စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, January 23, 2023

နတ်တွေ ပြောတဲ့ သူတော်ကောင်း

"နတ်တွေ ပြောတဲ့ သူတော်ကောင်း"
**************************
🙏🌷🙏🌷🙏🌷🙏🌷🙏🌷🙏🌷🙏

သူတော်ကောင်းဆိုတဲ့ အဓိပ္ပါယ် ကို 
တာဝတိံသာနတ်တွေက 
ဖွင့်ဆို သတ်မှတ်ကြတာ ရှိတယ် ။ 
နတ်တွေ သတ်မှတ်တဲ့  
အရည်အသွေးဟာ မှတ်သားစရာ ကောင်းတယ် ။

သူတို့က 
အရည်အသွေး ( ၇) ရပ်ကို 
ထုတ်ဖော် သတ်မှတ် ပြထားတာ ၊ 
ဒီအရည်အသွေး ( ၇ ) ရပ်ကို 
ပြဋ္ဌာန်းပြောဆိုတာလည်း 
နတ်တို့ရဲ့ဘုရင် သိကြားမင်း ကိုယ်တိုင် 
လူ့ ဘဝတုန်းက ကျင့်သုံးခဲ့တဲ့ 
ကျင့်ဝတ်တွေကို ရည်ညွှန်းတာပါ ။  

အဲဒါ ဘာလဲ ဆိုရင် -
( ၁ ) 
လူ့ဘဝ ရောက်လာတဲ့အခါ 
လူတွေရဲ့ ပထမဆုံးကျေးဇူး 
အရှိဆုံး ပုဂ္ဂိုလ်ဟာ အမေနဲ့ အဖေ ပဲ ။ 
အဲဒီ ကျေးဇူးအရှိဆုံး ပုဂ္ဂိုလ်တွေကို 
ကျေးဇူးဆပ်တတ်လို့ ရှိရင် ဒါ သူတော်ကောင်း ပဲ ။

အသက်ထက်ဆုံး မိဘနှစ်ပါးကို 
လေးလေးစားစား ပြုစုစောင့်ရှောက် တတ်တဲ့ 
သားသမီးကို သူတော်ကောင်း လို့ 
တာဝတိံ သာ နတ်တွေက သတ်မှတ်တယ် ။

------------------

( ၂ ) ကိုယ့် အမျိုးထဲက 
ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို 
လေးစားတာလည်း သူတော်ကောင်း ပါပဲ ။

အဖေ့ဘက်က တော်တဲ့ အမျိုး
အမေ့ဘက်က တော်တဲ့ အမျိုး
မိသားစုထဲက 
ကိုယ့်ထက် အသက်ကြီးတဲ့ အကို , အမတွေ
ကိုယ့်အမျိုးထဲက ရိုသေလေးစားထိုက်တဲ့ 
ပုဂ္ဂိုလ်တွေကို လေးစားတာလည်း သူတော်ကောင်း ပါပဲ ။

-----------------------

( ၃ ) နောက်တစ်ခုက - 

စကားပြောတဲ့အခါ ယဉ်ယဉ်ကျေးကျေး 
သိမ်သိမ်မွေ့မွေ့ ပြောတတ်တဲ့ 
ပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်း ပါပဲ ။

ကိုယ်ပြောလိုက်တဲ့ စကားတစ်ခုဟာ 
- အပြစ်မပါဘူး ။ 
အပြစ် ကင်းရမယ် ။
- ကြားလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့နားမှာ ချမ်းသာရမယ် ။ 
  နားချမ်းသာတယ် ဆိုတာ - 
စိတ်ချမ်းသာမှုကို ဖြစ်စေတယ် ။
- ဒီစကားကို လူတိုင်း နှစ်မြို့တယ် ။
  ချွဲ ချွဲ ပျစ်ပျစ် ပြောတာမျိုး မဟုတ်ဘူး တဲ့ ။
- သူပြောတဲ့ စကားလေးက တန်ဖိုး ရှိလိုက်တာ ။
   တစ်ဖက်သား စိတ်ချမ်းသာစရာ ဖြစ်တယ် ။

