးလွတ်ရှောင်း၏၊

(၅) မကောင်းအိပ်မက်၊ မမြင်မက်ဘူး၊

(၆) ထင်လျက်သတိ၊ ခိုင်မြဲဘိ၍၊ ဝိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း၊ ရူးသွပ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း၊ ကျိုးဆက်ကောင်း၏၊

(၇) နောက်နှောင်းဘ၀၊ ပစ္ဆိမ၀ယ်၊ ဂုဏကဲပို၊ အရဟတ္တဖိုလ်ဟု၊ ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည်၊ ဆောက်ဦးလှူကျိုး ခုနစ်တည်း။

တဖန် ကျောင်းလှူကျိုး ၈-ပါး
ရွှေဘုံပေါ်ပေါက်၊ ထိတ်ကြောက်လန့်ကင်း၊ ဘေးရန်ရှင်းပျောက်၊ မခြောက်ယက္ခ၊ ပါပမမက်၊ ဘ၀ဆက်သိ၊ မြဲသတိသည်၊ မှတ်ဘိကျောင်းလှူရှစ်မျိုးတည်း။

(ဂ) ရဟန်းခံ ရှင်ပြုအကျိုးများမှာ-
အထူးသဖြင့် သပိတ်၊ သင်္ကန်း စသော ပရိက္ခရာများကို လှူဒါန်းသဖြင့်
ရွှေသို့အဆင်း၊ ညစ်ကြေးကင်း၍၊ ရောင်၀င်းထိန်ပ၊ နူးညံ့လှ၏၊ မကသိန်းဖိုး၊ ပုဆို ရလေ၊ ညို,ရွှေ,ဖြူ,နီ၊ ဤရှစ်လီနှင့်၊ ကြီးလင့်ကံအား၊ ယောက်ျားဖြစ်ဘိ၊ ဧဟိဘိက္ခု၊ သဗ္ဗညုတ၊ ခေါ်ပြုမြွက်ဟ၊ မိန်းမဘ၀၊ လက်ခတသိန်း၊ တွက်ကိန်းတန်ဖိုး၊ ကိုးကုဋေမျှ၊ လေးလအချိန်၊ ပန်းတိမ်ငါးရာ၊ မှန်စွာလုပ်ရ၊ မဟာလတာ၊ ခေါ်တန်ဆာကို၊ ၀တ်ကာဆင်မြန်း၊ မြတ်ရွှေကျမ်း၀ယ်၊ ဤတဆယ်၊ မှတ်ဖွယ် သင်္ကန်းလှူကျိုးတည်း။
(အပါဒါန်နှင့် ဓမ္မပဒ)

အဘိဓမ္မာအဋ္ဌကထာ၌ အဘိဓမ္မာ၊ ကျမ်းအလာကား၊ ကောင်းစွာအဆင်း၊ ကောင်းခြင်းအသံ၊ တတန်အနံ့၊ မွှေးပျံ့လှိုင်စွာ၊ ရသာဘောဂ၊ သုံးဆောင်ရလျက်၊ ဖဿကိုယ်မှာ၊ နူးညံ့စွာနှင့်၊ ပမာဂွမ်းလား၊ ကင်းငြားအနာ၊ ချမ်းသာသုခ၊ ဤခြောက်၀ကို၊ နိစ္စမလွဲ၊ စံရမြဲ။

သပိတ်လှူရကျိုး-
ရွှေငွေပတ္တမြား၊ သုံးပါးခွက်ရ၊ ဘယကင်းလေ၊ သူရိုသေ၏။ များထွေလောဘ၊ ဘောဂမပျက်၊ စိတ်လက်တည်ကြည်၊ လိုသည်တရား၊ ခေါင်းပါးကိလေ၊ ဤဆယ်ထွေသည်၊ ပတ္တေသပိတ် လှူကျိုးတည်း။

ရှင်ပြုရဟန်းခံပွဲ၌ ဆွမ်းအာဟာရ လှူဖွယ်အမျိုးမျိုးတို့အတွက်လည်း သီးသန့်အကျိုးများစွာ ရှိပါသေး၏။ နောက်ဆုံး နိဗ္ဗာန်တိုင်ထိ အကျိုးများစွာ ရနိုင်ပေ၏။

ဓမ္မရံသီမှတဆင့်

ငါ့အတွက်ဘာရှိသလဲ

.
       ❝ ငါ့အတွက်ဘာရှိသလဲ ❞ 
           ༺⚜❈⚜❈⚜❈⚜❈⚜༻

. ငါ့အတွက်ဘာရှိသလဲ ဆိုတော့ …

. ❝ ကံ ❞ အမွေပဲ ရှိတယ် … !

. ဒို့ ကံအမွေက ကိုယ်သွားရာ ပါမှာထင်တယ် … !

. သွားရာအမြဲပါမှာ မကွဲဘူးဗျ … !

. ကိုယ်သေလို့ရှိရင်   သားသမီးတွေက   လိုက်မယ်တဲ့လား … ?

. လိုက်မှာက ဘယ်သူတဲ့တုန်း … ?

. သားတွေသမီးတွေ အပိုင်ထင်မနေကြနဲ့ … !

. ထားခဲ့ရမှာနော် … !

. သားတွေ, သမီးတွေ မဆိုထားနဲ့ ကိုယ့်ကိုယ်ကြီးတောင် ထားခဲ့ရမှာ ယူသွားလို့ မရဘူး … !

. ဒါဖြင့် စာရင်းစစ်လိုက်တော့ ကိုယ်နဲ့ မကွဲတာဟာ  ကံပဲ ရှိတယ် … !

. အဲ့ တော့ ငါ့ဥစ္စာက ဘာရှိသလဲဆိုတော့ ကံပဲ ရှိတယ် … !

. ရှိနေတဲ့ ရွှေငွေတွေ, ပစ္စည်းတွေကရော ကိုယ့်နောက် ပါမတဲ့လား … ?

. ပြီးတော့ ရှိနေတဲ့ ညီအကိုမောင်နှမ, ဆွေမျိုးတွေကလည်း ဒီကနေ့ မတည့်ရင် ဒီကနေ့ ရန်သူပဲ … !

