စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, January 12, 2023

အလှူသုံးမျိုးအကျိုးပေးပုံ

အလှူသုံးမျိုး အကျိုးပေးပုံ
=================
အရှင်ဘုရား၊ ဆရာကြီး မင်းယုဝေမှတဆင့် ဦးအုန်းမြင့် မေးမြန်းသည်မှာ-
(က) စေတီဘုရား တည်ဆောက်လှူဒါန်းသည့်ကုသိုလ်။
(ခ) ကျောင်း၊ သိမ်၊ ဇရပ် စသည်ကို တည်ဆောက်လှူဒါန်းသည့်ကုသိုလ်။
(ဂ) ရှင်ပြု ရဟန်းခံ၍ လှူဒါန်းသည့်ကုသိုလ်များလည်း အကျိုးပေးပုံ မည်သို့ထူးခြားသည်ကို ရှင်းလင်းပေးတော်မူ ပါရန် တဆင့် မေးမြန်းထားပါသည်။
(ကိုအုန်းမြင့်-ရွှေကူမြို့၊ ကချင်ပြည်နယ်)

(ဖြေ)
ဤမေးခွန်း၏အဖြေမှာ ကျယ်ပြန့်လှပါသည်။ အကျဉ်းချုပ်၍သာ ဖြေပါမည်။
(က) စေတီဘုရားတည်မှုနှင့် ပတ်သက်၍ အင်္ဂတေများ၊ အုတ်များ၊ ရွှေသင်္ကန်းများကပ်၍ (ရွှေချ၍) အမြဲအစွဲ တည်ထားပူဇော်ကြသော စေတီများကို မဆိုထားဘိ-
သဲပုံစေတီတည်၍ ပူဇော်ရသော အကျိုးသည်ပင် အလွန်ကြီးမားလှပါသည်။ ဝိပဿီမြတ်စွာဘုရား ပရိနိဗ္ဗာန် စံသွား၍ မမီလိုက်သော ဟိမ၀န္တာရသေ့တပါးသည် ချောင်းရိုးထဲတွင် သဲပုံစေတီတည်၍ ဘုရားအုတ်၊ ဓာတ်တော် ဌာပနာထားသော စေတီအမှတ်ဖြင့် တောပန်း၊ တောင်ပန်းတို့ဖြင့် အမြဲပူဇော်လေ၏။ ထိုကောင်းမှုကြောင့် လူ့ပြည်၊ နတ်ပြည် အစုန်အဆန် စည်းစိမ်ခံစား၍ သိကြားမင်း၊ စကြာမင်းအဖြစ် အကြိမ်များစွာဖြစ်ပြီး ဂေါတမဘုရားရှင်လက်ထက်၌ အဘိညာဏ် ၆-ပါးနှင့် ပြည့်စုံသော ရဟန္တာဖြစ်ရလေ၏။
(အပါဒါန်၊ ဋ္ဌ-ဒု-၈၇)

ထို့ပြင် ဝိပဿီဘုရားလက်ထက်မှာပင် ဟိမ၀န္တာ ကုက္ကုရတောင်အနီး ရသေ့ကျောင်း၌ နေထိုင်သော တပည့်ငါးထောင်တို့၏ ဆရာရသေ့ကြီးသည် ရောဂါကြောင့် ဘုရားထံ မသွားနိုင်သဖြင့် ဂုဏ်တော်ကို ကြည်ညို၍ ပန်းစေတီပြုကာ ဝိပဿီဘုရားအား ရည်မှန်း၍ ပူဇော်လှူဒါန်းလေ၏။ ထိုကောင်းမှုကြောင့် ဗြဟ္မာ့ပြည်၌ ဖြစ်ရပြီး ဂေါတမဘုရားလက်ထက်၌ ပုပ္ဖထူပိယထေရ် (ပန်းစေတီတည်ထားပူဇော်သော မထေရ်) ဟု ကျော်ကြားသော ရဟန္တာဖြစ်လေသည်။

သဲပုံစေတီ၊ ပန်းစေတီများပင် ဤမျှ အကျိုးကြီးလျှင် ထူးကဲစွာ ပူဇော်နိုင်သမျှ ထူးကဲစွာ အကျိုးပေးမည်သာ ဖြစ်ပါသည်။

(ခ) ကျောင်း၊ သိမ်၊ ဇရပ် လှူရခြင်းအကျိုးများ
မင်းကွန်းတိပိဋက ဆရာတော်ကြီး ရေးသားသော အပါဒါန်လာ ကျောင်းလှူရခြင်းအကျိုးများ-
သုံးတန်စေတနာ၊ ညီညွတ်စွာဖြင့်၊ မဟာသာသနိက၊ ဝိဟာရကျောင်း၊ တန်ဆောင်းအလှူ၊ ဆောက်လှူသူတို့၊ ကြီးထူကဲဝှန်၊ ကျိုးရ ဟန်ကို၊ ကျမ်းဂန်ထောက်ချင့်၊ နိဒါန်းဖွင့်သော်-

