စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, July 16, 2024

ရဟန္တာကိုရင်လေးပေးတဲ့နည်း

" ရဟန္တာကိုရင်လေးပေးတဲ့နည်း "

ရှေးအခါတုန်းက
စာတတ်ပြီး ပရိယတ္တိမာန်တက်နေတဲ့
ပေါဋ္ဌိလဆိုတဲ့ ဆရာတော်ကြီးတစ်ပါးရှိတယ်၊
သူ့တပည့်တွေ တော်တော်များများက
တရားအားထုတ်ပြီး ရဟန္တာဖြစ်နေကြပြီ၊
သူက ဘာမှမဖြစ်ဘူး။

စာတတ်တာများတော့
ဟုန်နေတဲ့သဘောဖြစ်မှာပေါ့လေ၊
အဲဒီတော့ တိုတိုကျဉ်းကျဉ်းနဲ့
ဝိပဿနာ ဘယ်လိုရှုရမယ်ဆိုတာ
သံဃာတွေကိုလျှောက်မေးတယ်။

သံဃာတော်တွေကလည်း
ဆရာတော်ကြီးရဲ့မာန်မာနကြောင့် 
တရားမရနိုင်ဘူးဆိုပြီး
ဘယ်သူကမှတာဝန်မယူပဲနေကြတာ
နောက်ဆုံးမှာ ခုနှစ်နှစ်သားအရွယ်
ရဟန္တာကိုရင်လေးထံရောက်သွားတယ်။

ကိုရင်လေးဆီရောက်သွားတော့
သူ့ရဲ့မာန်မာနတွေကိုချ ပြီး
တရားအားထုတ်ပုံအားထုတ်နည်း
တိုတိုကျဉ်ကျဉ်းပေးပါလို့တောင်းတာပေါ့။

ကိုရင်လေးက ဘာပြောသလဲ၊
အရှင်ဘုရား၊ ဝိပဿနာတရားအလုပ်ကို
အားထုတ်တော့မယ်ဆိုရင်
မိမိသန္တာန်မှာ ဣန္ဒြေ(၆)ပါးဆိုတဲ့
မျက်စိရယ်၊နားရယ်၊နှာခေါင်းရယ်၊
လျှာရယ်၊ကိုယ်ရယ်၊စိတ်ရယ်ရှိတယ်တဲ့။

အဲဒီခြောက်ပါးက အာရုံတွေနဲ့တိုက်တော့
ဝိဉာဏ်ဆိုတဲ့စိတ်တွေ ဖြစ်လာတယ်၊
မျက်စိအကြည်ကနေ မြင်စိတ်ဖြစ်တယ်၊
နားအကြည်ကနေ ကြားစိတ်ဖြစ်တယ်၊
နှာခေါင်းအကြည်ကနေ နံစိတ်ဖြစ်တယ်
စသည်ဖြင့် အားလုံးခြောက်မျိုးပေါ့၊
အဲဒီခြောက်မျိုးကို မိအောင်ဖမ်းပါတဲ့။

မိအောင်ဖမ်းဆိုတာက
အဲဒီနောက်မှာ တဏှာမလိုက်စေနဲ့၊
ဒေါသမဖြစ်စေနဲ့၊ဒါပြောတာမဟုတ်လား၊
မြင်မှန်းသိတာက မြင်စိတ်၊
မြင်စိတ်နောက်မှာ ဖဿ ပစ္စယာ ဝေဒနာ၊
ဝေဒနာနောက်မှာ တဏှာ၊ဒေါသ။

ကြားမှန်းသိတာက ကြားစိတ်၊
ကြားစိတ်နောက်မှာ ဖဿ ပစ္စယာ ဝေဒနာ၊
ဝေဒနာနောက်မှာ တဏှာ၊ဒေါသ၊
စိတ်ခြောက်မျိုးကို မိအောင်ဖမ်းရမှာဆိုရင်
ဒီဘက်ကဖမ်းလိုက်၊ဟိုဖက်ကပေါ်လိုက်၊
လွယ်ပါ့မလား၊မလွယ်ဘူး။

အရှင်ဘုရား မလွယ်ဘူးဆိုရင်
တပည့်တော် နည်းပေးပါ့မယ်တဲ့၊
မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်ဆိုတဲ့
ဒွါရငါးပေါက်ကိုပိတ်ထားပါ၊ပိတ်ထားဆိုတာက 
မကြည့်ပဲနေရမှာလား၊မဟုတ်ပါဘူး၊
နားမထောင်နဲ့ပြောတာလား၊မဟုတ်ဘူးတဲ့။