. မတည့်တဲ့နေ့ မိတ်ဆွေ မဖြစ်ဘူး … !

. ❝ ကံ ❞ ကတော့ မိတ်ဆွေနော် … !

. ဒါကြောင့် မိတ်ဆွေစစ်သည် ❝ ကံ ❞ ပဲ … !

. ကိုယ်ဘယ်လိုကြီး ဖြစ်နေနေ ❝ ကံ ❞ ကတော့ ခွဲသွားတာလည်း မရှိဘူး … !

. ပြတ်စဲကြောင်း ကြေငြာတာလဲ မရှိဘူး … !

. အမြဲပါမှာ … !

. ကိုယ်လုပ်တဲ့  ကောင်းတဲ့  ❝ ကံ ❞ အတိုင်း  နတ်ပြည်တက်မယ့်  ပုဂ္ဂိုလ်ကို  ဘုရားက  ဝင်ဆွဲချလို့  မရဘူး … !

. သိကြားက ဝင်ဆွဲချလို့ မရဘူး … !

. ကိုယ်လုပ်တဲ့ မကောင်းတဲ့ ❝ ကံ ❞ အတိုင်း ငရဲ,  ပြိတ္တာ, တိရစ္ဆာန်, အသူရကာယ်သွားမယ့် ပုဂ္ဂိုလ်ကို ဘုရားက ဝင်တားလို့ မရဘူး … !

. သိကြားက ဝင်တားလို့ မရဘူး … !

. ကိုယ်လုပ်တဲ့ ❝ ကံ ❞ အတိုင်းသွားကြရမှာ … !

. ကျုပ်တို့ အခု စာရင်း စစ်ကြည့်လိုက်ရင် ကောင်းကံ  ❝ မ ❞ ဖို့  ပေါ်ပါ့မလား … ?

. ဆိုးကံက ❝ ချ ❞ ဖို့ များတယ်နော် … !

. ကိုယ့်ကိုယ်ကို အထင်ကြီး မနေကြနဲ့ … !

. ကောင်းတာလုပ်လုပ်, ဆိုးတာလုပ်လုပ်, အကြံနဲ့ လုပ်လုပ်, အပြောနဲ့ လုပ်လုပ်, ကိုယ်ထိလက်ရောက်လုပ်လုပ် ကိုယ်လုပ်တဲ့ ❝ ကံ ❞ ဟာ …

. ❝ ကိုယ့်အမွေ ❞ ပဲလို့ မှတ်လိုက်ပါ … ❗

👑. မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး 

🌼. ချမ်းမြေ့သာယာရှိကြပါစေ … 🌾

Credit … Original Uploader.

လူသက်နှင့်နတ်သက်နှိုင်းယှဉ်တွက်ချက်ကြည့်ခြင်း

"လူသက်နှင့်နတ်သက်နှိုင်းယှဉ်တွက်ချက်ကြည့်ခြင်း"

တာဝတိ ံသာ(၁)ရက်ဟာ၊ လူ့ပြည်နှစ်(၁၀၀)နဲ့ညီ
တယ်လို့ဆိုပါတယ်။ 
တာဝတိ ံသာရဲ့နတ်သက်က၊ နှစ်(၁၀၀၀) ရှိတယ်
လို့ဆိုပါတယ်။
အဖြစ်အပျက်ကလေးတွေတွက်ကြည့်ကြရအောင်။

မြတ်စွာဘုရားတာဝတိ ံသာနတ်ပြည်တက်ပြီးတော့
မယ်တော်နတ်သားကို၊ အဘိဓမ္မာတရားဟောတာ၊
လူတို့အချိန်ကာလနဲ့ဆိုရင်၊ (၃)လကြာတယ်ဆို
တော့၊ တာဝတိ ံသာနတ်တို့ရဲ့အချိန်ကာလအား
ဖြင့်(၃) မိနစ်နဲ့(၃၆)စက္ကန့်ပဲကြာပါတယ်။

မြတ်စွာဘုရားပရိနိဗ္ဗာန်စံသွားတာ၊ လူ့ပြည်မှာသာ
သနာနှစ်အနေနဲ့နှစ်ပေါင်း(၂၅၆၄)နှစ်ရှိပါပြီ။ တာ
ဝတိ ံသာနတ်ပြည်ကနေကြည့်ရင်(၂၅)ရက်(၁၅)
နာရီ(၂၁)မိနစ်(၃၆)စက္ကန့်ပဲရှိပါသေးတယ်။( ၁)
လတောင်မပြည့်သေးပါဘူး။

စာတုမဟာရာဇ်နတ်(၁)ရက်လူ့ပြည်နှစ်(၅၀)
နတ်သက်တမ်းနှစ်(၅၀၀)ရှိတာမို့၊ လူ့ပြည်သက်
တမ်းနဲ့တွက်ရင်(၁၂)လတစ်နှစ်(၃၀)ရက်တစ်လ
နဲ့တွက်လိုက်ရင်၊ လူ့သက်တမ်းနှစ်ပေါင်း(၉)သန်း
နဲ့ညီတယ်။
(၅၀x၁၂x၃၀x၅၀၀=၉၀၀၀၀၀၀)

တာဝတိ ံသာနတ်(၁)ရက်လူ့ပြည်နှစ်(၁၀၀)၊
နတ်သက်တမ်းနှစ်(၁၀၀၀)ရှိတာမို့၊ လူ့ပြည်သက်
တမ်းနဲ့တွက်ရင်၊ လူ့သက်တမ်း(၃)ကုဋေ(၆)သန်း
နဲ့ညီတယ်။
(၁၀၀x၁၂x၃၀x၁၀၀၀=၃၆၀၀၀၀၀၀)

ယာမာနတ်(၁)ရက်၊ လူု့ပြည်နှစ်(၂၀၀)၊ နတ်သက်
တမ်း(၂၀၀၀)ရှိတာမို့၊ လူ့ပြည်သက်တမ်းနဲ့တွက်
ရင်၊ လူ့သက်တမ်း(၁၄)ကုဋေ (၄) သန်းနဲ့ညီတယ်။
(၂၀၀x၁၂x၃၀x၂၀၀၀=၁၄၄၀၀၀၀၀)

