စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, January 23, 2023

ချက်ချင်း လက်ငင်း ဘာကြောင့် အကျိုးမပေးတာလဲ-?

ချက်ချင်း လက်ငင်း 
ဘာကြောင့် အကျိုးမပေးတာလဲ-?
*************************

တစ်နေ့မှာပေါ့...
ဒကာကြီးတစ်ယောက် ကျောင်းသို့
ရောက်လာပြီး
ဒီလိုလေး လျှောက်ထားပါတယ်။

မေး။ ။
အရှင်ဘုရား  
ဘုရားရှင်ခေတ်က ရဟန်းသံဃာတွေကို 
ဘာပဲ လှူလှူ
ချက်ချင်း လက်ငင်း အကျိုးပေးတယ် ဆိုတာ  
ဇာတ် နိပါတ်တွေမှာ ဖတ်ရလို့
သိရတယ်ဘုရား    

ခုခေတ် ရဟန်းတွေကို  
ဘယ်လောက်လှူလှူ ဘာမှ ဖြစ်မလာတာဟာ
ဘာကွာသလဲ ဘုရား-?

ဒါမှ မဟုတ်  
သီလ ရှိခြင်း မရှိခြင်း ကွာလို့များ
အကျိုးပေးတွေ
ကွာသွားတာလားဘုရား-?

#ဒကာကြီးရဲ့ အမေးကို
ပြန်မဖြေဘဲ
ဒကာကြီးကိုပဲ ပြန်မေးလိုက်ပါတယ်။

ဒကာကြီး
ဒကာကြီး ကိုယ်တိုင်က   
သံဃာတွေရဲ့ သီလအပေါ်မှာ   
သံသယ ရှိနေတယ် မဟုတ်လား-?

အဲဒီလို ပြောရမှာပါပဲဘုရား တဲ့။

#ဟုတ်ပါပြီ
ဒါဟာ ဒကာကြီးရဲ့ အတွေး  
ဒကာကြီးရဲ့ အမြင်  
လွတ်လပ်စွာ တွေးခွင့် မြင်ခွင့် ရှိပါတယ်။
ဘုန်းကြီး အပြစ်မဆိုပါဘူး။

ဒါနဲ့ ဒကာကြီးကို မေးပါဦးမယ်
ဒကာကြီးရော လှူဖူးလား ?      

အရှင်ဘုရား လှူဘူးတာပေါ့ ဘုရား...
သားတွေလဲ ရှင်ပြု
ဝါဆိုသင်္ကန်း 
ကထိန်သင်္ကန်း အများကြီးပဲ။

ဒါပေမဲ့
ဘာမှ အကျိုးပေးမလာဘူး  
ကုန်သွားတာပဲ အဖတ်တင်တယ် ဘုရား။

#ဟုတ်ပြီ
ဒကာကြီးကို ဆက်မေးပါဦးမယ်။

ဒကာကြီးအနေနဲ့ အလှူပေးတဲ့နေရာမှာ   
ချက်ချင်းလက်ငင်း 
ပြန်ရချင်တယ်ဆိုတဲ့ အတွေးနဲ့  
လှူနေတာပေါ့-?

လိုချင်တာပေါ့ဘုရား...

#ဟုတ်ပါပြီ
ဒကာကြီးမှာ သားတွေ သမီးတွေ ရှိလား-?

ရှိတာပေါ့  ဘုရား။

#ဒကာကြီးအနေနဲ့
သား သမီးတွေကို ကျွေးမွေး ပြုစု
စောင့်ရှောက်ပြီး 
စာတွေ သင်ပေးနေတာဟာ
ဘယ်လိုရည်ရွယ်ချက်တွေနဲ့
လုပ်ပေးနေတာလဲ ဒကာကြီး-?

ဒါတော့ 
တပည့်တော်တို့ အိုလာတဲ့ အခါ   
သူတို့ရဲ့ 
ကျေးဇူး သိတတ်မှုကို လိုချင်လို့ပေါ့
ဘုရား။

#အင်း
ဒကာကြီးက အင်မတန် ရိုးသားတယ်
ဘုန်းဘုန်းကြိုက်သွားပြီ  ဒကာကြီးရေ...
တချို့မိဘတွေက 
အဲဒီလို မဖြေဘူးဗျ။
ဘာမျှော်လင့်ချက်မှ မထားပါဘူးလို့   
ပြောတတ်ကြတယ်လေ။

ဟုတ်ပါပြီ
ထပ်မေးပါဦးမယ်  
ဒကာကြီးတို့ လူသားလောကကို 
ကြည့်လိုက်ပါ။

ကိုယ်ကျွေးမွေးခဲ့တဲ့ သား သမီးတိုင်းဟာ  
ကိုယ်မျှော်လင့်သလို ဖြစ်တတ်သလား-?