အဲဒီ စကားမျိုး ပြောလို့ ရှိရင် 
ဖရုသဝါစာ - ကြမ်းတမ်း ကင်းတဲ့ 
အတွက် ကြောင့် သိမ်မွေ့တယ် ။ 

အဲလိုပုဂ္ဂိုလ်မျိုးကိုလည်း တာဝတိံ သာ နတ်တွေက သူတော်ကောင်းတို့ သတ်မှတ်တယ် ။

--------------------------------

( ၄ ) နောက်တစ်ခုက -
လူနှစ်ယောက် ဆုံ လို့ ရှိရင် 
နောက်တစ်ယောက် အကြောင်းကို ပြောမိတတ်ကြတယ် ။
အကောင်းပြောတာထက် 
အဆိုးပြောတာ ပိုများတတ်တယ် ။
ဒါ လူ့သဘာဝကို ပြောတာ ။ 
အတင်းအဖျင်း ပြောတယ် ခေါ်တာပေါ့ ။

နှစ်ယောက်က ကျန်သူတစ်ယောက်ရဲ့ 
အတင်းတွေ ပြောပြီးတော့ 
တစ်ယောက်က သွားစရာရှိလို့ ထသွားရင် 
ကျန်ရစ်တဲ့ တစ်ယောက်က 
ဘာလုပ်တုန်း ဆိုရင် မေးငေါ့လိုက်တယ် ။

သူလည်း အတူတူ ပါပဲတဲ့ ။ 
အဲဒီတော့ လူတွေရဲ့ အကျင့်ဟာ 
အတင်းအဖျင်းပြောတာ ,ကုန်းတိုက်တာ 
တစ်ယောက်နဲ့ တစ်ယောက် မတည့်အောင် လုပ်ချင်တာ 
အဲဒီ စိတ်ဓါတ်တွေ ကင်းပြီး ဆိုရင် သူတော်ကောင်း တဲ့ ။

------------------------

( ၅ ) မစ္ဆရိယ တရားကို ဖယ်ရှားနိုင်တဲ့ ပုဂ္ဂိုလ် ၊

မစၧရိယ ဆိုတာ -
ကိုယ်ရတဲ့ အခွင့်အရေးတစ်ခု သူများကို မရစေချင်တာ ။
ကိုယ်အောင်မြင်ကြီးပွားသလို 
သူများကို မကြီးပွားစေချင်တာ ။
လူတစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးကို 
ချီးမွမ်းတဲ့အခါ ထိန်ချိန်ထားတာ ။
ဒါလည်း မစ္ဆရိယပဲ ။

မစ္ဆရိယ ( ၅ ) မျိုး ရှိတယ် ။

အာဝါသမစ္ဆရိယ - အဆောက်အဦ 
နေရာထိုင်ခင်းနဲ့ ပတ်သက်ပြီး ဝန်တိုတာ ။

ကုလမစၧရိယ - 
အပေါင်းအသင်းနဲ့ ပတ်သက်ပြီး ဝန်တိုတာ ။

လာဘမစၧရိယ - 
ကိုယ်ရတဲ့ လာဘ်လာဘနဲ့ ပတ်သက်ပြီး ဝန်တိုတာ။

ဝဏ္ဏ မစ္ဆရိယ - ဂုဏ်ကျေးဇူး , 
ချီးမွမ်းခံရတဲ့ စကားတို့နဲ့ ပတ်သက်ပြီး ဝန်တိုတာ ။

ဓမ္မ မစ္ဆရိယ - တရားဓမ္မ နဲ့ ပတ်သက်ပြီး ဝန်တိုတာ ။

အဲဒီ မစ္ဆရိယ တရား ဖယ်ရှားလို့ရှိရင် 
ဘာသာတရား ထွန်းကားတုန်း ဆိုတော့ 
" စာဂ - စွန့်ကြဲမှု , စွန့်လွှတ်မှု " တဲ့ ။
ကိုယ်ရလာတဲ့ အခွင့်အရေးတစ်ခုကို 
အားလုံးနဲ့ ရှယ်ယာ လုပ်ပြီးတော့ 
မျှမျှတတ လူ့လောကမှာ အသုံးပြုတတ်တယ် ။