၁) နတ်နှင့်လူ၀ယ်၊ သန္ဓေတွယ်၍၊

(၂) လိုဖွယ်မတ၊ ဆောက်အုံရ၏၊

(၃) မထကြက်သီး၊ ကိုယ်လည်းမလှုပ်၊ ကြောက်ရုပ်မထင်၊ ထိတ်လန့်စင်၏၊

(၄) ခြင်္သေ့သစ်ကျား၊ သားရဲများနှင့်၊ ဖမ်းစားကလူ၊ နှိပ်စက်မူသား၊ တောသူဘုတ်ပြိတ်၊ အဆိပ်ထန်ပြင်း၊ မြွေနှင့်ကင်းက၊ အဆင်းဖောက်ပြန်၊ ကုမ္ဘာန်ရက္ခိုသ်၊ နတ်မိုက်ရန်ပေါင်း၊ ဘေးလွတ်ရှောင်း၏၊

(၅) မကောင်းအိပ်မက်၊ မမြင်မက်ဘူး၊

(၆) ထင်လျက်သတိ၊ ခိုင်မြဲဘိ၍၊ ဝိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း၊ ရူးသွပ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း၊ ကျိုးဆက်ကောင်း၏၊

(၇) နောက်နှောင်းဘ၀၊ ပစ္ဆိမ၀ယ်၊ ဂုဏကဲပို၊ အရဟတ္တဖိုလ်ဟု၊ ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည်၊ ဆောက်ဦးလှူကျိုး ခုနစ်တည်း။

တဖန် ကျောင်းလှူကျိုး ၈-ပါး
ရွှေဘုံပေါ်ပေါက်၊ ထိတ်ကြောက်လန့်ကင်း၊ ဘေးရန်ရှင်းပျောက်၊ မခြောက်ယက္ခ၊ ပါပမမက်၊ ဘ၀ဆက်သိ၊ မြဲသတိသည်၊ မှတ်ဘိကျောင်းလှူရှစ်မျိုးတည်း။

(ဂ) ရဟန်းခံ ရှင်ပြုအကျိုးများမှာ-
အထူးသဖြင့် သပိတ်၊ သင်္ကန်း စသော ပရိက္ခရာများကို လှူဒါန်းသဖြင့်
ရွှေသို့အဆင်း၊ ညစ်ကြေးကင်း၍၊ ရောင်၀င်းထိန်ပ၊ နူးညံ့လှ၏၊ မကသိန်းဖိုး၊ ပုဆို ရလေ၊ ညို,ရွှေ,ဖြူ,နီ၊ ဤရှစ်လီနှင့်၊ ကြီးလင့်ကံအား၊ ယောက်ျားဖြစ်ဘိ၊ ဧဟိဘိက္ခု၊ သဗ္ဗညုတ၊ ခေါ်ပြုမြွက်ဟ၊ မိန်းမဘ၀၊ လက်ခတသိန်း၊ တွက်ကိန်းတန်ဖိုး၊ ကိုးကုဋေမျှ၊ လေးလအချိန်၊ ပန်းတိမ်ငါးရာ၊ မှန်စွာလုပ်ရ၊ မဟာလတာ၊ ခေါ်တန်ဆာကို၊ ၀တ်ကာဆင်မြန်း၊ မြတ်ရွှေကျမ်း၀ယ်၊ ဤတဆယ်၊ မှတ်ဖွယ် သင်္ကန်းလှူကျိုးတည်း။
(အပါဒါန်နှင့် ဓမ္မပဒ)

အဘိဓမ္မာအဋ္ဌကထာ၌ အဘိဓမ္မာ၊ ကျမ်းအလာကား၊ ကောင်းစွာအဆင်း၊ ကောင်းခြင်းအသံ၊ တတန်အနံ့၊ မွှေးပျံ့လှိုင်စွာ၊ ရသာဘောဂ၊ သုံးဆောင်ရလျက်၊ ဖဿကိုယ်မှာ၊ နူးညံ့စွာနှင့်၊ ပမာဂွမ်းလား၊ ကင်းငြားအနာ၊ ချမ်းသာသုခ၊ ဤခြောက်၀ကို၊ နိစ္စမလွဲ၊ စံရမြဲ။

သပိတ်လှူရကျိုး-
ရွှေငွေပတ္တမြား၊ သုံးပါးခွက်ရ၊ ဘယကင်းလေ၊ သူရိုသေ၏။ များထွေလောဘ၊ ဘောဂမပျက်၊ စိတ်လက်တည်ကြည်၊ လိုသည်တရား၊ ခေါင်းပါးကိလေ၊ ဤဆယ်ထွေသည်၊ ပတ္တေသပိတ် လှူကျိုးတည်း။

ရှင်ပြုရဟန်းခံပွဲ၌ ဆွမ်းအာဟာရ လှူဖွယ်အမျိုးမျိုးတို့အတွက်လည်း သီးသန့်အကျိုးများစွာ ရှိပါသေး၏။ နောက်ဆုံး နိဗ္ဗာန်တိုင်ထိ အကျိုးများစွာ ရနိုင်ပေ၏။

ဓမ္မရံသီမှတဆင့်

No comments:

Post a Comment