အဲဒါတော့ သိပ်မရှိဘူးဘုရား။
ကိုယ်ကသာ ကြည့်ရတာ  
သူတို့က ပြန်ကြည့်တာ နည်းတယ်ဘုရား။

#ဒါဟာ သား သမီးတွေ အပြစ်လား-?
မိဘတွေ အပြစ်လား-?

သေချာ စဉ်းစားဖြေနော် ဒကာကြီး...

မှန်ပါ  
သား သမီးတွေက မသိတတ်တော့
သူတို့ အပြစ်ပေါ့ဘုရား။

#မှားနေတယ် ဒကာကြီး

မိဘ မေ တ်တာ ဆိုတာ  
သား သမီး အပေါ်မှာ  
ဘာမျှော်လင့်ချက်မှ မထားမှ 
မိဘ မေ တ္တာ အစစ်။

သား သမီးတွေ ကြီးပွားချမ်းသာနေတာ
တိုးတက်နေတာကို ကြည့်ပြီး 
ပီတိနဲ့ အားရှိတတ်ရမယ်လေ။

ဒကာကြီးက 
အစထဲက ယဉ်သကို ဆိုတာလို

မျှော်လင့်ချက်နဲ့ ပေး‌ကျွေးခဲ့တာမို့
ဒကာကြီးတို့ မေတ္တာဟာ မသန့်ရှင်းဘူး။

အရောင်တွေ ပါနေတာမို့  
ကိုယ်ဖြစ်ချင်သလို မဖြစ်တဲ့အခါ  
မသိတတ်ရ ကောင်းလားဆိုပြီး
မေတ္တာတွေ ပျက်လာကြတယ်  
မခံချိ မခံသာတွေဖြစ်လာတယ်။

ဒါတွေဟာ  
ကိုယ့်မေတ္တာ မစင်ကြယ်ခဲ့လို့  
သား သမီးက 
ပြန် မသိတတ်တာပါ။

ခုအလှူပေးတဲ့ နေရာမှာလဲ
မပြတ်မသားနဲ့ 
ချမ်းသာချင်တဲ့ လောဘကို  
အခြေခံ လှူတာမို့ 
အကျိုးပေး မသန်တာကော  
မဖြစ်နိုင်ဘူးလား?

အလှူပေးတယ်ဆိုတာ...
မိမိအတွက်  ငဲ့ကွက်ခြင်း မရှိရဘူး  
ဒကာကြီးရဲ့။

ဒကာကြီး ဖတ်ဖူး 
နာဖူးတဲ့ ဇာတ်နိပါတ်တော်ထဲက
အလှူရှင်တွေဟာ    
ချမ်းသာတဲ့  သူဌေးတွေကလဲ 
ငဲ့ကွက်တာ မရှိသလို  
ဆင်းရဲသူ ဆင်းရဲသားတွေကလဲ  
ငဲ့ကွက်ခြင်း မရှိကြဘူး ဒကာကြီး။

#ဥပမာ ဆိုပါတော့...
သုမေဓာ  သူဌေးသား လှူတာ  
သူ့အတွက် ဘာချန်ထားသလဲ?

ဝေဿန္တရာမင်း ဘာတွေချန်ထားလဲ?  
ဘာမှ မချန် အကုန်လှူတာလေ...

နက်ဖြန် ခွက်ဆွဲ တောင်းစားရရင် 
စားရပါစေဆိုတဲ့ စိတ်နဲ့ လှူတာ။

ဒကာကြီးလှူတာက စဉ်းစားကြည့်   
လမ်းဘေး အလှူခံ ဆိုပါစို့။

ကိုယ့်အိတ်ကပ်ထဲမှာ...
တစ်သောင်းတန်ရယ်
ငါးထောင်တန်ရယ်  
ထောင်တန်ရယ်  
နောက်ပြီး ၁၀၀ တန် အနုတ်အနွမ်းလေး
တစ်ရွက်ရယ် ပါတယ်
အလှူခံကလည်း ကြုံနေပြီ။

ဒကာကြီး 
ဘယ်အရွက်ကို ဆွဲထုပ် လှူတတ်သလဲ-?

ဒါတော့ဘုရား...