တုသိတာနတ်(၁)ရက်၊ လူ့ပြည်နှစ်(၄၀၀)နတ်သက်
တမ်း(၄၀၀၀)ရှိတာမို့၊ လူ့ပြည်သက်တမ်းနဲ့တွက်
ရင်၊ လူ့သက်တမ်း(၅၇)ကုဋေ(၆)သန်းနဲ့ညီတယ်။
(၄၀၀x၁၂x၃၀x၄၀၀၀=၅၇၆၀၀၀၀၀၀)

နိမ္မာနရတိနတ်(၁)ရက်၊ လူ့ပြည်နှစ်(၈၀၀)နတ်သက်
တမ်း(၈ဝ၀၀)ရှိတာမို့၊ လူ့ပြည်သက်တမ်းနဲ့တွက်
ရင်၊ လူ့သက်တမ်း(၂၃၀)ကုဋေ(၄)သန်းနဲ့ညီတယ်။
(၈၀၀x၁၂x၃၀x၈၀၀၀=၂၃၀၄၀၀၀၀၀၀)

ပရနိမ္မိတဝဿဝတီနတ်(၁)ရက်၊ လူ့ပြည်နှစ်(၁၆၀၀)
နတ်သက်တမ်း(၁၆၀၀၀)ရှိတာမို့၊ လူ့ပြည်သက်တမ်း
နဲ့တွက်ရင်၊ လူ့သက်တမ်း(၉၂၁)ကုဋေ(၆)သန်းနဲ့
ညီတယ်။
(၁၆၀၀x၁၂x၃၀x၁၆၀၀၀=၉၂၁၆၀၀၀၀၀၀)

လူ့ပြည်နဲ့နတ်ပြည်တို့ကို၊ သက်တမ်းချင်းနှိုင်းယှဉ်
တွက်ချက်ရာမှာ"နေ့၂ဆဖြစ်၊ နှစ်၂ဆတွက်၊ ၄ဆတက်၊ မှတ်ချက်တစ်မျိုးတည်း"
နေ့၂ဆဖြစ် =စာတုမဟာရာဇ်နတ်၁ရက်= လူ
                 နှစ် ၅၀
                တာဝတိ ံသာနတ်၁ရက် =လူ
                နှစ် ၁၀၀
                ထို့ကြောင့်နေ့ရက်အားဖြင့်၂ဆဖြစ်၏
နှစ်၂ဆတွက်=စာတုမဟာရဇ်နတ်သက်=နှစ်၅၀ဝ
                 တာဝတိ ံသာနတ်သက် =နှစ်၁၀၀၀
                ထို့ကြောင့်သက်တမ်းနှစ်၂ဆတွက်ရ၏
သို့ရာတွင်နေ့တာ(Duration of day)မတူ
သဖြင့်၊ တာဝတိ ံသာနတ်၏အသက်သည်၄ဆတက်
(စတုဂ္ဂဏ)ဖြစ်သည်။

စိတ်ပါဝင်စားသောဓမ္မမိတ်ဆွေများအတွက်၊ အဘိ
ဓမ္မာသင်ရိုးမှကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

( ဤကောင်းမှုကြောင့်၊ ဉာဏ်ရည်ထက်မြတ်ရပါလို၏)

Credit.  U myo Myint

အရက်ကိုဆေးဝါးအဖြစ်သောက်သုံးရင် သီလပျက်ပါသလား

🟣အေးသောနိုင်ငံတွေမှာအရက်ကိုဆေးဖြစ်ဝါးဖြစ်သောက်သုံးရင်စောင့်တည်ထားသောသီလပျက်ပါသလားဘုရား?🍷

⚜️ဖားအောက်ဆရာတော်ကြီးအဖြေတော်🪷🌿

မေးတဲ့သူကသောက်နေတယ်ဆိုတာ ဘုန်းကြီးလည်း နားလည်ပါတယ်။ (ရယ်တော်မူလျက်)

ဒီဥစ္စာနှင့်ပတ်သက်လို့ ဘုန်းကြီးတို့ ဘွဲ့တော့မေ့နေပါပြီ ရဟန္တာမထေရ်တစ်ပါးပဲ (အရှင်ပိလိဏ္ဍဝစ္ဆမထေရ်)
၏ ခေါင်းမှာ ဦးရင်းနာဆိုတာ ဖြစ်ပေါ်လာပါတယ်။

ဒီ ဦးရင်းနာဆိုတာကို ဘုန်းကြီးတို့ အခုထိမသိပါဘူး၊ ရှေးဆရာတော်ကြီးတွေ ဘာသာပြန်ပဲနော် . . .

အဲဒီ ဦးရင်းနာက ဘာနဲ့ကုမှ ပျောက်သလဲဆိုတော့ . . .ဆီကိုချက်လိုက်ရတယ်။ ဆီချက်ပြီးတဲ့အခါ အရက်နည်းနည်းထဲ့ရတယ်။ အဲဒါကို မှီဝဲမှသာ ဒီရောဂါက ပျောက်ကင်းတယ်။

အဲဒီတော့ ဒီရောဂါပျောက်ရေးအတွက် အရက်ပါနေတဲ့ အတွက် သုံးစွဲသင့်၊ မသုံးစွဲသင့်။

မြတ်စွာဘုရားကို တင်ပြလျောက်ထားတော့ ဘုရားရှင်က . . .

အဆင်း၊ အနံ့၊ အရသာ မထင်ရှားလျင်သောက်သုံးပါဆိုပြီး ခွင့်ပေးထားတယ်။

ဒါက မထင်ရှားတဲ့ဟာ . . .

ထင်ရှားတာကိုတော့ မဆိုလိုဘူးနော် . . .