မြင်စိတ်ပေါ်တယ်၊ခံစားတယ်၊
ခံစားတဲ့ဝေဒနာကတော့ ဖြစ်မှာပဲ၊
အဲဒီဝေဒနာကို အာရုံမပြုနဲ့၊မသာယာနဲ့၊
ဝမ်းသာသည်ဖြစ်စေ၊ဝမ်းနည်းသည်ဖြစ်စေ၊
ကိုယ့်ရဲ့အလုပ် မဟုတ်ဘူး၊
မြင်ပြီ၊ပြီးသွားပြီ၊တော်ပြီ၊ဒါပဲ။

သူ့ကိုသတိလေးနဲ့ထိန်းချုပ်လိုက်ရင်
မျက်စိတံခါးပိတ်လိုက်တာနဲ့ အတူတူပဲ၊
အသံကြားရင်လည်း ဒီအတိုင်းပဲ၊
အဆင်ပြေသည်ဖြစ်စေ၊မပြေသည်ဖြစ်စေ၊
ကြားရင် ကြားတဲ့အတိုင်းပဲ မှတ်လိုက်။

အဲဒီလိုပါပဲ၊
မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်ဆိုတဲ့
ဒွါရငါးပါး၊ဣန္ဒြေငါးပါးက နေ
ဖြစ်လာတဲ့စိတ်တွေကို မကြည့်နဲ့၊
ကြိုက်တာလည်း မကြည့်နဲ့၊
မကြိုက်တာလည်း မကြည်နဲ့၊
သတိလည်း မထားနဲ့တဲ့။

ဥပမာအားဖြင့် ပြောကြပါစို့တဲ့၊
တောင်ပို့တစ်ခုထဲမှာ ဖွတ်တစ်ကောင်ရှိတယ်၊
အဲဒီဖွတ်အဝင်အထွက်လုပ်တဲ့အပေါက်က
ခြောက်ပေါက်ရှိတယ်၊
အဲဒီဖွတ်ကိုဖမ်းချင်တယ်ဆိုရင်
အပေါက်ငါးပေါက်ကိုပိတ်ထားလိုက်၊
ကျန်တစ်ပေါက်ကနေစောင့်ဖမ်းရင်
မမိဘဲနေမလား၊မိတာပေါ့တဲ့။

ဒီဥပမာအတိုင်းပါပဲတဲ့၊
ဘယ်အပေါက်ကနေစောင့်ဖမ်းမလဲ၊
မနောပေါက်ကနေ စောင့်ဖမ်းပါ၊
ကိုယ့်စိတ်ထဲမှာ ဘာတွေဖြစ်ဖြစ်သိလာမယ်၊
သိရင် ဘာလုပ်မလဲ၊သတိလေးကပ်ကြည့်၊
သတိကပ်ကြည့်တော့ သိမယ်၊
စိုက်ကြည့်တော့ သမာဓိဖြစ်မယ်။

အဲဒီကမှ ဖြစ်ပျက်ရှုနိုင်ရင်
ပညာဖြစ်သွားပါပြီ၊
သတိ၊သမာဓိ၊ပညာသုံးမျိုးဖြစ်သွားရင်
ဝိပဿနာပညာဖြစ်လာတာပါပဲတဲ့။

အဲဒီနည်းနဲ့ပဲ ပေါဋ္ဌိလဆရာတော်ကြီးလည်း မဂ်ဖိုလ်ရသွားပါတယ်၊
နန္ဒမင်းသားရဟန်းလည်းမဂ်ဖိုလ်ရသွားတယ်၊ သန္တတိအမတ်ကြီးတို့၊အဂုင်္လိမာလတို့လည်း ဒီနည်းနဲ့ပဲ မဂ်ဖိုလ်ရသွားကြတာဖြစ်လို့
ယောဂီအပေါင်းသူတော်ကောင်းတို့လည်း ကြိုးစားကျင့်ကြံအားထုတ်ကြပါလို့ တိုက်တွန်းရင်းသာဓုခေါ်လိုက်ကြ။

ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ
ထေရဝါဒမိုးကုတ်ဓမ္မရိပ်သာ၊လှည်းကူးမြို့

(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)

No comments:

Post a Comment