ဒါကြောင့် တာဝတိံသာနတ်တွေက 
မစ္ဆရိယ ဆိုတဲ့ စိတ်အညစ်အကြေး ကို 
ဖယ်ရှားပစ်နိုင် ပြီး မစ္ဆရိယ ကင်းတဲ့ ပုဂ္ဂိုလ် ဆိုရင် သူတော်ကောင်း လို့ သတ်မှတ်တယ် ။

-------------------------

( ၆ ) နောက်တစ်ခုက ဘာတုန်းဆိုရင်

လောကလူတွေက စကားပြောလို့ရှိရင် 
အမှန်တရားကို တိတိကျကျ ပြောဖို့ရာ 
ဝန်လေးနေသလို ဖြစ်တယ် ။ 
" မုသားမပါ လင်္ကာမချော " တဲ့ ။
 ချောအောင် အပိုလေး အဆစ်လေး 
မဟုတ်တာလေး ဖြည့်စွက် ပြောတတ်တယ် ။

အဲဒီလို မမှန်မကန်တာ လုံးဝ မထည့်ဘဲ 
မှန်တဲ့အတိုင်း ပြောလို့ရှိရင်
သစ္စာ လို့ ခေါ်တယ် ။

မှန်တဲ့ သစ္စာစကားဟာ 
အလွန်တန်ဖိုးရှိပြီး အလွန် တန်ခိုးကြီးတယ်။
လူတိုင်းလူတိုင်း ဝစီသစ္စာလို့ ခေါ်တဲ့ 
မှန်တဲ့စကားကို အသုံးချပြီး ကိုယ်လိုချင်တာ 
တစ်ခု ပြောမယ်ဆိုရင် 
ဒီသစ္စာ ရဲ့ အစွမ်းသတ္တိတွေ ရှိတယ် လို့ ဆိုတယ် ။

အဲဒီလို မှန်မှန်ကန်ကန် , မှန်တဲ့စကားကို ပြောရဲတဲ့ ပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်း ပဲ တဲ့ ။

---------------------

( ၇ ) နောက်ဆုံးတစ်ခုက - အမျက်ဒေါသကို ထိန်းသိမ်းဖယ်ရှားနိုင်တဲ့ ပုဂ္ဂိုလ် ၊

လောကမှာ စိတ်ဆိုးလို့ 
ပြဿနာတက်တာ အများကြီးပဲလေ ။

ဒေါသက တော်တော်များများ 
လောကကို ဒုက္ခပေးနေတယ် ။
ကံကြီးတွေ ထိုက်အောင် လုပ်တာ ကြည့်လေ ။
- အမိသတ်ကံ , 
- အဖသတ်ကံ , 
- ရဟန္တာသတ်ကံ , 
-ဘုရား သွေးစိမ်း တည်အောင် လုပ်တဲ့ ကံ 
ဒါတွေက ဒေါသ အခြေခံပြီးတော့ ဖြစ်တာ ။

အဲဒီ ဒေါသကို မထိန်းနိုင်ဘူး ။ 
မဖယ်ရှားနိုင်ဘူး ဆိုလို့ ရှိရင် 
လောကကြီးမှာ ပြဿနာတွေ 
အများကြီး တက်တယ် ။

ဒါကြောင့်မို့လို့ 
ကိုယ့်ဒေါသကို ကိုယ်ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်ဟာ 
လူတော် လူကောင်း တစ်ယောက်ပဲ ။ သူတော်ကောင်းပဲ ။

ဒါဟာ တာဝတိံသာနတ်တွေက 
သူတော်ကောင်းလို့ သတ်မှတ်ရတဲ့ စံတွေပဲ ။

ပါမောက္ခချုပ် ဆရာတော် 
ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသ
( သူတောင်းကောင်းတိုရဲ့ 
စိတ်နေစိတ်ထား ၊ စာ ၅- ၂၂ )

Credit..

No comments:

Post a Comment