ခုနက အမေးကိုတော့ ထင်ရှား၊ မထင်ရှာ ကိုယ့်ကိုကိုယ်ဆုံးဖြတ်။ 

ထင်ရှားပါလျက် ဒါမထင်ရှားပါဘူးလို့တော့ သွားမလုပ်နဲ့ (ရယ်တော်မူလျက်)

နောက်တစ်ခု . . .
ဟင်းတွေပေါ့ . ဟင်းတွေထဲမှာ ပြဿနာက ဘုန်းကြီးသိသလောက်ပေါ့နော် .

ဝက်အူချောင်းဘယ်လိုလုပ်သလဲဆိုတာကို မေးကြည့်လိုက်တော့ သူက အရက်နဲ့နယ်နေလှန်းထားတော့မှ ပိုးတွေဘာတွေ မတက်ပဲတာရှည်ခံတယ်။

ဝက်အူချောင်း စားသင့်၊ မစားသင့်ဆိုတာ . . .

အာဟာရနှင့်ပတ်သက်လို့ ဘုရားရှင်ထံတင်ပြလျောက်ထားတော့ ဟင်းထဲမှာ ရောထားသော်လည်း အရက်၏ အဆင်း၊ အနံ့၊ အရသာ မထင်ရှားခဲ့လျင် စားခွင့်ကို မြတ်စွာဘုရား ခွင့်ပြုထားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ရဟန်းတွေက ဆွမ်းခံတော့ လူတွေလောင်းသည့် အစာ၊အာဟာရကို စားရတာ။

ဒီအစာ အာဟာရထဲမှ တချို့ကအရက်တွေထည့်ပြီးချက်တာ ရှိတယ်။

ရှိတော့ ဘယ့်နှယ့်လုပ်မလဲဆိုတော့ ...
လောင်းသည့်အထဲ အရက်ပါလားမသိ၊ မပါလားမသိ။

အရက်၏ အဆင်း၊ အနံ့၊ အရသာ မထင်ရှားခဲ့လျင်
စားခွင့်ကို မြတ်စွာဘုရား ခွင့်ပြုထားပါတယ်။

အဲ့ဒါကြောင့် ကိုယ်ကိုကိုယ့် ဆုံးဖြတ်တော့ပဲ နော် . . .

ကျေးဇူးတော်ရှင်ဖားအောက်ဆရာတော်ကြီး🪷🙏🌿
အမေး & အဖြေ တရားတော်

Credit 🙏🌿
#ပြန်လည်မျှဝေပူဇော်ပါသည်🙏🙏🙏

ငါးပါးသီလတော့လုံပါ

🔹 ခုခေတ်မှာတော့ 
  ဒါနကိုပြုရမှာ  သိပ်ဝန်မလေးဘူး၊
  ငါးပါးသီလထိန်းရမှာတော့
  တော်တော့်ကို  ဝန်လေးတယ်။
  ဝေးဝေးမဟုတ်ပါဘူး  ဘုန်းကြီးတို့ ဘာတို့ကို 
  ဆည်းကပ်ပြီးတော့နေတဲ့ 
  အစိတ်အပိုင်းကတောင်
  သူတို့ကြည့်တော့ သူတော်ကောင်း
  ဘုန်းကြီးတို့ကို  ဆည်းကပ်လို့
  ငါးပါးသီလကို  စျေးဆစ်ချင်ကြတယ်။

  ဘုန်းကြီးကို ကြည်ညိုတယ်ဆိုရင်
  ငါးပါးသီလလောက်ကတော့ ခိုင်ခိုင်မာမာကို
  ထိန်းထားမှ  အကြည်ညိုခံချင်တယ်။
  ဘာဖြစ်လို့တုန်းလို့ဆိုတော့  ဘုန်းကြီးက
  အရှည်လျှောက်တွေးတယ်ပေါ့လေ၊

  ဒို့, ဘုန်းကြီး ကြည်ညိုလိုက်တာ၊
  ဘုန်းကြီး  အကြည်ညိုမှားလာလို့
  ဘုန်းကြီးက ဒို့ကို  သိပ်ပြီးမဆုံးမတာနဲ့
  ဒီဘဝကြတော့ …
  ဒို့ အောက်တန်းကျသွားတယ် လို့
  ဒီလိုအဖြစ်မခံနိုင်ဘူးလေ။
  
  ဒီတော့ 
  မကြည်ညိုချင်ရင်  နေတာကောင်းတယ်၊
  ကြည်ညိုချင်လို့ရှိရင်တော့
  ဘဝပြောင်းသွားတဲ့အခါမှာ  ဂတိလွဲရင် ဘုန်းကြီးတို့မှာ  တာဝန်ရှိတယ်။

  ဒီတော့,  ငါးပါးသီလလောက်ကတော့
  နှစ်နှစ်ကာကာကြီးကို  ထိန်းရမယ်။
  နှစ်နှစ်ကာကာကြီး၊  စိတ်ပါလက်ပါကြီး၊
  ဝမ်းမြောက်ဝမ်းသာကြီးကို  ထိန်းရမယ်။
  အဲဒီလိုပုဂ္ဂိုလ်တွေက  ဂတိမလွဲဘူး။

  တွေးကြည့်လိုက်တော့, 
  ငါ သဒ္ဓါတရားကလဲ  အမှန်ကောင်းတယ်၊
  ကံ ကံ၏အကျိုးကို  သိပ်ယုံကြည်တာ၊
  သီလကလည်း ကောင်းတယ်၊
  ဥပုသ်သီတင်းတော့ အမြဲမစောင့်နိုင်ဘူး၊
  လပြည့် လကွယ်တောင် မမှန်ဘူး၊
  ထားလိုက်တော့။
  ငါးပါးသီလတော့ ဘယ်တော့မှ မပျက်ဘူး၊၊

  နတ်ဗြဟ္မာနန်း, ကပ်ခါမြန်းဘို့၊
  အစွမ်းလောက်လုံ, ထိုကဲသို့သော
  ကျေးဇူးဂုဏ်တို့သည်၊
  ဘုရားအကြိုက် တရားလိုက်၍,
  အားစိုက်နစ်လို့, ဤငါ့ကိုယ်မှာလည်း၊
  အမြဲမပြတ် သတိချပ်၍ ရှိကြပေကုန်၏။
  ဒါမှ  ဝမ်းမြောက်စရာကောင်းတယ်။