#အင်း...
မဖြေနိုင်ရင် မဖြေပါနဲ့ ဒကာကြီး။

ဒကာကြီး တစ်ယောက်တည်း 
ဒီလိုမဟုတ်လို့
ရှက်စရာ မရှိပါဘူး။
လူအများစုက  ဒီအတိုင်းပါပဲ။

အလှူတော့ ပေးတယ် 
စိတ်က မထားတတ်သလို    
မျှော်လင့်ခြင်းတွေနဲ့ လုပ်နေတာမို့ 
ထင်သလောက် အကျိုးမရောက်တာပါ။

ဒါပေမဲ့...
ဒီကုသိုလ်အကျိုးကတော့ 
အလကား ဖြစ်မသွားပါဘူး။
တစ်ချိန်မှာ အကျိုးပြန်ပေးမယ်ဆိုတာ 
ယုံကြည်ပါ ဒကာကြီး။

သံဃာတွေကို လှူတဲ့ အခါမှာလည်း
ထိုနည်းအတူပါပဲ။

အားနည်းချက်တွေ 
အများကြီး ရှိတာကို သိရမှာပါ။

#ဥပမာ ဆိုပါစို့...
အိမ်မှာ ဆွမ်းခံကြွနေတဲ့ ရဟန်းတစ်ပါးနှင့်   
ကိုယ်မွေးထားတဲ့ သား သမီး
နှစ်ဦး ယှဉ်လာတဲ့ အခါ
ဘယ်သူ့အပေါ်မှာ ကိုယ့်ရဲ့သဒ္ဓါ ပိုသလဲ-?
စဉ်းစားကြည့်ပါ။

သား သမီး တစ်ယောက် အတွက်
မိန်းမ အတွက်  
ခင်ပွန်း အတွက် 
သိန်းပေါင်းများစွာ အကုန်အကျ ခံနိုင်ပေမဲ့
ရဟန်းတစ်ပါး အတွက် 
ဒကာကြီး ဘယ်လောက်ရက်ရောဖူးလဲ-?
သေချာ စဉ်းစားပါ ဒကာကြီး။

ရှေးတုန်းက ပန်းတစ်ပွင့် လှူလို့ 
ချမ်းသာသွားတာ
ဘုရင်ကတော် ဖြစ်သွားတာ 

ဘာမှ တန်ဖိုးမရှိတဲ့ မုန့်လေးတစ်ခု
တစ်ဖဲ့ လှူလို့
ချမ်းသာ သွားတာတွေဟာ  
အလှူခံပုဂ္ဂိုလ်တွေက ရဟန္တာတွေဖြစ်ကြသလို

သူတို့ရဲ့ ပိုင်ဆိုင်မှုကလည်း
ဒီမုန့် ဒီပန်းကလွဲပြီး ဘာမှ မရှိတာမို့ 
ကိုယ်အငတ်ခံပြီး လှူလိုက်တာဖြစ်တဲ့အတွက်  
သူ့အသက် 
သူ့ခန္ဓာအပေါ်မှာ ငဲ့ကွက်ခြင်း မရှိဘူး။

မစားရလို့  
သေရင် သေပါစေ ဆိုတဲ့  စိတ်နဲ့ 
လှူကြတာ ဒကာကြီးရဲ့။

ကဲ...
စိတ်ထား မကွားဘူးလား-?

အဲဒီလို  စိတ်ထားကွာတော့ 
အကျိုးပေးတွေ ကွာသွားတာပေါ့ ဒကာကြီး။

#မှန်ပါ
ဝမ်းသာလိုက်တာဘုရား...

တပည့်တော်ရဲ့ အသိမှားတွေကို 
ပယ်ဖျောက်ပေးလို့ 
ကျေးဇူး ကြီးမားလှပါတယ် ဘုရား...

တပည့်တော်ရဲ့  
မဖြစ်စလောက် ဗဟုသုတလေးနဲ့  
သံဃာတော်တွေ အပေါ်
အထင်သေးခဲ့ပါတယ်ဘုရား တဲ့။

ခုချိန်က စပြီး
တပည့်တော်   
အတွေးမှား အယူမှား အမြင်မှားတွေ 
ပယ်‌ဖျောက်ပြီး
တကယ် စွန့်လွှတ်နိုင်သူဖြစ်အောင်  
ကြိုးစားပါတော့မယ်ဘုရား...

#သာဓု သာဓု သာဓုပါ ဒကာကြီး။

မူရင်း-Credit-လောကသရဖူမှန်ကင်း။

No comments:

Post a Comment