🔹 သေမှာ, ကြောက်တယ်
  ကြောက်တယ်ဆိုတာ   တကယ်တော့
  သေမှာကြောက်တာ မဟုတ်ဘူး။
  သေတာကလည်း 
  ဘယ်လောက်မှ ကြာတာမဟုတ်ဘူး။
  သေပြီးတော့ 
  ဟိုမှာဖြစ်ရမှာတွေ  ကြောက်နေတာ၊
  လက်ရှိပစ္စည်းတွေလို မရှိပဲနေမှာ
  အဲဒါ  ကြောက်တာ၊၊

  သေပေမယ့်လို့လေ ဟိုဘက်ကြလို့ရှိရင်
  ဒီထက်သာမယ်ဆိုရင်,  
  အို …  သေ,  နှစ်ခါသေ,  သုံးခါသေ,
  ဆယ်ခါသေ  ဘာအရေးကြီးလိမ့်မတုန်း၊

  ဘုန်းကြီးက တာဝန်ခံတယ်၊
  ငါးပါးသီလကိုသာလုံပါ၊ 
  ခုလောက် သဒ္ဓါတရားတွေနဲ့ဆိုရင်
  အင်မတန်ကို စိတ်ချရပြီ၊ 
  ငါးပါးသီလသာလုံလေ 
  ငါးပါးသီလကျ   မလုံဘူးဆိုရင်တော့
  ဘယ်သူ့အတွက်မှ  တာဝန်ခံလို့မဖြစ်ဘူး။
.
.
.        { မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး }
                        🙏 🙏 🙏 
.
.   [ “ဘဝနေနည်း”တရားတော်မှ ပူဇော်ပါသည် ]

Tuesday, January 3, 2023

ကံကောင်းချင်လာပြီ ဆိုမှဖြင့်

ကံကောင်းချင်လာပြီ ဆိုမှဖြင့်
•••••••••••••••••••••••••••••

လူတစ်ယောက်သည် ကံကောင်းချင်လာပြီဆိုလျှင်…

စိတ်တည်ငြိမ်လာခြင်း စိတ်ရှုပ်ထွေးမှု ကင်းကာ စိတ်များကြည်လင် လန်းဆန်းလာခြင်း စသော လက္ခဏာများ ဖြစ်ပေါ်လာလေ့ ရှိပါသည်။ 

၄င်းစိတ်ကို ယေဘုယျအားဖြင့် 
ကောင်းစိတ်ဟု သတ်မှတ်နိုင်ပါသည်။ 

ထိုစိတ်မျိုး ၀င်လာလျှင် "ငါတော့ ကံကောင်း တော့မယ်။ ဒီစိတ်ဟာ ကောင်းကံပြုလုပ်ဖြစ်ဖို့ အကြောင်းခံစိတ်ပေပဲ" ဟု သဘောထားကာ

ထိုစိတ်ကို ပျောက်ပျက်မသွားရအောင် ထိန်းထားပြီး ကောင်းမှုတစ်ခုခုကို ပြုလုပ် ဖြစ်အောင်သာ ကြိုးစားလုပ်ဆောင်ယူရမည် ဖြစ်သည်။ 

ထို့အပြင် အများဆုံး ပြုလုပ်ဖြစ်လေ့ရှိသည့် လေ့ကျင့်နေစရာ အထူးမလိုသော 

သမားရိုးကျ မကောင်းကံဘက်သို့ ပြန်ပြောင်း နောက်ကြောင်း ပြန်မလှည့်မိစေရန်လည်း
အထူးသတိထားရန် လိုအပ်ပါသည်။

လှူချင်တန်းချင် စိတ်ပေါက်လာလျှင် 
ငါ ကံကောင်းလာပြီ ။ ဒီကံလေး အထမြောက်အောင် ငါ လှူပေးဦးမှ"

သီလဆောက်တည်ချင်စိတ် ပေါက်လာလျှင် "ငါကံကောင်းလာပြီ။ သီလလေး ဆောက် တည်ပြီး နေဦးမှ"

ဘုရားရှိခိုးချင်စိတ် ပေါက်လာလျှင် "ငါ ကံကောင်းလာပြီ။  ဘုရားရှိခိုးပြီးတော့ ပူဇော်လိုက်ဦးမှ"

ဘာဝနာကမ္မဋ္ဌာန်း ပွားများချင်စိတ် တရား
အားထုတ်ချင်စိတ်ပေါက်လာလျှင် 

"ငါ ကံကောင်းလာပြီ။ ပွားများဖြစ်အောင် ပွါးများလိုက်ဦးမှ။ အားထုတ်ဖြစ်အောင် အားထုတ်လိုက်ဦးမှ"

စသည်ဖြင့် ကောင်းကံများ အထမြောက် အောင်မြင်စေရန် ကြိုးစားလုပ်ဆောင်ရမည် ဖြစ်သည်။

ကောင်းစိတ်များပေါ်လာပြီး ကောင်းကံ
များကို ပြုလုပ်အားထုတ်ဖြစ်လျှင် 

အခွင့်အရေးကောင်း အခြေအနေကောင်းများ ရလာပြီဟု မှတ်ယူရမည်ဖြစ်ပြီး …

၎င်းအခွင့်ကောင်း အခြေအနေကောင်းများကို လက်မလွတ်စေရန် လွန်စွာအရေးကြီးပါသည်။

တက္ကသိုလ်ဂုဏ်ရည် အရှင်ဥတ္တမသာရ

ရိုသေလေးမြတ်စွာ မျှဝေပူဇော်ပါသည်ဘုရား
🙏🙏🙏🌷☘🙏

မရဏသန္နဇော

လူတွေ မသေခင်လေးမှာ အိပ်မက် မက်သလို အာရုံတွေ ထင်လာတတ်တယ်။ 

သေခါနီးမှာ စောနေတဲ့ ဇောကို မရဏသန္နဇော လို့ခေါ်တယ်။
အဲ့ဒီသေခါနီးဖြစ်တဲ့ စိတ်ထဲမှာ အာရုံ တခုပေါ်လာတယ်။ ဘယ်သူ့ကြောင့် ပေါ်လဲဆိုရင် ကံရဲ့စွမ်းအားကြောင့် ပေါ်တယ်။ လူ့ပြည်မှာ.ဖြစ်မယ်ဆိုရင် ဒီအိမ်မှာ.မွေးမယ်ဆိုရင် မသေခင်လေး သေငယ်ဇော နဲ့ မျောနေတဲ့ အချိန်လေးမှာ အိမ်က ဝင်းနဲ့ ခြံနဲ့၊ ဥယျာဥ်နဲ့ အလွန်သာယာတဲ့ အဲဒီအိမ်ထဲ ရောက်သွား ပြီ..အိမ်ပေါ်တက်သွားတယ်လို့ အိပ်မက်မက်သလို စိတ်ထဲ မှာ မြင်ပြီးတော့ သေသွားရင် သူ အဲဒီအိမ်မှာ ဖြစ်မှာပေါ့။
မီးပုံထဲဆင်းသွားတာ အိပ်မက်လို မြင်ရင် အဲဒါ ငရဲထဲ ရောက်သွားပြီ မှတ်ပေတော့၊ တောထဲ တိရစ္ဆာန် တွေ ကြားထဲ ရောက်ပြီလို့ အိပ်မက်လို မြင့ရင်တော့ အဲဒီကောင်တွေထဲဖြစ်ပြီ၊ ဒီလို ကံ၊ ကမ္မနိမိတ်၊ ကတိနိမိတ်၊ ဒီအာရုံနိမိတ် ၃ခု ထဲက တစ်ခုခုနဲ့ သေခါနီး ထင်တဲ့ အာရုံ တွေကြောင့် ကံရဲ့စွမ်းအားနဲ့ ဘဝင်စိတ်တွေက သွားနေကြတယ်၊ သေသည်အထိပဲ၊ အပြောင်းလဲ မရှိဘူး၊ ပဋိသန္ဓေ စိတ်၊ ဘဝင်စိတ် ၊စုတိစိတ်ကို ကံကပေးလိုက်တဲ့ အတိုင်းပဲ ၊ လုံးဝ ပြောင်းလို့မရဘူး၊ ဒါကိုပဲ တစ်ဘဝတာ.လို့ခေါ်တယ်။
ပဘဿရမိဒံ ဘိက်ခဝေ စိတ်တံ....
ချစ်သားတို့.. စိတ်ကလေးဟာ ဖြူစင်နေတယ်။ ဘယ်အညစ်ကြေးနဲ့မှ မရောဘူး။ ဒါ ဘဝင်စိတ် ကို ပြောတာ၊ မူလရှိတဲ့ အာရုံ လေးနဲ့ပဲ နေတယ်လို့ ဘုရားရှင် က ဟောထားတယ်။ ဘဝင်စိတ် ကို ပြောနေတာ၊ လူတွေ ပြောတဲ့ ဘဝင်ကျတယ် မကျဘူးဆိုတာ ကြိုက်တယ်၊ မကြိုက်ဘူး ကို ပြောတာ ဒီဘဝင် ကို ပြောတာမဟုတ်ဘူး။

ဘဝင်ဆိုတာ အိပ်ပျော်နေတဲ့အချိန်မှာ ဖြစ်တဲ့ စိတ်တွေရယ် နောက် ဝီထိစိတ် မဖြစ်မီနဲ့ ဖြစ်ပြီး နောက်မှာ.ဖြစ်တဲ့ စိတ်တွေပဲ...
ဒီစိတ်လေး တစ်ခုတည်း ကိုပဲ ပဋိသန္ဓေ စိတ်လို့ ခေါ်တယ်။ ဘဝင်စိတ် လို့လည်းခေါ်တယ်။ စုတိစိတ် လို့လည်း ခေါ်တယ်...

ပဋိသန္ဓေ လို့ ဘာကြောင့် ခေါ်သလိုဆိုတော့ အတိတ်ဘဝနဲ့ ပစ္စပ္ပုန်ဘဝကို ဆက်ပေးလို့ ဘဝဟောင်းနဲ့ ဘဝသစ်ကို ဆက်ပေးတာ Relinking-Consciousness ပဋိဆိုတာ တစ်ဖန် သန္ဓိဆိုတာ ဆက်စပ်လိုက်တာ၊ ဘဝ ဟောင်းနဲ့ ဘဝသစ်ကို စပ်ပေးတာ၊ သို့မဟုတ် ပြတ်ထွက်သွားမှာပေါ့၊ သူဝင်လာလို့ ဆက်မိသွားတာလို့ ပြောတာ။
ဘဝင်္ဂ ဆိုတာ အသက်ရှင် နေဖို့ရာ အကြောင်းဖြစ်သောစိတ်၊ ဒါလေးရှိနေလို့ အသက်ရှင်နေတာ၊ ဘဝင်စိတ် ကုန်သွားရင် အသက်ရှင်တော့မှာ မဟုတ်ဘူး။ ဒါလေးပြတ်သွားရင် အသက်ရှိမှာ မဟုတ်တော့ ဘူး။ ဘဝတာ တခုလုံး ဟာ အပြီးသတ်သွားလို့..စုတိ(သေ)လို့ ခေါ်လိုက်တာ၊ အသက် ၈၀ နေရရင် အနှစ်(80)လုံး.ဖြစ်-တည်-ပျက် (ခဏငယ်) ၃ချက်နဲ့ သွားနေမှာ။
ဘဝင်စိတ်.. Mind Door လို့ခေါ်သေးတယ်..

ပါချုပ်ဘုန်းဘုန်းကြီး..အဘိဓမ္မာ ပ..ဒု.တွဲ
စာမျက်နှာ ၁၉၉.၂၀၀..🌷🙏🌷

Monday, January 2, 2023

ပစ္စုပ္ပန်အတွေ့အကြုံကိုလေ့လာပါ

ပစ္စုပ္ပန်အတွေ့အကြုံကိုလေ့လာပါ
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
ပစ္စုပ္ပန်မှာ ကြုံတွေ့နေရတာကိုပဲ
လေ့လာနိူင်တယ်။
မကြုံတွေ့သေးတာရော ကြုံတွေ့ခဲ့ပြီး
တာပါ လေ့လာလို့ မရပါဘူး။
(မဖြစ်သေးတာ၊ ဖြစ်ပြီးတာတွေကို
ကြည့်လို့ မရပါဘူး)။

🔺ဖြစ်နေတာထဲမှာ ဝင်ပါ မသွားပါနဲ့။
ဖြစ်နေတာကို သိနေဖို့လေးပဲ ကြိုးစားပါ။

သိနေတာကို ပြန်သိနေရင် 
တရားအားထုတ်နေခြင်းပဲ ဖြစ်ပါတယ်။

🔺စိတ်ကို သဘာဝအတိုင်း သူ့အာရုံသူ
ရွေးချယ်ပါစေ။
ကိုယ်က သတိ အရည်အသွေးကို 
စစ်ဆေး သိရှိနေဖို့သာ လိုအပ်တာပါ။

ကိုယ့်သတိကို ကြည့်တတ်ရင် 
သတိရှိနေတာ သေချာနေတယ်။
ခဏလောက် သတိ လွတ်သွားရင်လည်း
သတိ မရှိတာကို သိနေတယ်။

နေ့စဉ် ဘဝထဲမှာ သတိရှိဖို့ 
ခက်ခဲသော်လည်း ဒါကို စွဲစွဲမြဲမြဲ 
လုပ်သင့်ပါတယ်။
သတိရှိဖို့ နည်းနည်း 
ကြိုးစားတာနဲ့တောင်
ဘဝထဲမှာ သိသာတဲ့ ခြားနားမှု၊
ထူးခြားမှုကို အနှေးနဲ့ အမြန် ရရှိမှာပါ။

🔺ကိုယ် မြင်သင့်တယ် ထင်တဲ့ 
အာရုံတစ်ခုကို ကြည့်နေတာဟာ 
တရား အားထုတ်နေတာ မဟုတ်ပါ။
သတိပဋ္ဌာန် အားထုတ်တယ် ဆိုတာ
ကိုယ့်ဆီမှာ ဖြစ်ပေါ်နေတဲ့             
ဘယ် အာရုံကိုမဆို သတိ ထားနေရုံပါပဲ။

🔺တစ်ခုခုကို လေ့လာရင် ဒါကို               
အမျိုးအမည် မတပ်ပါနဲ့။
ငါ၊ ငါ့ဟာလို့ မယူဆပါနဲ့။
သိစရာ၊ လေ့လာစရာ၊ 
နားလည်စရာလို့ပဲ
လက်ခံလိုက်ပါ။

🔺သတိရဲ့ အလုပ်က သိနေရုံပါပဲ။
ဉာဏ်ရဲ့ အလုပ်က သင့်မသင့်
တော်မတော် ခွဲခြားပေးပါလိမ့်မယ်။

🔺ဉာဏ်ရှိနေတိုင်း သတိ ရှိနေပါတယ်။
ဒါပေမဲ့ သိနေရုံနဲ့တော့ ဉာဏ်ရှိနေပြီလို့
မဆိုနိူင်သေးပါဘူး။

အစမှာ ဉာဏ်က သတိထက် 
နည်းနည်း နောက်ကျပြီးမှ လာလိမ့်မယ်။ သို့သော် အားထုတ်ရင်း အားထုတ်ရင်း အချိန် ကြာလာတာနဲ့ အမျှ ဉာဏ်ဟာ
သတိနဲ့ တစ်ပြိုင်နက်တည်း 
ဖြစ်ပေါ်လာလိမ့်မယ်။

ဦးတေဇနိယ ရွှေဥမင်

Credit....

ချစ်ခြင်းနှင့်မေတ္တာ

မေတ္တာဆိုတာကို ချစ်ခြင်းလို့   
ဘာသာပြန်ကြတယ်။  
မပြည့်စုံဘူး၊ မလုံလောက်ဘူး၊
လိုရင်း မရောက်ဘူးလို့ ထင်တယ်။ 

ဘာလို့တုန်းဆို ချစ်ခြင်းက 
အမျိုးမျိုး ရှိတာကိုး။ 
မေတ္တာဆိုတာ ဦးပဉ္စင်းတို့ 
အကြမ်းဖျဉ်း လွယ်လွယ်
နားလည်ချင်တယ်ဆိုရင်
 "သူများကို ကောင်းစေချင်တာ မေတ္တာ။
သူများကို ချမ်းသာစေချင်တာ မေတ္တာ။"

အဲလိုဆိုရင် မေတ္တာဖြစ်အောင် 
ကြိုးစားတဲ့ နေရာမှာ 
ကိုယ်နှင့် နှိုင်းစာကြည့်ရမယ်တဲ့။ 

ဒါ မြတ်စွာဘုရားကတော့ 
အကုန် သင်တာပါပဲ။ 

မေတ္တာဆိုတဲ့ မြင့်မြတ်တဲ့ 
စိတ်ကလေးဖြစ်အောင် 
ဘာလုပ်ရမှာလဲဆိုရင် 
ကိုယ်နှင့် နှိုင်းစာရမယ်။

ဘယ်လို နှိုင်းစာရမှာတုန်း။ 
"သြော်၊ ငါသည် ဘေးရန်ကင်းချင်တယ်။ 
ငါသည် ကျန်းမာရေး ကောင်းချင်တယ်။
ငါသည် နှလုံးစိတ်ဝမ်း ငြိမ်းချမ်းချင်တယ်။ 
အဲသလိုပဲ တစ်ခြားသော 
သတ္တဝါတွေဟာလည်း 
ဘေးရန်ကင်းချင်ကြလိမ့်မယ်၊ 
ကျန်းမာရေး ကောင်းချင်ကြလိမ့်မယ်၊ 
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းချင်ကြလိမ့်မယ်"လို့ 
ကိုယ့်နှင့် နှိုင်းစာရမယ်။  

     (သစ္စာရွှေစည်ဆရာတော်)

Sunday, January 1, 2023

တွယ်တာမှုများလေဒုက္ခများလေ

တွယ်တာမူများလေ ဒုက္ခများလေ
_________________________

ဒါနကောင်းမှုပြုတဲ့အခါမှာ---
ဘာဖြစ်ချင်တယ်၊ 
ဘာရချင်တယ်ဆိုတဲ့ 
နောက်က လောဘ အကျိဓာတ်၊ 
အချွဲဓာတ်၊ အညှိဓာတ်၊ အစေးဓာတ် 
အဲဒါ ပါနေမယ်ဆိုရင် 
ဖြစ်လေရာဘဝမှာ 
ဒါနပြုထားသည့်အတွက်ကြောင့် 
ဒါနကောင်းမှုရဲ့ အကျိုးပေးကို 
သူ ရမယ်။ 

ဒါပေမယ်လို့ 
ဒါနကြောင့်ရထားတဲ့ 
အကျိုးရလဒ်တွေကို 
သူက အလွန်တရာမှ 
တွယ်တာ မက်မောလိမ့်မယ်တဲ့။

ကုသိုလ်လုပ်တုန်းက 
လောဘအစေး ခြံရံပြီး 
လုပ်ထားတဲ့အတွက်ကြောင့် 
ကုသိုလ်ရဲ့ အကျိုးကို 
ရပြီဆိုတော့လည်းပဲ 
ဒီ လောဘ အစေးဓာတ်ကြီးက
တွယ်တာနေတယ်၊ ကပ်ငြိနေတယ်။ 

သူတော်ကောင်း တရားနှင့် 
တွေ့တယ်ဆိုရင်တောင်မှ 
သူ အဲဒါကို မစွန့်ခွာနိုင်ဘူး။ 
အဲဒီမှာပဲ ငြိနေတယ်၊ ကပ်နေတယ်။

ငြိကပ်တွယ်တာနေတယ်ဆိုရင် 
ဒုက္ခဖြစ်တော့တာပဲလေ။ 

ပရိသတ်အပေါင်း 
သူတော်ကောင်းတို့ 
ပစ္စည်းတွေ ပေါးသော်လည်းပဲ 
အဲဒီ ပေါများနေတဲ့ ပစ္စည်းတွေရဲ့ 
အပေါ်မှာ ငြိကပ်တွယ်တာမှု မရှိဘူးဆိုရင် 
မကောင်းဘူးလား၊ ကောင်းတယ်နော်။ 

ငြိကပ်တွယ်တာနေမယ်ဆိုရင်တော့ 
နှမြောမှုတွေ၊ ဝန်တိုမှုတွေ၊ ငြိမှုတွေ၊ 
တွယ်မှုတွေနှင့် ဒုက္ခရောက်ရတယ်။ 

သူတော်ကောင်းတရားနှင့် 
တွေ့တဲ့အခါမှာ အဲဒီ လုပ်ငန်းကိစ္စတွေ၊ 
အဲဒီ အရာတွေရဲ့အပေါ်မှာ 
မစွန့်နိုင်ဘူး၊ မလွှတ်နိုင်ဘူး။

အရှင်ဥတ္တမ(သစ္စာရွှေစည်)

နှစ်သစ်အတွက် တရားစကားလက်ဆောင်

နှစ်သစ်အတွက် စကားလက်ဆောင်၊ တရားလက်ဆောင်
~~~~~~~~~~~~~~~~~~~~~~~~~~~~
#အချိန်က ကုန်သွားတာ မဟုတ်ဘူး။ အချိန်က ကိုယ့်ကို စားသွားတာပါ။ တစ်နှစ်ကုန်သွားတော့ တစ်နှစ်စားခြင်းကို ခံလိုက်ရတယ်ပေါ့။ နေဖို့ တစ်နှစ်နည်းသွားပြီ။ သေဖို့တစ်နှစ်နီးသွားပြီပေါ့။ 

#ဘဝမှာ ဘာမှပုံသေတွက် မထားနဲ့။ 
ဘယ်သူ့ကိုမှလည်း အပြည့်အဝ မယုံမိစေနဲ့။

#ပြောင်းလဲခြင်း နိယာမကို သေချာစွာလက်ခံပါ။
ကိုယ့်စိတ်လည်း ပြောင်းတတ်တယ်၊ သူ့စိတ်လည်း ပြောင်းတတ်တယ်။ သူပြောင်းတိုင်း ကိုယ်မစောင်းစေနဲ့။

#ဘဝရဲ့ လောကဓံအလှည့်အပြောင်းကို မမေ့ပါနဲ့။ လောကဓံအကောင်းအဆိုးဆိုတာ ကံကြမ္မာရဲ့ အလှဲ့အပြောင်းပါပဲ။ ကောင်းနေရင် သတိထား၊ ဆိုးနေရင် ကုသိုလ်ပွား၊ ဗျာမများစေနဲ့။

#စိတ်တိုင်းမကျတာလည်း ကြုံရမယ်။ စိတ်ရိုင်းမရဖို့တော့ ကိုယ်ကသတိပြုရမယ်။ စိတ်ရိုင်းဝင်တဲ့အခါ သတိမပျောက်ပါစေနဲ့။

#အခက်အခဲကြုံရင် ကုသိုလ်ကို ပိုလုပ်ပါ။ ဘုရားရှေ့ကိုရောက်အောင်သွားပါ။ နှလုံးသားမှာ ဘုရားတည်ပါ။ ကုသိုလ်စွမ်းအားကို မမေ့ပါနဲ့။ အားကိုးရာအစစ်က ကုသိုလ်ပဲ ရှိတယ်။ 

#အပ္ပမာဒေန သမ္ပာဒေထ- သတိလက်လွတ် မဖြစ်ပါစေနဲ့။ 

#မနာပ_ဒါယီ_ကိုရီးယားဆရာတော်_အရှင်ဝိစိတ္တ